မြန်မာမှတ်တမ်း ရုပ်ရှင်ကားတို နှစ်ကား ဂျပန်ရုပ်ရှင် ဖိုရမ်တွင် ပြသရန် ရွေးချယ်ခံရ

မြန်မာမှတ်တမ်း ရုပ်ရှင်ကားတို နှစ်ကား ဂျပန်ရုပ်ရှင် ဖိုရမ်တွင် ပြသရန် ရွေးချယ်ခံရ

ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှဘာသာရပ်စင်တာက ကျင်းပတဲ့ ရုပ်ရှင်ဖိုရမ်မှာပြသဖို့ အရှေ့တောင်အာရှနိုင်ငံတွေက မှတ်တမ်းရုပ်ရှင်ကားတိုများ ဖိတ်ခေါ်ရာမှာ မြန်မာ နိုင်ငံမှ ဒေါက်တာအောင်မင်း၊ ဂျူနှင့် သည်မော်နိုင်တို့ ရိုက်ကူးထားတဲ့ The Clinic နှင့် ၀ီရ ရိုက်ကူးထားတဲ့ The Glass Man မှတ်တမ်းကားတိုတွေ ရွေးချယ်ခံရပါတယ်။

ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှဘာသာရပ်စင်တာက ကျင်းပတဲ့ ရုပ်ရှင်ဖိုရမ်မှာ
ပြသဖို့ အရှေ့တောင်အာရှနိုင်ငံတွေက မှတ်တမ်းရုပ်ရှင်ကားတိုများ ဖိတ်ခေါ်ရာမှာ မြန်မာ နိုင်ငံမှ
ဒေါက်တာအောင်မင်း၊ ဂျူနှင့် သည်မော်နိုင်တို့ ရိုက်ကူးထားတဲ့ The Clinic နှင့် ၀ီရ ရိုက်ကူးထားတဲ့
The Glass Man မှတ်တမ်းကားတိုတွေ ရွေးချယ်ခံရပါတယ်။

"Care" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပုံဖော်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဒီဖိုရမ်မှာ စုစုပေါင်းမှတ်တမ်းရုပ်ရှင်ကား
တို ၃၆ ကား လက်ခံရရှိခဲ့ပြီး မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ဇာတ်လမ်းတို ငါးကား ရွေး
ချယ်ခံခဲ့ရတာဖြစ်ပါတယ်။

The Clinic မှတ်တမ်းကားတိုက အသက် ၄၅ နှစ်အရွယ် ဆရာဝန် တစ်ဦးနဲ့ သူ့လူနာတွေရဲ့
ဆက်နွှယ်မှုတွေကို မိနစ်၂၀ စာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

"ကျွန်တော်က မနက်လည်းဆေးခန်း ညလည်း ဆေးခန်းထဲမှာပါပဲ။ လူနာတွေ နဲ့ ကျွန်တော်နဲ့
ကလည်း အရမ်းရင်းနှီးတယ်။ ကျွန်တော့်ဆေးခန်းလေးကလည်း တောဆေးရုံလိုပဲ။ ဒါကြောင့်
ကျွန်တော်က လူနာတွေအကြောင်းကိုပဲ မှတ်တမ်းကားတို ရိုက်ကူးဖို့ ပထမ စဉ်းစားခဲ့တယ်"လို့
သူနေတဲ့မြောက်ဒဂုံ၊ ၄၄ ရပ်ကွက်မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာအောင်မင်းက ပြောပြပါတယ်။

ဒေါက်တာအောင်မင်းက ဆေးကုတာထက် သူတကယ်ဝါသနာပါတာက စာရေးခြင်းနှင့် မှတ်တမ်း
ရုပ်ရှင်ကားတို ဖန်တီးခြင်းဖြစ်ပါတယ်။

'ရှုမဝ'နှင့် 'စပယ် ဖြူ'မဂ္ဂဇင်းတွေမှာ ၀တ္ထုတိုတွေ ရေးသားခဲ့ပြီး ဒီနှစ် ဇန်နဝါရီမှာ သူ့ရဲ့ပထမဆုံး
လုံးချင်းစာအုပ်ဖြစ်တဲ့ 'ကျွန်တော် ဒီမြို့ကို ကိစ္စတစ်ခုနဲ့ ရောက်လာတာပါ' ကို ထုတ်ဝေခဲ့ပါတယ်။

