လီဗာပူးကို ဒီရာသီမှာ ချန်ပီယံဖြစ်နိုင်ခွင့်အသင်းအဖြစ် သတ်မှတ်ထားခြင်းမရှိကြပါဘူး။ မန်စီးတီး
လား၊ ချယ်လ်ဆီးလား၊ အာဆင်နယ်လားလို့ပဲ ပြောဆိုနေခဲ့ကြတာပါ။ လီဗာပူးဆိုတာ ချန်ပီယံ
လမ်းကြောင်းထဲကို ရောက်မလာခဲ့ပါ ဘူး။
အခုတော့ ပွဲပြီးဖို့ ရှစ်ပွဲအလိုမှာတော့ လီဗာပူးဟာလည်း မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့
နည်းတူ အိပ်မက်ခွင့်ရလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီက တော့ နောက်ဆုံး
မှာ မြင်းလေးကောင်ပြေးတဲ့ပွဲဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ တစ်ရွေ့ရွေ့တက်လာတဲ့ လီဗာပူးဟာ
ပန်းအဝင် လက်တစ်ကမ်းအလိုမှာ ဦးဆောင်သူ ချယ်လ်ဆီးနောက်ကနေ ကပ်လိုက်လို့နေပြီ
ဖြစ်ပါတယ်။
ချယ်လ်ဆီး ၆၆ မှတ်၊ လီဗာပူး တစ်ပွဲလျော့ ၆၂ မှတ်၊ အာဆင်နယ်တစ်ပွဲလျော့ ၆၂ မှတ်၊ မန်စီးတီး
သုံးပွဲလျော့ ၆၀၊ ပြိုင်မြင်းလေးကောင် ရဲ့ နောက်ဆုံးရမှတ်တွေ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့
တဲ့ပွဲမှာ ဒီလေးကောင်ထဲမှာ ထိပ်ဆုံးက ချယ်လ်ဆီးတစ်သင်းပဲ ရှုံးပွဲတွေ့သွားပြီး ကျန်သုံးသင်းက
အမှတ်ပြည့်တွေရသွားခဲ့ကြပါတယ်။ ဒီတော့လည်း ပွဲကကြည့်ကောင်း သွားခဲ့ပါတယ်။ ချယ်လ်ဆီး
ဟာ ၆၆ မှတ် ဆိုပေမယ့် ကျန်တဲ့သုံးသင်းက ပွဲလျော့၊ ပွဲကျန်တွေကစားဖို့ ရှိနေသေးတာ ကြောင့်
မြင်းလေးကောင်ပြေးပွဲရဲ့ ပန်းအဝင်က စိတ်ဝင်စားဖွယ်ရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
မန်ယူကို အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်နဲ့အနိုင်ရ သွားခဲ့တဲ့ လီဗာပူးအတွက်တော့ ၂၄ နှစ်ကြာ
ဝေးကွာခဲ့ရတဲ့ ချန်ပီယံဖြစ်ရေးအိပ်မက်က အသက်ဝင်လာလို့နေပါပြီ။ "မန်ယူနဲ့ ဖြတ်သန်း တဲ့
တစ်လျှောက်မှာ ဒီပွဲကတော့ အဆိုးရွားဆုံး ပွဲတစ်ပွဲပါ'' မန်ယူတိုက်စစ်မှူး ရွန်နေးရဲ့ စကားပဲ
ဖြစ်ပါတယ်။"ကျွန်တော်တို့ဟာ ချန်ပီယံဖြစ်နိုင် တယ်လို့ အားလုံးယုံကြည်လာကြပြီ' လီဗာပူး
ကွင်းလယ်သမားဂျရတ်ရဲ့စကားဖြစ်ပါတယ်။
ဒီကိုလာကစားတိုင်း အခုလို ဂိုးတွေသွင်းခွင့် အရင်ကမရခဲ့ပါဘူး။ ဒီပွဲမကစားခင်မှာ ကျွန်တော်
ပြောခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခက်ခဲခဲ ကစားရမယ့်ပွဲဖြစ်တယ်။ ပွဲတိုင်းကိုတော့ အနိုင်ရစေရမယ်
ဆိုတဲ့ စိတ်နဲ့ကစားကြပါလို့ ပြောခဲ့တာပါ။ အခုတော့ ပျော်စရာအပြည့်နဲ့ပါ။ လာမယ့်အပတ်
ကာဒစ်ဖ်နဲ့ပွဲမှာအမှားအယွင်း မရှိဖို့ လိုအပ်လာပါပြီ"လို့လည်း ဂျရတ်က ပြောဆိုသွားခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်သွားရမှာဖြစ်သလို မန်နေဂျာရဲ့ စွမ်းဆောင်ရည်တွေကို လေးလေး
စားစား အသိအမှတ်ပြုရမှာလည်း ဖြစ်ပါတယ်လို့လည်း ဂျရတ်ကထပ်ဆောင်းပြောဆိုသွားတာ
တွေ့ရ ပါတယ်။ ဂျရတ်ပြောသလိုပါပဲ။ လီဗာပူးမန်နေဂျာ ဘရန်ဒန်ရော်ဂျာရဲ့ အရည်အသွေး
ကတော့ ဒီရာသီမှာ လီဗာပူး ပရိသတ်တွေဟာ ဂျွန်လင်နွန် ရေးစပ်ပေးခဲ့တဲ့ လီဗာပူး ကလပ်ရဲ့
သီချင်းကို ဆိုလို့မဝ အောင်ကို ဖြစ်လာခဲ့တဲ့ရာသီပဲ ဖြစ်ပါတယ်။
ဒီရာသီ ဟာ အခြားသောရာသီ တွေကနဲ့မတူဘဲ လီဗာ ပူးရဲ့ အကောင်းဆုံး ရာသီတစ်ခုပဲဖြစ်ပါ
တယ်။ ဒီရာသီမှာ တိုက်စစ်အား ကောင်းတဲ့အသင်းတွေအဖြစ် လီဗာပူးနဲ့ မန်စီးတီးတို့ ဖြစ်ခဲ့ကြ
ပေမယ့် အခုနောက်ပိုင်းမှာ မန်စီး တီးတိုက်စစ်က တစ်စုံတစ်ရာ ကျဆင်းသွားသလိုဖြစ်ခဲ့ပေမယ့်
လီဗာပူး တိုက်စစ်ကတော့ အကောင်းဆုံးခြေစွမ်းကို ထိန်းထားနိုင်ဆဲဖြစ်နေတာက လီဗာပူး ပရိ
သတ်တွေအတွက် ကျေနပ်စရာဖြစ်နေ တာပဲ ဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ကိုယ့်ကွင်း
လိုကစားနေခဲ့လို့ နောက်ဆုံးမှာ မြင်မကောင်းအောင်၊ ဒိုင်ကိုပဲ အပြစ်တင်စရာ ဖြစ်လောက်အောင်
ကို လီဗာပူးတိုက်စစ်က မန်ယူနောက်တန်းကို ကောင်းကောင်း ကျော်ဖြတ်သွားနိုင်ခဲ့ကြပါတယ်။
ဒိုင်ရဲ့မမျှတ မှုလို့ တချို့က ဆိုကောင်းဆိုကြပေမယ့် တကယ်တမ်းမှာတော့ ပင်နယ်တီသုံးလုံးစလုံး
က တကယ်ကျူးလွန်ခဲ့ကြတာချည်းပဲ ဖြစ်ပါ တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ ဆွာ
ရက်ဇ်ဪစတားရစ်တိုက်စစ်အတွဲကို လုံးလုံးစိုးရိမ်မှုတွေရှိထားကြလို့ပဲ ဖြစ်ပါတယ်။
"ကျွန်တော်တို့ကစားနေတာ ဒိုင်းမွန်းရှိတ် ဖြစ်ပါတယ်။ ကွင်းလယ်မှာ ဘယ်သူ့အပေါ်မှ မှီခိုမထား
ပါဘူး။ အသင်းအများစုဟာ ကိုယ့် ကွင်းမဟုတ်ဘဲ သူတစ်ပါးကွင်းကို သွားကစား ရင်ကွင်းလယ်
မှာ ဘောလုံးကိုထိန်းချုပ် နိုင်ဖို့၊ ဘောလုံးဆုံးရှုံးမှုနည်းနိုင်ဖို့ကိုပဲ အများစုက ပြင်ဆင်ကစားကြတာ
ပါ။ ကျွန်တော်တို့လည်း ဒီလိုကစားရတာ ပါ။ ဒါပေမဲ့ ကျွန်တော်တို့ တိုက်စစ်မှာ ကမ္ဘာ့အကောင်း
ဆုံးတိုက်စစ်မှူးနှစ်ယောက် ပိုင်ဆိုင်ထားလို့ ရလဒ်တွေ ကောင်းခဲ့တာပဲ ဖြစ်ပါ တယ်"လို့ ဂျရတ်က
အသင်းကစားဟန်နဲ့ပတ်သက်ပြီးလည်း ရှင်းပြသွားပါတယ်။















