မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအသင်းက မြန်မာနိုင်ငံတွင် စကိတ်ကို အားကစားနည်းတစ်ခု
အဖြစ် လက်ခံစေချင်ကြောင်း မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအသင်း အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်
ကိုသစ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
နိုင်ငံတကာတွင် စကိတ်ကို အားကစားနည်း တစ်ရပ်အဖြစ်လက်ခံပြီး ပြိုင်ပွဲကြီးများကို နှစ်စဉ်
ကျင်းပလျက်ရှိသော်လည်း မြန်မာနိုင်ငံ တွင် စကိတ်ကို အားကစားနည်းတစ်ရပ်အဖြစ် လက်
မခံနိုင်ကြသေးပေ။
စကိတ်အားကစား တိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် မြန်မာ နိုင်ငံမှ စကိတ်ဝါသနာရှင်များ
အတွက် ပြည်တွင်းစကိတ် ပြိုင်ပွဲများကို မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအဖွဲ့က ကျင်းပပြုလုပ်
ပေးလျက်ရှိသည်။ ပြီးခဲ့သည့်မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ လသာမြို့နယ် အ.ထ.က(၁)
ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သော Winner Sport Championship ပြိုင်ပွဲတွင် စကိတ်ဝါသနာ
ရှင်ပေါင်း ၁၀၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲ တွင် racing နှင့် jam session ပြိုင်ပွဲအမျိုး အစားနှစ်မျိုးကို စီနီယာတန်းပြိုင်ပွဲနှင့် ဂျူနီယာ
တန်း ပြိုင်ပွဲနှစ်မျိုးခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များအပြင် စကိတ်စီး
အားကစားအတွက် လိုအပ်သော အားကစားပစ္စည်းများကို ဆုအဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်။
"ဒီပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစားနှစ်မျိုးပါ၀င် ပြီး စီနီယာတန်းနဲ့ ဂျူနီယာတန်းကို ခွဲပြီးကျင်းပ ပါတယ်။
မနှစ်က ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယရတဲ့ကစားသမားတွေကို စီနီယာတန်း မှာ ထည့်ထား
ပါတယ်။ နယ်က ကစားသမား အသစ်တွေကိုတော့ ဂျူနီယာတန်းမှာ ၀င်ပြိုင်ခိုင်း ထားပါတယ်။
ပြိုင်ပွဲရဲ့အကောင်းဆုံး စကိတ် ကစားသမားဆုကိုလည်း ပေးအပ်ချီမြှေင့် ခဲ့ပါတယ်"ဟု ကိုသစ်
ကပြောသည်။
မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအဖွဲ့က စကိတ်အားကစားနည်း တိုးတက်ကောင်းမွန် စေရန်
စကိတ်အားကစားနည်း၏ စည်းမျဉ်း၊ စည်းကမ်းများကို နယ်လှည့်၍ သင်တန်းပေး လျက်ရှိသည်။
နယ်မြို့များမှ စကိတ်အားကစား ကို စိတ်ပါ၀င်စားသော ကစားသမားများကို လက်ခံသင်ကြား
ပေးလျက်ရှိသည်။
နယ်မြို့များ တွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်များရှိပြီး လာမည့် မေလ၌
သွားရောက် သင်ကြားပေးရန် စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအဖွဲ့ သည်
မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ စကိတ်ကွင်း တည်ဆောက်နိုင်ရန်စီစဉ်နေပြီး အားကစား
၀န်ကြီးဌာနထံမှ စကိတ်ကွင်းမြေ နေရာတောင်းခံထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ
စကိတ်ကွင်း တည်ဆောက် နိုင်ပါက စကိတ်အားကစားကို လူစိတ်ဝင်စားမှု ပိုမိုများပြားလာနိုင်ပြီး
စကိတ်အားကစားနည်း လည်း တိုးတက်လာမည်ဖြစ်သည်။
"ရန်ကုန်မှာ နိုင်ငံတကာအဆင့်မီ စကိတ် ကွင်းမရှိပါဘူး။ အရင်က သုဝဏ္ဏစကိတ်ကွင်းရှိပါတယ်။
နောက်ပိုင်း အဲဒီနေရာကို ဖျက်လိုက် ရတဲ့အတွက် အခုဗိုလ်ချုပ်ဈေးသစ်နားက စီးတီး စင်တာ
စကိတ်ကွင်းမှာစီးပါတယ်။ မြေနေရာရမယ် ဆိုရင် ကျွန်တော်တို့ကိုကူညီမယ့် ဂျာမနီက စကိတ်
ကွင်း ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေနဲ့ နိုင်ငံတကာအဆင့်မီစကိတ်ကွင်း၊တည်ဆောက် သွား
မှာပါ"ဟုပြောသည်။
မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအဖွဲ့ သည် ယခုနှစ်အတွင်း ပြည်တွင်းပြိုင်ပွဲများ အပြင်
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ ကျင်းပ ပြုလုပ်မည့် ဖိတ်ခေါ်စကိတ်စီးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရန်
ပြင်ဆင်လျက်ရှိသည်။
အဆိုပါဖိတ်ခေါ်ပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမားများကို ယခုကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲမှ
စကိတ်သမားများကို ရွေးချယ်ပြီး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။















