မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Ooredoo ကုမ္ပဏီတို့က ပူးပေါင်းစီစဉ်ကျင်းပသော
MFF Ooredoo Cup 2014 ပြိုင်ပွဲ၏ ပထမအဆင့် ပွဲစဉ်များ မဲခွဲပွဲကိုပြီးခဲ့သည့် မတ်လ
၃၁ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပ
ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်မှ အသင်းများနှင့် လိဂ်(၂)အသင်းများ ၀င်ရောက်
ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကိုပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ ကွာတား
ဖိုင်နယ်အဆင့်၊ ဆီမီးဖိုင်နယ်အဆင့်၊ဖိုင်နယ် အဆင့်ဟူ၍ သတ်မှတ်ကျင်းပပြုလုပ်သွားမည်
ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၃ ဘောလုံးရာသီမှ ပြိုင်ပွဲဝင်အသင်းများ၏ ရာသီကုန်ရပ်တည်မှု အပေါ်
မူတည်၍ အဆင့်သတ်မှတ်ထားခြင်း ဖြစ်သည်။ ဆုကြေးအဖြစ် ချန်ပီယံအသင်းအား ကျပ်သိန်း
၃၀၀၊ ဒုတိယဆုရရှိသည့် အသင်းအား ကျပ်သိန်း ၁၅၀၊ ဆီမီးဖိုင်နယ်အသင်းလေးသင်းအား
ကျပ်သိန်း ၁၀၀ စီပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သော အသင်းသည်
လာမည့် မဲခေါင်ဒေသကလပ်အသင်းများ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ
မည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းများ ဖြစ်သော ဆောက်သမ်းမြန်မာအသင်း၊ ချင်း
ယူနိုက်တက်အသင်းနှင့် GFA အသင်းများသည် ဒုတိယအဆင့်မှ စတင်ဝင်ရောက်ယှဉ်ပြိုင်ကြ
မည်ဖြစ်ပြီး ကျန်မြန်မာနေရှင်နယ်လိဂ်အသင်း များက တတိယအဆင့်မှ စတင်ဝင်ရောက်
ယှဉ်ပြိုင်ကြမည်ဖြစ် ၂၀၁၃ မြန်မာနေရှင်နယ် လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနှင့်
ဒုတိယရရှိခဲ့သော နေပြည်တော်အသင်းများက ကွာတားဖိုင်နယ်အဆင့်မှ စတင်ဝင်ရောက်
ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
ပထမအဆင့်ပွဲစဉ်များကို လာမည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ပဒုမ္မာကွင်းနှင့်
စလင်းကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Silver Stars အသင်းနှင့် Horizon အသင်း
Dagon အသင်းနှင့် University အသင်း၊ Best Unitedအသင်းနှင့် မောရဝတီအသင်းတို့
ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။














