"ဆိုးကတော်" ကင်းတဲပေါ်ကနေ ကရင်ဘာသာစကားနဲ့ ခပ်မာမာလှမ်းအော်လိုက်တာကြောင့် ရုတ်တရက် လန့်သွားပြီး တက်ကြွနေတဲ့ ခြေလှမ်းတွေ ခဏရပ်လိုက်ပါတယ်။
"ဆိုးကတော်" ကင်းတဲပေါ်ကနေ ကရင်ဘာသာစကားနဲ့ ခပ်မာမာလှမ်းအော်လိုက်တာကြောင့်
ရုတ်တရက် လန့်သွားပြီး တက်ကြွနေတဲ့ ခြေလှမ်းတွေ ခဏရပ်လိုက်ပါတယ်။
အသက် ၄၀ ၀န်းကျင်အရွယ်၊ အကျႌခပ်နွမ်းနွမ်းနဲ့ ဘောင်းဘီပွပွ ၀တ်ထားတဲ့လူကြီးတစ်ယောက်
တောင်စောင်း ပေါ်မှာရှိတဲ့ ကင်းတဲထဲကနေ ခုန်ဆင်းလာပြီး ကရင်ဘာသာနဲ့ စကားတွေဆက်ပြော
နေပါတယ်။
သူပြောတဲ့ စကားတွေကို ကရင်တိုင်းရင်းသားမဟုတ်တဲ့ ကျွန်မတို့ လေ့လာရေးအဖွဲ့ဝင်အများစု
နားမလည်တာကြောင့် နားလည်တဲ့ လေ့လာရေးအဖွဲ့ဝင်တစ်ဦးက စခန်းတွင်း ၀င်ရောက်လေ့လာ
ခွင့်ရအောင် ရှင်းပြ ပြောဆိုပါတယ်။
အဲဒီနေရာကတော့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကဒုက္ခသည်စခန်း တွေထဲမှာ လူဦးရေအများ
ဆုံးစခန်းဖြစ်တဲ့ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ပါတဲ့ မယ်လဒုက္ခသည်စခန်းပဲ ဖြစ်ပါတယ်။
သည်စခန်းက ဒုက္ခသည်တွေရဲ့ဘဝတွေ၊ နေထိုင်စားသောက်မှုပုံစံတွေနဲ့ သူတို့ရဲ့ယုံကြည်ရာ
မျှော်လင့်ချက်တွေကို လေ့လာချင်တဲ့စိတ်က စခန်းတွင်းဝင် ခွင့်မရမှာကို စိုးရိမ်မိနေတာနဲ့တစ်ပြိုင်
တည်း စခန်းအဝင်ဂိတ်က ကရင်ဘာ သာနဲ့ အချင်းချင်း လှမ်းအော်အော် ပြောနေတဲ့ အသံတွေ
ကြောင့်လည်း ကိုယ်က နားမလည်တော့ အားငယ်မိ သလိုပါပဲ။
ကျွန်မတို့အဖွဲ့ထဲက ကရင်တိုင်းရင်း သူနဲ့ စခန်းလုံခြံုရေးကင်းသမားနဲ့ နာရီဝက်နီးပါးကြာအောင်
ညှိနှိုင်းလိုက်ရပါတယ်။
ခွင့်ပြုချက်ရပြီဆိုတော့မှ အဖွဲ့ဝင် ၁၈ ယောက်ပါတဲ့ ကျွန်မတို့ လေ့လာရေးအဖွဲ့ရဲ့ မျှော်လင့်ချက်
က ပြန်လည်ရှင်သန်လာရပါတယ်။
ဒါပေမဲ့ ကင်းသမားနဲ့ အပြန်အလှန် သဘောတူခဲ့ရတာကတော့ စခန်းထဲမှာ ဓာတ်ပုံမရိုက်ဖို့၊
ဒုက္ခသည်တွေကို အနှောင့်အယှက်မပေးဖို့နဲ့ တစ်နာရီအတွင်း လေ့လာပြီးတာနဲ့ စခန်းထဲက နေ
ပြန်ထွက်ပေးဖို့ ဆိုတာတွေပါပဲ။
လေ့လာခွင့်ရချိန်မှာ ပျော်ရွှင်သွားရ ပေမယ့် တကယ်တမ်း စခန်းအတွင်းကို ခြေစလှမ်းချိန်မှာတော့
ဒုက္ခသည်လို့ ကင်ပွန်းတပ်ခံထားရတဲ့ စခန်းတွင်း နေထိုင်သူတွေနဲ့ တွေ့ဆုံရမှာကိုတော့
ဘာကြောင့်မှန်းမသိ ရင်ထိတ်နေမိပါတယ်။
စခန်းထဲမှာပဲနေတဲ့ ကရင်အမျိုးသား တစ်ယောက်က ကျွန်မတို့အဖွဲ့ကို ဦးဆောင်လမ်းပြပေးပါ
တယ်။
ဒါပေမဲ့ ပုံမှန်လူသွားလမ်းတွေကိုမသုံးဘဲ တစ်နာရီအချိန်တိုအတွင်းမှာ စခန်းအနှံ့ လေ့လာနိုင်ဖို့
ဖြတ်လမ်းကနေ ခေါ်သွားမယ်လို့ပြောတာကြောင့် အနည်းငယ် ထူးဆန်းသလိုဖြစ်ပေမယ့်
လေ့လာဖို့က အဓိကပဲလေဆိုပြီး သူခေါ်တဲ့အတိုင်း လိုက်ဖို့ တစ်ဖွဲ့လုံး လက်ခံလိုက်ကြပါတယ်။
စခန်းတွင်း နေထိုင်သူတွေကို အနှောင့်အယှက်မဖြစ်အောင်ဆိုပြီး ၁၈ ယောက်စလုံး တစ်စုတည်း
မသွားဖို့ ပြောတာကြောင့် သုံးလေးယောက် တစ်ဖွဲ့စီခွဲပြီး အချင်းချင်းမျက်ခြည်လည်း မပြတ်စေဘဲ
ခပ်ကုတ်ကုတ်လိုက်ကြရပါတယ်။
စဝင်တဲ့နေရာကနေ လှမ်းမျှော်ကြည့် လိုက်တော့ အနောက်ဘက်ကို ၀င်နေတဲ့ ညနေ ၃ နာရီ
နေရောင်က မားမားရပ်နေတဲ့ တောင်တန်းကို မကျော်ဖြတ် နိုင်ပေမယ့် တိမ်တောင်တွေဆီကို
အရောင်ဟပ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး ခပ်လင်းလင်းဖြစ်နေစေပြီး စိမ်းမှောင်နေတဲ့တောင်ခြေက
သည်စခန်းကို အလွန်သာယာနေစေပါတယ်။
ဦးဆောင်တဲ့သူက ခပ်သွက်သွက် လမ်းလျှောက်ရင်း ပထမဆုံးတွေ့ရတဲ့ခရစ်ယာန်ဘုရားကျောင်း
လေးထဲဝင်သွားတာမို့ သူ့နောက်ကနေ ထက်ကြပ် မကွာလိုက်ကြရတဲ့ ကျွန်မတို့အဖွဲ့ဟာ ကျောင်း
နောက်က နှစ်ခန်းတွဲအိမ်သာရဲ့ မိလ္လာပိုက်တွေကိုပါ ကျော်ခွဖြတ်ကျော်ရင်း လေ့လာရေးခရီးစဉ်ကို
စတင်ရတာ ကြောင့် ခုနကကြည်နူးမိတဲ့ပတ်ဝန်းကျင် ခံစားချက်ကို မေ့လျော့သွားပါတော့တယ်။
အနိမ့်အမြင့်မညီတဲ့ တောင်ကမ်းပါးယံတစ်လျှောက် ခနော်နီခနော်နဲ့ ဆောက်လုပ်ထားတဲ့
ဒုက္ခသည်တဲအိမ် လေးတွေက ရွာလမ်းခပ်ကျဉ်းကျဉ်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ခပ်စိတ်စိတ်
နေရာယူထားကြပါတယ်။
တချို့တဲအိမ် တွေရဲ့အရှေ့မှာတော့ မုန်ညင်း၊ မုန်လာ စတဲ့ တစ်နိုင်စိုက်ခင်းလေးတွေကိုလည်း
တွေ့ရပါတယ်။
လူလေးသောင်းကျော် နေထိုင်တဲ့ မယ်လဒုက္ခသည်စခန်းမှာ အများဆုံးက ကရင်တိုင်းရင်းသားတွေ
ဖြစ်ပြီး မြန်မာ၊ ကချင်၊ မွန်၊ ရခိုင်၊ လီဆူး၊ လားဟူ၊ ချင်း၊ ဇွန်မီ၊ ကယားနဲ့ နာဂ တိုင်းရင်းသားတွေ
လည်းရှိကြတယ်လို့ ဒုက္ခသည် စခန်းကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ငါးမိနစ်လောက် အိမ်ဘေးလမ်းကြားတွေထဲဖြတ်လျှောက်၊ ပြီးတော့ ကလေးတွေ ကစားနေကြတဲ့
ဘောလုံး ကွင်းခပ်ကျယ်ကျယ်တစ်ခုကို ထပ်ဖြတ်လိုက်ကြပြီးနောက် ရေအနည်းငယ် စီးဆင်းနေတဲ့
စမ်းချောင်းလေးတစ်ခုက ကျွန်မတို့အရှေ့မှာ စောင့်ကြိုနေပါတော့တယ်။
စမ်းချောင်းလေးက တဲအိမ်တွေရဲ့ အနောက်ဘက်မှာ တည်ရှိနေတဲ့အတွက် အမှိုက်တွေနဲ့ပြည့်နေ
တာကြောင့် ဆင်းရမှာ ခပ်ရွံ့ရွံ့ဖြစ်ပေမယ့် တစ်ဖွဲ့သားလုံး တိုင်ပင်စရာမလိုအောင်ကို ဖိနပ်ကိုယ်စီ
ချွတ်ကာ ရေထဲဖြတ်ဆင်းပြီး တစ်ဖက် ခြမ်းကို ကူးလိုက်ကြပါတယ်။
စမ်းချောင်းကနေ အတက်မှာတော့ မြေအနေအထားက ပိုမတ်စောက်လာပြီး အဆင်ပြေသလို
ဆောက်ထားတဲ့ တဲအိမ်တွေထဲကနေ ကလေးနဲ့ အမျိုးသမီးတချို့ကတော့ ကျွန်မတို့အဖွဲ့ကို
စူးစမ်းတဲ့အကြည့်တွေနဲ့ မသိမသာ အကဲခတ်နေပုံပါပဲ။
အကွေ့အကောက်များပြီး ခပ်မတ်မတ်လမ်းလေးအတိုင်း ၁၅ မိနစ်လောက် လျှောက်လိုက်ချိန်မှာ
တော့ ကြည်လင် နေတဲ့ ရာသီဥတုက မှောင်ယောင်ယောင် ဖြစ်နေရာကနေ မိုးဖွဲလေးရွာလာပြီး
ခဏအတွင်းမှာပဲ ၀ုန်းခနဲ ရွာချလိုက်ပါ တော့တယ်။
လမ်းပြရဲ့အနောက်ကို အပြေးလိုက် ရင်းတက်နေကြရတဲ့ ကုန်းမို့မို့အဆုံး ရောက်တော့ ကိုရင်လေး
တွေနဲ့ ကလေးငယ်တွေ ဘောလုံးဆော့ကစားနေကြတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မိုးဝင်
ခိုလိုက်ကြပါတယ်။
ဘုန်းကြီးကျောင်းအမည်က 'သီရိ စန္ဒာ'ပါ။ ဆောက်တည်ထားတာ နှစ် ၂၀ ရှိပြီလို့ ကျောင်းထိုင်
ဦးဇင်း ဦးဝိသုဒ္ဓက မိုးဝင်ခိုတဲ့ ကျွန်မတို့အဖွဲ့ကို ရှင်းပြပါတယ်။
ကျောင်းဆောင်ထဲမှာ ကြမ်းတိုက် နေတဲ့ ဘုန်းကြီးကျောင်းသားလေးတွေ ကတော့ ကရင်ဘာသာ
စကားနဲ့ အချင်းချင်းတီးတိုးပြောဆိုနေကြရဲ့။
ထင်ကြေး တွေ အပြန်အလှန် ဖလှယ်နေကြဟန်ပါပဲ။ ဦးဝိသုဒ္ဓက "စခန်းထဲမှာ ဗုဒ္ဒဘာသာဝင်တွေ
လည်းရှိတော့ ဦးဇင်းတို့က ရပ်ကွက်အလိုက် ဆွမ်းခံထွက်ကြတယ်။ ဒီနှစ်တွေမှာ လူဦးရေက
တိုးလာပြီး အထောက်အပံ့ကလည်း လျော့လာ တော့ ဒုက္ခသည်တွေအတွက် အခက်အခဲ ရှိလာ
တယ်" လို့ မိန့်ပါတယ်။

နိုင်ငံတကာအလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ စားသောက်နေထိုင်ကြရတဲ့ ဒုက္ခသည်စခန်းတွင်း နေထိုင်
သူတွေဟာ ကိုယ်ပိုင်စီးပွား လုပ်ပိုင်ခွင့်မရသလို ၀င် ငွေရအောင်လည်း အပြင်မှာ အလုပ်ထွက်
လုပ်ခွင့် မရှိကြပါဘူး။
"ဒီကလူတွေကို ပြည်တွင်းမှာ ပြန်နေရာချပေးမယ်လို့ ကြားပေမယ့် တကယ်တော့ ကောလာဟလ
တွေပါ။ အရင်ကလည်း ခဏခဏ ကြားနေရတာပဲလေ။ဘုန်းကြီးပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုချစ်ပြီး
ပြန်ချင်တာပေါ့။ ဒါပေမဲ့ ဌာနဆိုင်ရာ လူကြီးတွေက ခုချိန်ထိတော့ ဘာမှမပြောကြသေးပါဘူး" လို့
ဦးဝိသုဒ္ဓက မိန့်ပါတယ်။
မိုးသည်းသည်းရွာနေတဲ့အကြားကအသံမြှင့်ပြီးမိန့်တဲ့ ဦးဇင်းရဲ့ အဲဒီစကားကို ကရင်ပြည်နယ်၊
လှိုင်းဘွဲ့မြို့ကနေ မယ်လဒုက္ခသည်စခန်းမှာ ကျောင်းလာတက်နေတဲ့ စောကျော်မြဦးက လည်း
စကားဝိုင်းအနားမှာ ကြမ်းတိုက် နေရာကနေလှမ်းထောက်ခံလိုက်ပါ တယ်။
စောကျော်မြဦးက "ဒီမှာက ပိုက်ဆံမရ ပေမယ့် ပညာရတယ်။ ပညာသင်ပြီး ပိုက်ဆံရမယ့်အလုပ်
တော့ မြန်မြန်လုပ်ချင်နေပြီ။ မြန်မာပြည်မှာ အခြေအနေ ကောင်းရင် ပြန်လာချင်တယ်။ ကျွန်တော်
နေတဲ့ရွာမှာက အခွန်အကောက်များ တော့ ဘာလုပ်လုပ် အဆင်မပြေတော့ဘူး"လို့ ခပ်ညည်း
ညည်းလေး ပြောပါတယ်။
သည်စခန်းတွင်းက ပညာရေးစိတ်ဝင်စားတဲ့ လူငယ်တွေဟာ အင်န်ဂျီအိုတွေ ကဖွင့်ပေးထားတဲ့
စခန်းထဲက ကောလိပ် အကြိုကျောင်း Post Ten တွေမှာ နှစ်သက်ရာဘာသာရပ်အလိုက် ရွေးချယ်
သင်ယူနိုင်ပြီး တစ်နှစ်စာအတွက် ဘတ် ၁၀၀ (ကျပ် ၃,၀၀၀)၀န်းကျင်သာ စိုက်သုံးရတယ်လို့၊သူက
ဆက်ရှင်းပြပါတယ်။
စခန်းတွင်းကအထက်တန်းကျောင်း တစ်ကျောင်းမှာ ပညာသင်ယူနေတဲ့ ကရင်တိုင်းရင်းသား
မောင်လေးက ကျွန်မတို့လေ့လာရေးအဖွဲ့နဲ့ အခုလိုဆုံတွေ့ရတော့ မြန်မာနိုင်ငံက သူ့ဇာတိ
အိမ်လေးကို သတိရပြီး ပြန်ချင်လာတယ် လို့ ဖွင့်ဟလာပါတယ်။
"ငါ့အဘိုးနဲ့ ဒီကျောင်းက ဘုန်းကြီးနဲ့ သိတော့ ဒီမှာ ကျောင်းလာတက်တယ်။ ဘုန်းကြီးကျောင်းက
ကျွေးတယ်။ အမက ဘန်ကောက်မှာ အလုပ်လုပ် နေတော့ ငါလည်း ကျောင်းတက်ပြီးရင်
ဘန်ကောက်သွားမယ်။ ဒါပေမဲ့ အခု မြန်မာပြည်ကသူတွေ တွေ့ရတော့ အိမ်ကို လွမ်းတယ်"လို့
ပြောပါတယ်။
ကိုရင်လေးတွေ၊ ဘုန်းကြီးကျောင်း သားလေးတွေရဲ့ ရင်ဖွင့်သံတွေ အများကြီးကို ဆက်ပြီးနား
ထောင်ပေးချင်ပေမယ့်လည်း မိုးက တဖြည်းဖြည်း စဲလာသလို ဂိတ်ဝလုံခြံုရေးက ခွင့်ပြုထားတဲ့
အချိန်ကိုလည်း ပြန်ကြည့်ရသေးတော့ ကျွန်မတို့တစ်ဖွဲ့လုံး သံဃာအပါး ၈၀ ကျော်သီတင်းသုံး
နေထိုင်ရာ သီရိစန္ဒာ ဘုန်းတော်ကြီးကျောင်းကနေ ပြန်လည် ထွက်ခွာခဲ့ကြရပါတယ်။
ဘုန်းတော်ကြီးကျောင်းရဲ့ဘေးဘက်တောင်ကြားလမ်းကနေ တစ်ဆင့် အောက်ဘက်ကို ဆင်းလိုက်
ရင် ထိုင်း- မြန်မာပစ္စည်းမျိုးစုံရတယ်ဆိုတဲ့ မယ်လစခန်းရဲ့ဈေးကို ရောက်တယ်လို့ လမ်းပြ ကပြော
ပေမယ့်လည်း အချိန်မလုံ လောက်တော့တာကြောင့် တောင်အစွန်းလေးကနေပဲ လှမ်းကြည့်ဖြစ်ပါ
တယ်။
ကိုယ်ပိုင်စီးပွား လုပ်ခွင့်မရဘူးလို့ဆိုတဲ့ ဒီစခန်းထဲမှာ တစ်ပိုင်တစ်နိုင်ဖွင့်ထားတဲ့ အိမ်ဆိုင်လေးတွေ
ကိုလည်း ဖြတ်ပြန်လာတဲ့ လမ်းတစ်လျှောက်ကနေ အပေါ်စီးကနေ လှမ်းမြင်ရတဲ့ အင်ဖက်ခပ်ထူထူ
အမိုးတွေနဲ့ မယ်လ ဈေးနားအထိ တွေ့ရပါတယ်။
"အိမ်ဆိုင်က မထွက်လို့မရတော့ဘူး။ ထောက်ပံ့စရိတ်တွေ နည်းသွားတယ်လေ။ အရင်ကရတဲ့
တစ်ယောက်စာက အခုသုံးယောက် မျှသုံးရသလိုဖြစ်နေတယ်။ ဆေးရုံနဲ့ ကျောင်းက အခမဲ့
ဆိုပေမယ့် နည်းနည်းပါးပါးတော့ ပေးရ သေးတယ်လေ" လို့ လမ်းသွယ်တစ်ခုရဲ့ ဘေးနားက
အိမ်ဆိုင်ပိုင်ရှင် ဒေါ်ကြည်ကြည်က ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ဝန်းကျင် က ရွာတစ်ရွာမှာ နေခဲ့တဲ့ ဒေါ်ကြည်ကြည်က မြန်မာနိုင်ငံကို
ပြန်ပို့မယ်ဆိုရင် တောင် အိမ်နဲ့ လယ်ယာတွေ မရှိတော့တဲ့အတွက် မပြန်ချင်ဘူးလို့ ဆိုလာတယ်။
"ဟိုမှာ တောထဲမှာ နေခဲ့ရတာလေ။ အိမ်တို့၊ လုပ်စားစရာယာတို့လည်း မရှိ တော့ဘူး။ တကယ်လို့
ပြန်ခွင့်ရရင် တောင်အခြေအနေတွေ အေးချမ်းသွားမှ ပြန်ချင်တယ်။ ပြီးတော့ ငါတို့ နေထိုင်ဖို့လည်း
စီစဉ်ပေးမှရမှာ" မယ်လဒုက္ခသည်စခန်းမှာ ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ ဈေးနဲ့ စာကြည့်တိုက်ကအစ
တွေ့ခဲ့ရပေမယ့် စခန်းတွင်း နေထိုင်သူတွေအတွက် ဘယ်လောက်များ အထောက်အကူပေးနေ
တယ် ဆိုတာ သိချင်ပေမယ့် စခန်းကလူတွေဟာ မိုးဖွဲဖွဲရွာနေလို့ အိမ်အပြင် မထွက်ကြ တော့
မမေးဖြစ်ခဲ့ပါဘူး။
ဇုန်အေ၊ ဘီ၊ စီ ဆိုတဲ့ ရပ်ကွက်တွေ ကိုတောင် ကမ်းပါးယံနဲ့ တောင်ခြေမှာ ဖြန့်ကြဲတည်ဆောက်
ထားတဲ့ မယ်လစခန်းရဲ့အတွင်းပိုင်းကို ဆက်လက် လေ့လာဖို့ အချိန်မရှိတော့သလို မိုးဖွဲဖွဲ အောက်
ညနေခင်းဟာ တဖြည်းဖြည်း ပိုမှောင်လာနေတာကြောင့် ပြန်ကြဖို့ ဆုံးဖြတ်ချက်ချခဲ့ကြရပါတယ်။
ဒုက္ခသည်အဖြစ် သတ်မှတ်ခံရသူတွေ ရဲ့ စကားသံတချို့ကို နားထောင်ပြီး လာလမ်းအတိုင်း
ပြန်ဆင်းလာချိန်မှာ တော့ အလာတုန်းက ကျော်ဖြတ်ခဲ့တဲ့ စမ်းချောင်းလေးက ခုနက ရွာထားတဲ့
မိုးဒဏ်ကြောင့် မကြည်လင်တော့ဘဲ နောက်ကျိလို့နေပါပြီ။
တောင်ဆင်းလမ်းလေးရဲ့ နံဘေး ခရစ်ယာန်ဘုရားရှိခိုးကျောင်းလေးဆီက သံပြိုင်သီချင်းဆိုသံလေး
ကတော့ ညီညီညာညာလေး ပျံ့လွင့်နေပါတယ်။
မိုးသာမက လေပြင်းပါတိုက်ခဲ့တာမို့ သစ်ပင်တချို့ လဲပြိုနေပေမယ့် လက်ကျန် မိုးဖွဲလေးရဲ့အောက်
မှာ ရာသီဥတုက ပြန်လည်လှပနေပြန်ပါပြီ။
မိုးတွေလေတွေကြား အိမ်ကြိုအိမ်ကြားနဲ့ အိမ်သာနောက်တွေကပါ ခဲရာ ခဲဆစ်သွားခဲ့ရပေမယ့်
ကိုယ့်နိုင်ငံက တိုင်းရင်းသားတွေဖြစ်တာကြောင့် သူတို့ရဲ့ ရင်ထဲကအသံတွေကို နားထောင်ဖို့ဆိုရင်
မယ်လစခန်းကို နောက်ထပ် အကြိမ်ပေါင်းများစွာ သွားရမယ်ဆိုရင်လည်း မငြင်းပါဘူးဆိုတာ
ကျွန်မအတွက်တော့ သေချာနေပါတော့တယ်။
















