ဆမ်မာမီးမှာ အလက်တီကို အမှတ်လျော့နိုင်တယ်

ဆမ်မာမီးမှာ အလက်တီကို အမှတ်လျော့နိုင်တယ်

ဘီလ်ဘာအို - အလက်တီကို
လာလီဂါကတော့ ဒီတစ်ပတ် ကြားရက်တွေ မှာကစားခဲ့လို့ သုံးပွဲဆက်တိုက် ကစားကြရတော့မှာ
ဖြစ်တယ်။ အခုပွဲစဉ် (၃၁) အဖြစ် ကစားကြမယ့်ပွဲတွေကို ခန့်မှန်းရာမှာလည်း ကြားပွဲစဉ် (၃၀) ရဲ့
ရလဒ်တွေကို မသိရသေးဘဲနဲ့ ခန့်မှန်းရတာဖြစ်တဲ့အတွက် နည်းနည်းတော့ လက်ဝင်သလိုပါပဲ။

အထူးသဖြင့် ထိပ်ဆုံး သုံးသင်းကြားမှ အခြေအနေတွေဟာ ပွဲစဉ် တစ်ခုနဲ့တစ်ခု အကူးအပြောင်း
မှာပဲ သိသာတဲ့ ပြောင်းလဲမှုမျိုးတွေ ဖြစ်သွားနိုင်တဲ့အချိန်မျိုးမှာ ဒီအသင်းတွေရဲ့ အခြေအနေမှန်
ကိုမသိရသေးဘဲနဲ့ နောက်ပွဲတွေအတွက် အနိုင်အရှုံးရလဒ် တွေကို ခန့်မှန်းရာမှာ သတိထားရတာ
က များလာပါတယ်။

အခုတစ်ပတ် ပွဲစဉ်(၃၁) မှာ ကစားကြမယ့် ပွဲတွေကိုကြည့်ရင်တော့ အကြိတ်အနယ် ပွဲကောင်း
တွေများတယ်။ ထိပ်ဆုံးသုံးသင်းမှာ ဘာစီလိုနာနဲ့ အလက်တီကိုက အဝေးကွင်းသွားကစားရမှာ
ဖြစ်ပြီး ရီးယဲလ်ကတော့ အိမ်ကွင်း မှာကစားရဖို့ရှိပါတယ်။

ဘာစီလိုနာက အက်စ် ပန်ညို၊ အလက်တီကိုက ဘီလ်ဘာအိုနဲ့ ကစားရ ဖို့ရှိနေချိန်မှာ ရီးယဲလ်
ကတော့ အိမ်ကွင်းမှာ မက်ဒရစ်မြို့ခံ အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ရာယိုနဲ့ ကစားရမှာဆိုတော့
ဘာစီလိုနာ၊ အလက်တီကိုထက်အခွင့်အရေးပိုကောင်းနေ တယ်လို့ပြောနိုင်တယ်။ ဒါကြောင့်
ဒီတစ်ပတ် အတွက် စိတ်ဝင်စားစရာအဖြစ် ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ရဲ့ ကက်တလန်ဒါဘီပွဲ
ကိုရွေးမလား၊ အလက်တီကိုနဲ့ အဆင့်(၄)နေရာကို အရယူထားနိုင်တဲ့ ဘီလ်ဘာအိုပွဲကို ရွေးမလား
ဆိုပြီး ရွေးချယ်ရခက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ အက်စ်ပန်ညိုနဲ့ ဘာစီလိုနာပွဲထက်စာရင် ဆမ်မာမီးမှာကစားဖို့ရှိတဲ့ အဆင့်(၄) က ဘီလ်
ဘာအိုနဲ့ အလက်တီကိုတို့ရဲ့ပွဲဟာ ပိုပြီး အကြိတ်အနယ်ရှိနိုင်မယ့်ပွဲကောင်းအဖြစ် ထင်မိ လို့ ဒီပွဲ
ကိုဒီတစ်ပတ်အတွက် အဓိကပွဲအဖြစ် ရွေးချယ်ခဲ့ရတာပါ။ နောက်တစ်ကြောင်း ကတော့ ဘီလ်
ဘာအိုဟာ ဒီရာသီ သိသာစွာခြေစွမ်းတက်လာနေပြီး အိမ်ကွင်းပွဲတွေမှာ အကောင်းဆုံး ကစားပြ
ထားနိုင်တဲ့အသင်း တစ်သင်းလည်းဖြစ်နေတယ်။ အိမ်ကွင်းမှာ ဘာစီ လိုနာကို အနိုင်ကစားပြ
ထားတဲ့အသင်းဖြစ်တဲ့အပြင် ရီးယဲလ်ကိုလည်း ၁-၁ သရေကစားထားတဲ့အသင်းဖြစ်လို့ လာလီ
ဂါရဲ့မဟာအသင်းကြီး နှစ်သင်းစလုံးကို အရှုံးမရှိခဲ့ဘူး။

ဒီခြေစွမ်းဟာ လက်ရှိထိပ်ဆုံးသုံးသင်း စာရင်းဝင်ပြီး ဥရောပ မှာပါ ခြေစွာနေတဲ့ အလက်တီကိုကို
လည်း အကောင်းဆုံး ရင်ဆိုင်ပြနိုင်ဦးမယ့် အနေ အထားမျိုးမှာရှိနေတဲ့အတွက် ဒီပွဲဟာ အကြိတ်
အနယ်နဲ့ ကြည့်ကောင်းမယ့်ပွဲမျိုးလို့ ယူဆခဲ့ တာပါ။ အလက်တီကိုအတွက်ကတော့ လက်ရှိအချိန်
မှာ လာလီဂါချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေသေးတဲ့အပြင် ဒီပွဲအပြီး ချန်ပီယံလိဂ်ကွာတား
ဖိုင်နယ်အဖြစ်လည်း ဘာစီလိုနာနဲ့ နူးကမ့်မှာကစားရဖို့ရှိနေတဲ့အတွက် ပြိုင်ပွဲနှစ်ခု ကြားမှာ အာရုံ
တွေမျှထားရမယ့် အချိန်မျိုးပါပဲ။

ဒီလိုအချိန်မျိုးမှာ ဘီလ်ဘာအိုလို အိမ်ကွင်းခြေစွမ်းမာကျောပြီး ဘာစီလိုနာ၊ ရီးယဲလ်တို့ကို တောင်
အရှုံးမရှိအောင်ကစားပြထားခဲ့တဲ့ အသင်းမျိုးနဲ့ လာရင်ဆိုင်ရတာဟာ အလက် တီကိုအတွက်
ကံဆိုးတယ်လို့ပဲ ပြောရတော့ မလားမသိပါဘူး။ ဘီလ်ဘာအိုဟာ အိမ်ကွင်းမှာ အက်စ်ပန်ညို
တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားခဲ့ပြီး ကျန်တဲ့ ပွဲတွေကို အရှုံးမရှိအောင် ကစားထားနိုင်ခဲ့ တယ်။

အက်စ်ပန်ညိုကို ရှုံးပြီးနောက်ပိုင်း နောက်ဆုံးကစားခဲ့တဲ့ ဂရန်နာဒါနဲ့ အိမ်ကွင်းပွဲမှာလည်း
ဂရန်နာဒါလို မာကျောတဲ့အသင်းကို လေးဂိုးပြတ် အနိုင်ယူပြထားတာတွေ့ရတယ်။ ဒီရာသီ
ဘီလ်ဘာအိုရဲ့ ကစားပုံကလည်း အိမ်ကွင်းမှာ အတတ်နိုင်ဆုံးနိုင်ပွဲရအောင် ကစားပြီး အဝေး
ကွင်းပွဲတွေမှာ သရေရအောင် ထိန်းကစားနေတာတွေ့ရပြီး သူတို့ရဲ့ကစားပုံကလည်း အမှန်
တကယ်အလုပ်ဖြစ်နေခဲ့တယ်။

နောက်ဆုံးကစားခဲ့တဲ့ ဆိုစီဒက်ကို ၂-၀ နဲ့ ဒီနှစ်အစမှာ ရှုံးခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ၁၀ ပွဲမှာ
လည်း အက်စ်ပန်ညိုတစ်သင်းတည်း ကိုပဲ ရှုံးထားခဲ့တာတွေ့ရလို့ ဆမ်မာမီးကို လာရင်ဆိုင်ရမယ့်
အလက်တီကိုအတွက် တကယ့်ကို ခက်ခဲမယ့် ပွဲတစ်ပွဲကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

အလက်တီကိုကတော့ ဒီရာသီ ခြေမှန်နေတယ် ဆိုပေမယ့် အဝေးကွင်းပွဲတွေမှာတော့ ထိန်း
ကစားတာများတယ်။ အထူးသဖြင့် အိမ်ကွင်းမာကျောတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ
အလက်တီကိုအနေနဲ့ ခက်ခက်ခဲခဲကျော်ဖြတ်ပြနေရတာ တွေ့ရသလို တိုက်စစ်ပိုင်းကလည်း
အဝေးကွင်းဂိုးသွင်းနှုန်း ပုံမှန်မရတတ်ပါဘူး။

အခုနောက်ပိုင်း အဝေးကွင်းမှာ ကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ အနိုင်ရအောင်ပြန်ကစား
ထားနိုင်တယ်ဆိုပေမယ့် ဘီလ်ဘာအို ဟာ ဆယ်လ်တာဗီဂိုထက် ပိုမာကျောတဲ့ အသင်း
တစ်သင်းဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း ထက်မြက်မှုပိုရှိတဲ့ အသင်းမျိုးဖြစ်နေတဲ့အတွက်
အလက်တီကို ဆယ်လ်တာထက်ပိုပြီး ဖိအားပေး နိုင်မယ့်အနေအထားမှာရှိနေတယ်။

အထူး သဖြင့် ဘီလ်ဘာအိုကွင်းလယ်ကစားပုံဟာ မြိုင်ဆိုင်မှုရှိပြီး လျင်မြန်မှုအားကောင်းတဲ့
အပြင် တိုက်စစ်ပိုင်းမှာလည်းအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်တဲ့ တိုက်စစ်မှူးမျိုး တွေ
ပါ၀င်နေတဲ့အသင်းဖြစ်လို့ ဘီလ်ဘာအိုရဲ့ အိမ်ကွင်းတိုက်စစ်ကို အလက်တီကို အသည်း အသန်
ထိန်းချုပ်ရဖို့များနေတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့ ခံစစ်ပိုင်းကို ပြန်ကြည့်မယ်ဆိုရင် တော့ တောင့်
တင်းမှု သိပ်မရှိလှဘူး။ အိမ်ကွင်း မှာ တိုက်စစ်ကို အားပြုတာများနေပြီး ပြိုင်ဘက် ရဲ့ တန်ပြန်
တိုက်စစ်လျင်မြန်မှုရှိတဲ့အခါမျိုးမှာ ထိန်းကစားနိုင်စွမ်း လျော့နည်းလာတတ်တာ ကို တွေ့ရ
တတ်တယ်။

ဒါကြောင့် အဝေးကွင်းမှာ ခံစစ်ပိုင်းကို အဓိကအားပြုကစားတတ်လေ့ ရှိပြီး တန်ပြန်တိုက်စစ်ကို
အကောင်းဆုံး အသုံးချ ကစားနိုင်တဲ့ အလက်တီကိုရဲ့ကစားပုံကလည်း ဘီလ်ဘာအိုအပေါ်
အကောင်းဆုံးပြန်တုံ့ပြန် နိုင်မယ့်အနေအထားမျိုးမှာရှိနေတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုဟာ
အသင်းကြီးတွေနဲ့ ရင်ဆိုင် တွေ့ရင်တော့ ထိန်းထိန်းသိမ်းသိမ်းကစား တတ်တဲ့ အသင်းမျိုးဆို
တာကို ဘာစီလိုနာ၊ ရီးယဲလ်တို့နဲ့ ရင်ဆိုင်စဉ်က တွေ့ထားခဲ့ရပြီး ဖြစ်လို့ အခုပွဲမှာလည်း အလက်
တီကိုကိုရင်ဆိုင် ရာမှာ ဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်း ရင်ဆိုင်သွားဦးမယ့်ပုံပါပဲ။

အလက်တီကိုကလည်း ချန်ပီယံလိဂ်တစ်ဖက် နဲ့ အာရုံမျှပေးနေရတဲ့အချိန်မျိုးမှာ ဒီပွဲမှာခြေကုန်
ထုတ်ပြီး ကစားမယ့်အခြေအနေမျိုး ထက် ပွဲကိုထိန်းကစားရင်း ဘီလ်ဘာအိုခံစစ် အမှားကို
စောင့်ကစားမယ့်အနေအထားမျိုးက ပိုများနေပါ တယ်။ ဒါကြောင့်ဒီပွဲရဲ့အနေအထား ဟာ
နှစ်သင်းစလုံး ထိန်းကစားပြီး အမှားစောင့်ကစားမယ့်ပွဲတစ်ပွဲဖြစ်လာဖို့များနေတဲ့အတွက်
ဂိုးနည်းနိုင်မယ့်ပွဲလို့ ခန့်မှန်းထားချင်ပြီး စိတ် ကြိုက်အသင်းအဖြစ်တော့ ဘီလ်ဘာအိုကိုပဲ
ရွေးထားချင်မိပါတယ်။

အခြားပွဲစဉ်များ
အက်စ်ပန်ညော် - ဘာစီလိုနာ *
ဆယ်လ်တာ - ဆီဗီလာ *
* ရီးယဲလ် - ရာယို
* ဗယ်လာဒိုးလစ် - အယ်လ်မီရီယာ
* အိုဆာဆူနာ - ဆိုစီဒက်
* ဗီလာရီးယဲလ် - အယ်လ်ချီ
* ဗလင်စီယာ - ဂီတာဖေး
ဂရန်နာဒါ - လီဗန်တေး *
* ဘက်တစ် - မာလာဂါ



ဖတ်ရှုမှုအများဆုံး