"ကျွန်တော်၊ ဂျူနဲ့ သည်မော်နိုင်တို့က Yangon Film School က ဖွင့်တဲ့ workshop တွေ တက်ပြီး
မှတ်တမ်းကားတို ဖန်တီးတာတွေကို လေ့လာခဲ့တယ်။ လေ့ကျင့်ခန်းတွေလည်း လုပ်ခဲ့တယ်။

"ဆေးခန်းထဲမှာ သူ့ပြဿနာနဲ့သူ စိတ်ဒုက္ခရောက်နေတဲ့ ဆရာဝန် တစ်ယောက် ရှိတယ်။ လူနာ
ကလည်း သူ့ ဒုက္ခနဲ့ သူလာတယ်။ ဆရာဝန် ဖြစ်လို့သာ ဆေးကုနေရပေမယ့် သူ့စိတ်က ဒါတွေ
မလုပ်ချင်ဘူး။ လူနာတွေလာရင် 'ဟာ ဆရာ' ဆိုပြီး ကိုယ့်ကို ကယ်တင်ရှင် အဖြစ် မျှော်လင့်ပြီး
လာကြတယ်။ ဆရာဝန်ကလည်း 'ငါကယ်တင်ရှင်' မဟုတ်ဘူးဆိုတာ သိတယ်။ အဲဒီလူနာနဲ့
ဆရာဝန်ကြားက ပဋိပက္ခကို ရိုက်ကူးထားတာပါ"လို့ မှတ်တမ်းကားတိုထဲမှာ ဇာတ်ကောင်အဖြစ်
ကိုယ်တိုင်ပါ၀င်ခဲ့တဲ့ ဒေါက်တာအောင်မင်းက ပြောပြပါတယ်။

မှတ်တမ်းကားတိုကို ဒေါက်တာ အောင်မင်းရဲ့ 'အောင်' ဆေးကုခန်းမှာ ရိုက်ကူးပြီး လူနာပင့်တဲ့
အိမ်တွေမှာလည်း သွားရောက်ရိုက်ကူးထားတယ်လို့ ဂျူက ပြောပါတယ်။

"ကျွန်တော်က ကိုအောင်မင်းရဲ့ ဆေးခန်းအပြင်မှာ မနက်စောစော ဆေးခန်းဖွင့်တာနဲ့ ကင်မရာကိုင်
ပြီး ထိုင်စောင့် နေတယ်။ သူက အထဲကနေ အချက်ပြရင် ကျွန်တော်က ကင်မရာယူပြီး ၀င်ရိုက်ရ
တယ်"လို့ ဂျူကပြောပါတယ်။

"ရောဂါကြီးတဲ့ လူနာတွေက ကယ်ပါဆိုပြီး ဆရာဝန်ဆီကို လာတယ်။ ဆရာဝန်ကလည်း ငါလုပ်
ပေးနိုင်တာ သိပ်မရှိဘူးဆိုပြီး စိတ်ဓာတ်ကျတယ်။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အားကိုး
တကြီးလာတဲ့ လူနာနဲ့တွေ့ရင် ဆရာဝန်ရဲ့စိတ်ထဲမှာ ပဋိပက္ခဖြစ်တယ်။ အဲဒီ လူနာနဲ့ ဆရာဝန်ကြား
က ဆက်နွှယ်မှု တွေကို ရိုက်ကူးထားတာပါ" လို့ ဒေါက်တာ အောင်မင်းကပြောပါတယ်။

"အများအားဖြင့် ဒီက ပြည်သူတွေက ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် ဆေးရုံတို့
ဒေသန္တရဆေးခန်းတို့ကို မသွားဘူး။ ဆေးခန်းကို အရင်လာတယ်။ အဲဒါက သူတို့ရဲ့ အခြေအနေ
အရ ရွေးချယ်မှုပါပဲ။ ဆေးခန်းက နီးလို့၊ ဒါမှမဟုတ် ဆက်ဆံရေးကောင်းလို့ ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့လို မိသားစု ဆရာဝန်အများစုက ဟိတ်ကြီးဟန်ကြီးလုပ် နေလို့ မရပါဘူး။ လက်ဖက်
ရည်ဆိုင်မှာ ထိုင်နေရင်းနဲ့လည်း ရပ်ကွက်ထဲက တစ်ယောက်ယောက်က ၀မ်းချုပ်လို့ ဘာဆေး
သောက်ရမလဲ လာမေးရင် ဆေးညွှန်ပေးရမှာပဲ"လို့ သူက ဆက်ပြောပါတယ်။

မှတ်တမ်းကားတိုကို ခြောက်လကြာ ရိုက်ကူးခဲ့ပြီး ဒါရိုက်တာ သည်မော်နိုင် က တည်းဖြတ်ပေးခဲ့
တာ ဖြစ်ပါတယ်။

"ဘယ်လူနာပဲဖြစ်ဖြစ် နေထိုင်မကောင်းတဲ့အခါ ကြင်နာမှုကို လိုချင်ကြပါတယ်။ ကျွန်တော်တို့
ငယ်ငယ်ကဆို ဖျားတဲ့အခါ အဖေက နဖူးပေါ် လက်လာတင်ရင် အဖျားတစ်ဝက် သက်သာသွား
သလိုပါပဲ။ ဘယ်လူနာမဆို ဆူဆဲတာကို မကြိုက်ပါဘူး"လို့ ဒေါက်တာအောင်မင်းက ပြောပါတယ်။

"ကျွန်တော်က ဆေးခန်းလာတဲ့ လူနာ တွေနဲ့ ကိုအောင်မင်း ဆေးသွားကုပေးတဲ့လူနာတွေကို
ဘယ်လိုနေပါ၊ ဘယ်လို သရုပ်ဆောင်ပါ ဆိုတာကို မပြောပါဘူး။ သူတို့ကလည်း ဆေးခန်းလာရင်
ပြုမူ နေကျအတိုင်း နေတယ်။ ကျွန်တော်ကလည်းလိုချင်တဲ့ သဘာဝအနေအထားတွေ အတိအကျ
မဟုတ်တောင် အနီးစပ်ဆုံးရအောင် ရိုက်ကူးပါတယ်" လို့ ဂျူက ပြောပါတယ်။

မှတ်တမ်းကားတို ရိုက်ကူးချိန် ၂၀၀၉ ခုနှစ်ပတ်ဝန်းကျင်ခန့်က ကင်မရာနဲ့ အပြင်မှာ လျှောက်ရိုက်ဖို့
ခက်ခဲ့တဲ့ အတွက်ကြောင့် ကိုယ်နေတဲ့နေရာလေးမှာပဲ တစ်ပိုင်တစ်နိုင်နဲ့ သိုသိုသိပ်သိပ် ရိုက်ကူးရပါ
တယ်လို့ မှတ်တမ်းကားတိုကို ရိုက်ကူးပြီး နောက်ခံ တေးဂီတ ဖန်တီးထည့်သွင်းခဲ့တဲ့ ဂျူက ပြောပါ
တယ်။

"မှတ်တမ်းကားတို ရိုက်ကူးတုန်းက ကျွန်တော်တို့ရပ်ကွက်က လမ်းတွေက အရမ်းဆိုးတယ်။ ချိုင့်
တွေ များပြီး မြွေ ပေါတယ်။ မိုးတွင်းကြီးမှာ ည ၉ နာရီ လောက်ကြီး ခွေးတွေကလည်း လမ်းမှာ
ပေါတော့ ခက်ခက်ခဲခဲကို ရိုက်ကူးခဲ့ရ တယ်"လို့ ဂျူက ပြောပါတယ်။

ဒါရိုက်တာ ၀ီရရဲ့ မှတ်တမ်းကားတို 'The Glass Man' က အသက်၂၀ အရွယ် အရိုးပွရောဂါခံစား
နေရတဲ့ လူငယ်တစ်ယောက်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ဘဝအပေါ်ခံယူထားတဲ့ သဘောထားက မသန်စွမ်းကျောင်းကို ရောက်ပြီးမှ ပြောင်းလဲသွားပုံ
ကို တင်ပြထားတာဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ ဇာတ်ကားငါးကားကို မတ်လ ၁၅ ရက်နေ့ကျရင် ကျိုတိုတက္ကသိုလ်မှာ ပြသပြီး
မှတ်တမ်းရုပ်ရှင်ကားတို ဖန်တီးသူတွေနဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး