၁၉၄၈ ခုနှစ်မှာ စခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံ ရေး ၆၅ နှစ်ပြည့်နဲ့ ထိုင်းနိုင်ငံမိဖုရားကြီး သီရိခေတ်ရဲ့ နှစ် ၈၀ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် နှစ်နိုင်ငံရဲ့အထည်အလိပ် ရက်လုပ်မှုဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်က Junction Square Shopping Mall မှာ ...
၁၉၄၈ ခုနှစ်မှာ စခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံ ရေး ၆၅ နှစ်ပြည့်နဲ့
ထိုင်းနိုင်ငံမိဖုရားကြီး သီရိခေတ်ရဲ့ နှစ် ၈၀ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် နှစ်နိုင်ငံရဲ့အထည်
အလိပ် ရက်လုပ်မှုဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်က Junction
Square Shopping Mall မှာ မတ်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ နှစ်ရက် ပြုလုပ်သွားမှာဖြစ်ပါတယ်။
"Textile of The Two Lands" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမယ့် ဒီပွဲလေးကို မြန်မာနိုင်ငံအခြေစိုက်
ထိုင်းသံရုံးနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က ပူးပေါင်းစီစဉ်တာဖြစ်တယ်လို့ မတ်လ ၁ ရက်နေ့
ထိုင်းသံရုံးမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ထိုင်းသံအမတ်ကြီး Mr. Pisanu Suvanajata
က ပြောပြခဲ့ပါတယ်။
အထည်အလိပ်ရက်လုပ်မှုဟာ နှစ် နိုင်ငံစလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ
က အတိတ်ကာလမှ အခုချိန်ထိ တူညီတဲ့ တန်ဖိုးထားမှုများ ရှိကြတယ်လို့ သူကပြောပါတယ်။
"ပြီးတော့ ဘုရင်မကြီး သီရိခေတ်ကလည်း အထည်အလိပ်ရက်လုပ်မှုကို အထူးစိတ်ဝင်စားပြီး
ချစ်မြတ်နိုးတဲ့အတွက် ဒီအထည်အလိပ်ကို အခြေခံပြီး လုပ်ရခြင်းဖြစ်တယ်"လို့ ဆိုပါတယ်။
နှစ်ရက်ကြာ ကျင်းပမယ့် ဒီပွဲလေးမှာ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ဒီဇိုင်နာ အာဂျန် ပေါင်ထောင်၊ မြန်မာ
နိုင်ငံမှ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်နဲ့ အနုပညာရှင် ဒေါ်ဆွေဇင်ထိုက်တို့ စုဆောင်းထားတဲ့ ရှားပါး
လက်ရာ အထည်အလိပ်များ၊ ရှေးခေတ်အဝတ်အစားများကို တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။
မတ်လ ၉ ရက်နေ့မှာ "Thailand and Myanmar Traditional Textiles: Hidden Treasures,
Shared Wisdoms" ခေါင်းစဉ်နဲ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ Junction Square မှာ
ဆွေးနွေးပွဲလေးတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
"ကျွန်တော်တို့နှစ်နိုင်ငံကြားချစ်ကြည်ရေးကို သမိုင်းကနေစပြီး တင်ပြသွားမှာပါ။ တူညီနေတဲ့
ယဉ်ကျေးမှုပုံစံတွေကိုပဲ ကျွန်တော်ကတော့ တင်ဆက်သွားမှာပါ။ တမင်တူအောင်တော့ လိုက်လုပ်
ထားမှာ မဟုတ်ပါဘူး။ ဥပမာ- ဇင်းမယ်ဆို ကျွန်တော်တို့က တူပါတယ်။ ကွဲပြားတဲ့ နည်းပညာလေး
တွေပဲရှိပြီး အချက် တော်တော်များများကတော့ တူပါတယ်။ ကျွန်တော် မသိတဲ့အရာတွေကိုလည်း
ဟိုဘက်က ပညာရှင်တွေဆီက လေ့လာခွင့်ရမယ်ဆိုတော့ ကျွန်တော်အတွက်ကတော့ ဒီပွဲလေးက
နေ အများကြီး လေ့လာခွင့်ရမှာပါ" လို့ ဆွေးနွေးပွဲမှာ ပါ၀င်မယ့် မြန်မာနိုင်ငံမှ အထည်အလိပ်
ကျွမ်းကျင်ပညာရှင် ဦးတင်ဝင်းက ပြော ပြခဲ့ပါတယ်။
"Textile of The Two Lands" ပြခန်းကိုလည်း ၉ ရက်နေ့နဲ့ ၁၀ ရက် နေ့တွေမှာ ပညာရှင်များ
စုဆောင်းထားတဲ့ ရှားပါးလက်ရာအထည်အလိပ်တွေ၊ အဝတ်အစားတွေကို ခင်းကျင်းပြသသွားမှာ
ဖြစ်ပါတယ်။
ပွဲမှာ ပါ၀င်သူတစ်ဦးဖြစ်တဲ့ ဒေါ်ဆွေဇင်ထိုက်က "ပြပွဲမှာ ပြသတဲ့အပိုင်းကို တာဝန်ယူထားတာပါ။
ပွဲမှာ ပိုးချည်းပဲ မဟုတ်ဘဲ ချည်ထည်တွေကိုလည်း ပြသသွားမှာဖြစ်ပြီး မြန်မာဝတ်စုံသာမက
တိုင်းရင်းသားဝတ်စုံတွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဟိုးအရင်က စော်ဘွားတွေရဲ့
၀တ်စုံတွေ၊ မင်္ဂလာဆောင်ဝတ်စုံတွေကိုလည်း ပြသ နိုင်အောင် မရမက စုဆောင်းထားပါတယ်" လို့
ပြောပြခဲ့ပါတယ်။
မတ်လ ၉ ရက်နေ့ ညနေမှာတော့ "Textile of the Two Lands Charity Gala Dinner" ကို
Chatrium Hotel ရေကူးကန်ဘေးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
"အဲဒီညမှာတော့ အပိုင်းသုံးပိုင်းခွဲပြီး ပြုလုပ်သွားမှာပါ။ ပထမပိုင်းမှာ ထိုင်း နိုင်ငံမှ နိုင်ငံကျော်ဒီဇိုင်နာ
က ထိုင်းနိုင်ငံ ရဲ့ ရှေးဟောင်းဝတ်စုံ ၁၀ စုံကို ပြသသွားမှာဖြစ်ပြီး ကျွန်မကလည်း မြန်မာနိုင်ငံက
၁၀ စုံပြသသွားမှာ ဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ မြန်မာနိုင်ငံက ချိတ် တွေကို ထိုင်းနိုင်ငံက ဒီဇိုင်နာတွေက ဖန်တီးထားတဲ့
၀တ်စုံငါးစုံနဲ့ ကျွန်မက တော့ ထိုင်းနိုင်ငံက ပိုးထည်တွေကို တီထွင်ဖန်တီးထားတဲ့ ၀တ်စုံငါးစုံကို
ပြသသွားမှာဖြစ်ပါတယ်။
နောက်တစ်ခု ကတော့ Com-temporary Fashion ကို ပြသသွားမှာဖြစ်ပါတယ်" လို့ မိုးကုတ်
ပေါက်ပေါက်ကလည်း ဖက်ရှင်ရှိုးအစီအစဉ်ကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဖက်ရှင်ရှိုးမှာ ပြသခဲ့တဲ့ နှစ်နိုင်ငံ ဒီဇိုင်နာတွေ တီထွင်ဖန်တီးထားတဲ့ ၀တ်စုံတွေကို လေလံ
စနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ရလာတဲ့ ၀တ်စုံတန်ဖိုးတွေကိုတော့ မြန်မာနိုင်ငံ ကြက်ခြေနီ
အသင်းကို အကုန်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
မတ်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့မှာ Junction Square မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေ ပြခန်းတွေ
ကို မည်သူမဆိုသွားရောက်လေ့လာနိုင်ပြီး ၉ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်မယ့် ထိုင်း-မြန်မာ
ချစ်ကြည်ရင်းနှီးမှု သက်သေထူတဲ့ ညစာစားပွဲကိုတော့ မြန်မာပြည်သူလူထုတွေ ကြည့်ရှုနိုင်ဖို့
အတွက် Sky Net ရုပ်သံလိုင်းက တိုက်ရိုက်ပြသသွားမှာ ဖြစ်ပါတယ်။
















