ဂီတသက်တမ်း ၃၃ နှစ်အတွင်း ပထမဆုံး ဖျော်ဖြေပွဲပြုလုပ်မယ့် အဆိုတော် ဖြူသီ

ဂီတသက်တမ်း ၃၃ နှစ်အတွင်း ပထမဆုံး ဖျော်ဖြေပွဲပြုလုပ်မယ့် အဆိုတော် ဖြူသီ

တစ်ချိန်က ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင် ဖြူသီက သူ့ရဲ့ ဂီတသက်တမ်း ၃၃ နှစ်အတွင်း ပထမဆုံးဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းကအမျိုးသားဇာတ်ရုံ မှာ ဂီတဖျော်ဖြေပွဲတစ်ခုကို မတ်လ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တစ်ချိန်က ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင် ဖြူသီက သူ့ရဲ့ ဂီတသက်တမ်း
၃၃ နှစ်အတွင်း ပထမဆုံးဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းက အမျိုးသားဇာတ်ရုံ မှာ
ဂီတဖျော်ဖြေပွဲတစ်ခုကို မတ်လ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"ကိုယ်တိုင်သာ ပွဲလုပ်မယ်ဆိုပြီး စီစဉ်လိုက်ရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့
အန်တီက စင်ပေါ်မှာ သီချင်းဆိုရမှာ ကြောက်ပါတယ်။ ဒီပွဲ လေးလုပ်ဖို့ အန်ဒီက ကမ်းလှမ်းတော့
လည်း စင်ပေါ်မှာ သီချင်းဆိုနေတုန်း အမှားလုပ်မိမှာစိုးတာရယ်၊ ကျန်းမာရေး မကောင်းတာကြောင့်
ရယ် ငြင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း သူကအား မလျှော့စတမ်းကြိုးစားပြီး အန်တီရဲ့ကိစ္စ အကုန်လုံး
ကို တာဝန်ယူတယ်လို့ အာမ ခံတွေအမျိုးမျိုးပေးတာကြောင့် လုပ်ဖြစ်သွားတာပါ"လို့ တေးသံရှင်
ဖြူသီက သူ့ရဲ့ ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့၊ ရန်ကုန်မြို့မှာပြုလုပ်တဲ့ စာနယ်ဇင်း
ရှင်းလင်းပွဲတွင် ပြောပြခဲ့ပါတယ်။

"ပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်ကတည်းက အန်တီဖြူသီကို တောင်းဆို နေတာပါ" လို့ Golden
Wave Music Production မှ ပွဲစီစဉ်သူဖြစ်တဲ့ ကိုအန်ဒီအောင်က မြန်မာတိုင်း(မ်)ကို ပြောပါ
တယ်။

အဆိုတော်ဖြူသီရဲ့ သီချင်းတွေ နားထောင်ပြီးတဲ့အခါတိုင်း ငြိမ်းချမ်းမှုတစ်ခုကို ခံစားလိုက်ရပြီး
အခုချိန်ထိ သီချင်းတွေ တိုက်တဲ့အချိန်မှာ အဲလို ငြိမ်းချမ်းမှုပေးနိုင်လောက်အောင်မီတဲ့ အဆိုတော်
မရှိသေးဘူးလို့လည်း သူက ပြောပြခဲ့ပါတယ်။

တေးသံရှင် ဖြူသီဟာ ၁၉၈၀ ပြည့်နှစ်မှ စတင်ကာ 'မိုင်ပေါင်းကုဋေ' ဆိုတဲ့စီးရီးနဲ့ ဂီတလောကထဲ
ကို ၀င်ရောက်လာပြီး နောက်ဆုံးထွက်ရှိတဲ့စီးရီးက 'လမ်းပြ ကြယ်' ဖြစ်တာကြောင့် ဖျော်ဖြေပွဲရဲ့
ခေါင်းစဉ်ကို 'မိုင်ပေါင်းကုဋေမှ လမ်းပြ ကြယ်သို့' ဆိုပြီး ပေးဖြစ်တယ်လို့ သိရပါတယ်။

သာမန်ဖျော်ဖြေပွဲမဟုတ်ဘဲ တေးသံစုံ ဂီတတင်ဆက်မှုတစ်ခုလိုမျိုး ဖြစ်အောင် ပြင်ဆင်ထားတဲ့
အကြောင်းကိုလည်း ပြောပါတယ်။

"ကျွန်တော်တို့ တေးသရုပ်ဖော် အစီအစဉ်ကို ထူးထူးခြားခြား ဖြစ်အောင် ပြင်ဆင်ပြီး ထည့်ထားပါ
တယ်။ ပြီးတော့ အန်တီရဲ့သီချင်းတွေကို တခြားအဆိုတော်တွေ ပုံစံအသစ်နဲ့ တင်ပြမယ့် အစီအစဉ်
တွေပါမယ်။ မြန်မာအကကိုလည်း တင်ဆက်မှာ ဖြစ်သလို ခေတ်ပေါ်အကလည်း ပါမှာပါ။ ပြောချင်
တာကတော့ လာကြည့်လိုက်မယ်ဆိုရင် ပရိသတ်တွေ အကုန်လုံး ကျေနပ်မှုအပြည့်ရမှာပါ။
ကျွန်တော်တို့က ပိုက်ဆံရဖို့ ဒီပွဲကို လုပ်တာ မဟုတ်ပါဘူး။ အန်တီသီချင်း တွေကို နားထောင်ချင်
တဲ့ ပရိသတ်တွေအတွက် ကိုယ်တိုင်လည်း ကြိုက်နှစ်သက်လို့ လုပ်တာပါ" လို့ ပြောပြခဲ့ပါတယ်။

ဖြုသီရဲ့သမီးဖြစ်သူ မို့မို့ကလည်း မိခင်ဖြစ်သူနဲ့ အတူတူသီဆို ဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။

"မို့က ဒီပွဲမှာ မေမေ့သီချင်းလေးပုဒ် လောက် ဆိုမှာပါ။ တစ်ပုဒ်ကိုတော့ မေမေနဲ့ တွဲဆိုမှာပါ။ ဒီပွဲမှာ
ပါ၀င်မယ့် အဆိုတော်တွေအကုန်လုံး မေမေ့ သီချင်းတွေပဲ ဆိုကြမှာပါ"လို့ မို့မို့က မြန်မာတိုင်း(မ်)
ကို ပြောပါတယ်။

အဆိုတော်ဖြူသီရဲ့ ဖျော်ဖြေပွဲလေး မှာ တေးသံရှင် ဇော်ဝင်းထွဋ်၊ ဇော်ပိုင်၊ သျှီ၊ နီနီခင်ဇော်၊
ရတနာဦး၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်တို့နဲ့အတူ တခြား သော အဆိုတော်များက ပါ၀င်ဖျော်ဖြေ
သွားမှာဖြစ်ပြီး Oasis၊ Emperor နဲ့ Golden Wave စတဲ့ တီးဝိုင်းများက တီးခတ်ပေးသွားမှာ
ဖြစ်ပါတယ်။

Oasis တီးဝိုင်းမှ ကီးဘုတ်သမား ကိုသက်ကလည်း "မဖြူသီ အရင်က ခွေတွေအများကြီး ထွက်ခဲ့
ပေမယ့် သူ့မျက်နှာကို ထုတ်မပြခဲ့ပါဘူး။ အဲဒီအချိန်က ပရိသတ်တွေက ဖြူသီဆိုတာ ဘယ်လိုပုံစံ
လဲဆိုတာ သိချင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ မဖြူသီက ပရိသတ်တွေကို သူ့မျက်နှာကို ထုတ်ဖော်ပြ
သတော့မှာပါ။ အဲဒါကြောင့် ပရိသတ်တွေကို တစ်ခု ပြောချင်ပါတယ်။ ပွဲလာကြည့်တဲ့အခါ မြင်ရ
မယ့် ဖြူသီသည် လွန်ခဲ့တဲ့ နှစ် ၃၀ က ဖြူသီအတိုင်းပါပဲ။ ဘာမှသိပ်မပြောင်း လဲသွားပါဘူး" လို့
ပြောပြခဲ့ပါတယ်။

ဖျော်ဖြေပွဲလက်မှတ်များကို ဘိုဘို အန်တာတိန်းမန့်၊ ရန်ကင်းစင်တာနဲ့ ရွှေ FM တို့မှာ မတ် ၁၆ ရက်
နေ့မှ စတင် ရောင်းချပေးနေပြီဖြစ်ပြီး လက်မှတ်ဈေး နှုန်းတွေကို ကျပ် ၃၀,၀၀၀၊ ၂၀,၀၀၀၊ ၁၅,၀၀၀
နဲ့ ကျပ် ၆,၀၀၀ တို့ သတ်မှတ်ထားပါတယ်။

ပွဲကို သွားရောက်မကြည့်နိုင်တဲ့ ပရိ သတ်များအတွက်လည်း ဖျော်ဖြေပွဲကို အချိန်နဲ့တပြေးညီ
Sky Net ရုပ်သံလိုင်း နဲ့ ရွှေ FM တို့မှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး