အခက်အခဲတွေကြားက ပထမဆုံးတစ်ကိုယ်တော်အခွေကို ပရိသတ်တွေဆီ အရောက်ပို့ပေးတော့မယ့် Ar-T

အခက်အခဲတွေကြားက ပထမဆုံးတစ်ကိုယ်တော်အခွေကို ပရိသတ်တွေဆီ အရောက်ပို့ပေးတော့မယ့် Ar-T

ပရိသတ် တော်တော်များများက R&B သီချင်းတွေ အဆိုကောင်းသူလို့ သိထားကြတဲ့ အဆိုတော် Ar-T က သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေ 'ချိုချဉ်'(Candy)ကို ပရိသတ်တွေဆီလာမယ့် မတ်လ ၂၄ ရက်နေ့၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ Junction Square မှာ အမှတ်တရ လက်မှတ်ထိုးပေးရင်း သူငယ်ချင်းအဆိုတော်များနဲ့ ...

ပရိသတ် တော်တော်များများက R&B သီချင်းတွေ အဆိုကောင်းသူလို့ သိထားကြတဲ့ အဆိုတော်
Ar-T က သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေ 'ချိုချဉ်'(Candy)ကို ပရိသတ်တွေဆီလာမယ့်
မတ်လ ၂၄ ရက်နေ့၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ Junction Square မှာအမှတ်တရ
လက်မှတ်ထိုးပေးရင်း သူငယ်ချင်းအဆိုတော်များနဲ့ အတူ သီချင်းများကို ဖျော်ဖြေပေးသွားမယ်လို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဒီအခွေလေးကို ပြီးခဲ့တဲ့နှစ် မေလ ကတည်းက ပြင်ဆင်နေတာပါ။ အမှန်တော့ ရန်ကုန်ကို ရောက်
ကတည်းက တစ်ကိုယ်တော်ခွေလုပ်မယ်ဆိုပြီး ဆန္ဒရှိခဲ့တာပါ။ ဒါပေမဲ့ ဒီရောက်တော့ အခက်အခဲ
တွေလည်း အများကြီးကြံုခဲ့ရတယ်။ အဲဒါကြောင့် တစ်ကိုယ်တော်ခွေ ထွက်ဖို့ကြာသွားတာပါ" လို့
Ar-T က ပြောပြခဲ့ပါတယ်။

Ar-T က ၂၀၀၉ ခုနှစ်မှာ အဖွဲ့အခွေ ဖြစ်တဲ့ 'ဟစ်ဟော့ပ်အတုနဲ့အစစ်' အခွေမှာ သူ့ရဲ R&B သီချင်း
တစ်ပုဒ်ဖြစ်တဲ့ 'ချစ်တယ်ပြောချင်လို့' သီချင်းနဲ့ လူအများ သတိထားမိခဲ့ရာကနေ Now! မဂ္ဂဇင်းမှ
သတင်းထောက်က အင်တာဗျူးလုပ်ရန် ကမ်းလှမ်းချက်ကြောင့် ရန်ကုန်ကို လာခဲ့တာဖြစ်ပြီး
အဲအချိန်ကစလို့ အနုပညာအလုပ်များကို အရှိန်မသတ်နိုင်အောင် ဆက်လုပ်ဖြစ်ခဲ့တယ်လို့လည်း
သိရပါတယ်။

"အမှန်တော့ 'ချစ်တယ်ပြောချင်လို့' က ကျွန်တော်ဆိုထားတာ အကြမ်းသက်သက်ပဲ။ ရန်ကုန်ကို
ခဏလာလည်တဲ့အချိန်လေးမှာ သူငယ်ချင်း လင်းပင်ဟိန်းက ဒီသီချင်းလေးဆိုပေးကွာဆိုတာ နဲ့
ဆိုလိုက်ပြီး နောက်နေ့ မန္တလေးကို ပြန်သွားတာ။ နောက်တော့မှ အခွေထွက်လာတော့ ဒီသီချင်း
က ပါလာတာပေါ့ နော်။ ကျွန်တော်လည်း အရမ်းအံ့ဩသွားတယ်။ အဲဒီကနေမှ လူသိသွားပြီး
ရန်ကုန် ကို အင်တာဗျူးလုပ်ဖို့လာရင်း J-Me က သီချင်းတွေ ဆက်လုပ်ဖို့ တိုက်တွန်းတာနဲ့
ကိုယ်တိုင်လည်း အရမ်းစိတ်ပါလာပြီး တစိုက်မတ်မတ် လုပ်ဖြစ်သွားတယ်" လို့ သူက ပြောပြခဲ့
ပါတယ်။

ရန်ကုန်ကို အင်တာဗျူး သက်သက်လာတဲ့အတွက် လက်ထဲ ပိုက်ဆံ ကျပ် သုံးသိန်းနဲ့ ဘဝကို
ပြန်စတင်ခဲ့ကာ အခက်အခဲများစွာနဲ့ အတွေ့အကြံု အသစ်တွေကိုလည်းရခဲ့တယ်လို့လည်း Ar-T
က ပြောပြခဲ့ပါတယ်။

"ရန်ကုန်ရောက်တဲ့အချိန်က လက်ထဲမှာ ပိုက်ဆံက သုံးသိန်းပဲရှိတာ။ အိမ်ပြန်မှာလိုလို စိတ်ကဖြစ်
နေပေမယ့် စိတ်က အရမ်းကို တက်ကြွနေတော့ နေဖြစ်သွားတယ်။ နေစရာကျတော့ မရှိဘူး။
ရှိသမျှ အမျိုးတွေအကုန်လုံးကလည်း ခေါ်မထားချင်ကြဘူး။ အဲဒါနဲ့ သူငယ်ချင်းတစ်ယောက်အိမ်
မှာ နေဖြစ်သွားတယ်။ နေရင်းနဲ့မှ သီချင်းလေးတွေ ရေးပြီး တစ်ပုဒ်၊ နှစ်ပုဒ်စရောင်းရတော့ ကိုယ့်
စရိတ်လေးတော့ ကိုယ်ရှာလာနိုင် တော့ အဆင်တော့ နည်းနည်းပြေလာတယ်" လို့ သူတွေ့ကြံုခဲ့
ရတာတွေကို ပြောပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ် သူက အိမ်ပြောင်းသွားပြီး ဦးလေးဖြစ်သူ အိမ်ကို ပြောင်းနေရာ
မှ အဆင်မပြေမှု လေးတွေ ဖြစ်တာကြောင့် သူငယ်ချင်း တွေအိမ်မှာ လိုက်နေရင်း သီချင်းလေး
တွေရေး၊ ရှိုးတွေလိုက်ဆိုရင်း ပိုက်ဆံစုထားကာ နောက်ဆုံး ဒီအခွေလေးကို ထုတ်နိုင်လာတယ်လို့
လည်း သူက ပြောပြခဲ့ပါတယ်။

"ကျွန်တော်က အပေါင်းအသင်းများတော့ ဘယ်အိမ်မှာပဲဖြစ်ဖြစ် သွားစားပြီးသွားနေလို့ရပေမယ့်
သူများကို အားကိုးပြီး နေရတာမျိုး မဖြစ်ချင်လို့ ရတဲ့ပိုက်ဆံ လေးတွေစုပြီး နောက်ဆုံး တိုက်ခန်း
လေး တစ်ခန်း ငှားနေနိုင်ခဲ့တယ်။ အဲဒီကနေမှ ထပ်ပြီး သီချင်းရေးတာ၊ ရှိုးဆိုတာ လေးတွေ အဆင်
ပြေလာတော့ ပိုက်ဆံ လေးတွေ ရလာတယ်ပေါ့။ အခုခွေလေး ကိုတော့ ကျွန်တော်စုထားတဲ့
ပိုက်ဆံ လေးတွေနဲ့ ကိုယ်ပိုင်ထုတ်တာပါ" လို့ ပြောပါတယ်။

ဒီအခွေမတိုင်ခင်က တခြားပရိုဂျူဆာ တစ်ယောက်နဲ့ အခွေလုပ်ဖြစ်ခဲ့ပြီး တစ်ဝက်လောက် ပြီးစီးချိန်
မှာတော့ သဘောထားမတိုက်ဆိုင်မှုများကြောင့် အခွေကို ဖျက်ခံလိုက်ရတယ်လို့လည်း သူက
ပြော ပြခဲ့ပါတယ်။

"အဲအခွေထဲက သီချင်းတွေ အကုန်လုံးကတော့ ပရိုဂျူဆာပိုင်တာပါ။ အခွေဖျက်ခံရတယ် ဆိုတာ
ကလည်း ကျွန်တော့်ဘက်ကမှားတာတွေလည်း ရှိလို့ပါ။ အခုကျွန်တော့်သီချင်းခွေထဲမှာတော့ အဲဒီ
အခွေထဲကသီချင်းတွေပါမှာ မဟုတ်ပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။

မွေးကတည်းက အရမ်းချမ်းသာတဲ့ မိသားစုက မွေးလာတာ မဟုတ်ပေမယ့် မပူမပင်နေခဲ့ရာကနေ
နေရာသစ်မှာ ကိုယ်ဝါသနာပါရာအတွက် ရုန်းကန်းရင်းက လမ်းဘေးမှာရောင်းတဲ့ ထမင်း ဖြူ၊
ချဉ်ပေါင်ကြော်၊ အသားတစ်တုံး နဲ့ နေ့လယ်စာကို မျက်ရည်ပေါက်ပေါက်ကျပြီး စားခဲ့ရတယ်ဆိုတဲ့
အကြောင်း လေးတွေကိုလည်း၊သူကဝေမျှခဲ့ပါတယ်။

"အိမ်မှာ နေတဲ့အချိန်နဲ့ အကုန်လုံး တော်တော်များများ ပြောင်းလဲသွားပြီး စိတ်ညစ်ရပေမယ့် အိမ်
ကိုတော့ ပြန်မပြေးချင်ဘူး။ ပိုပြီးတော့ အောင်မြင် အောင် လုပ်ချင်လာတယ်။ သဘောမတူတဲ့အိမ်
က မိဘတွေကိုလည်း လုပ်ပြချင်တာပေါ့နော်။ အခုဆိုရင် ကိုယ်ရှာထားတဲ့ ပိုက်ဆံလေးနဲ့ ကိုယ့်
ဘဝအတွေ့အကြံု တွေနဲ့ ဒီလိုမျိုး အခွေလေး လုပ်နိုင်လာတယ်။ မိဘတွေရဲ့ သိက္ခာတွေကို ပြန်
အဖတ်ဆယ်ပေးနိုင်မယ့် အခွေဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်၊ ပျော်တယ်" လို့
လည်းပြောပြခဲ့ပါတယ်။

သီချင်း ၁၅ ပုဒ်ခန့် ပါ၀င်မယ့် Ar-T ရဲ့ 'ချိုချဉ်'အခွေက တစ်ခွေလုံး ကိုယ်ပိုင် သံစဉ်တွေချည်းပဲဖြစ်
ပြီး သူကိုယ်တိုင် ရေးထားတဲ့ သီချင်း ခုနစ်ပုဒ်လောက် ပါမယ်လို့ ပြောပြခဲ့ပါတယ်။

"သီချင်းတော်တော်များများကတော့ R&B ပုံစံလေးတွေ များပါတယ်။ ပြီးတော့ Electro Pop ပုံစံ
လေးတွေပါမယ်။ ကိုကျားပေါက် ရေးပေးထားတဲ့ သီချင်းလေးဆိုရင် Blue နည်းနည်းဆန်တယ်"
လို့ Ar-T က သူ့အခွေမှာ ပါ၀င်မယ့် သီချင်းတွေအကြောင်း ပြောပြခဲ့ပါတယ်။

J-Me၊ စန္ဒီမြင့်လွင်၊ ချစ်စိုးနဲ့ ကေကေမိုး တို့က Featuring အနေနဲ့ ကူညီသီဆို ပေးထားမှာဖြစ်ပြီး
မတ်လ ၂၆ ရက်နေ့ မှာတော့ မန္တလေးမြို့ ဒိုင်းမွန်းပလာဇာမှာလည်း ပရိသတ်များကို အမှတ်တရ
လက်မှတ်ထိုးပေးပြီး သီချင်းများကို ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး