ပိုလို့သာကျပ်တည်းလာတဲ့ မဲဆောက်အမှိုက်ပုံက ရွှေမြန်မာတွေရဲ့ အနှိမ်ခံဘဝ

ပိုလို့သာကျပ်တည်းလာတဲ့ မဲဆောက်အမှိုက်ပုံက ရွှေမြန်မာတွေရဲ့ အနှိမ်ခံဘဝ

ညစ်ပေရေနေတဲ့ ကလေးတစ်သိုက် ယိုင်နဲ့နဲ့ ခြေတံရှည်တဲအိမ်လေးရဲ့ အောက်မှာ ဆော့ကစားရင်း ရက်လွန် လိမ္မော်သီးတချို့ကို မက်မက်မောမောစားနေကြတယ်။

ညစ်ပေရေနေတဲ့ ကလေးတစ်သိုက် ယိုင်နဲ့နဲ့ ခြေတံရှည်တဲအိမ်လေးရဲ့ အောက်မှာ ဆော့ကစားရင်း
ရက်လွန် လိမ္မော်သီးတချို့ကို မက်မက်မောမောစားနေကြတယ်။

သူတို့အပေါ်က နေမင်းကြီးကတော့ မနက်စောစောပိုင်းမှာပဲ စူးရှရှ နေရောင်ခြည်တွေကို ရက်ရက်
ရောရော ပက်ဖျန်းချပေး နေတယ်။

"သားတို့စားဖို့ ဒီလိုအစားအစာတွေ၊ အသီးတွေကို ဒီထဲကပဲ ရှာကြရတာလေ။ အရွက်တွေ၊
ဘာတွေတွေ့ရင်တော့ အမေတို့ကို ပြန်ပေးပြီး ချက်စားကြတယ်" လို့ သူ့အနားက တောင်ကုန်း
တစ်ခုလို ဟီးထနေတဲ့ အမှိုက်ပုံကြီးကို မေးထိုးပြပြီး အသက် ၁၀ နှစ်အရွယ် မောင်မိုးသူအောင်က
ခပ်ဖြည်းဖြည်းပြောပါတယ်။

ဒီနေရာကတော့ မဲဆောက်မြို့ရဲ့ ကီလိုမီတာအနည်းငယ်အကွာ၊ မဲပ ရပ်ကွက်မှာရှိတဲ့ အမှိုက်ပုံကြီး
ဖြစ်ပြီး မဲဆောက်တစ်မြို့လုံးရဲ့ အမှိုက်တွေကို စုပုံထားရာနေရာလည်း ဖြစ်ပါတယ်။

အဲဒီ မဲဆောက်အမှိုက်ပုံကြီးကို မှီခို နေထိုင်ပြီး ရှင်သန်နေရတဲ့ မြန်မာမိသားစု ၁၀၀ ကျော်ရှိနေ
တယ်လို့ အမှိုက်ပုံနေ မိသားစုတွေကို ဦးစီးရတဲ့ ဦးကျော်ကျော်က ပြောပါတယ်။

"အခု အိမ်ခြေစုစုပေါင်း တစ်ရာကျော် ရှိနေတယ်။ သုံးလေးနှစ်အတွင်းမှာကို အိမ်တွေ ထပ်တိုး
လာတာပါ။ နေထိုင်ဖို့ အတွက်တော့ တစ်နှစ်စာ အိမ်ထောင်စု စာရင်းလုပ်ပေးထားပါတယ်" လို့
သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်လောက်ကတော့ မဲဆောက်အမှိုက်ပုံမှာ မြန်မာမိသားစု သုံးလေးအိမ်သာ
နေထိုင်ကာ အမှိုက်ကောက်ပြီး အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ကြတယ်လို့
လည်း ပြောပြပါတယ်။

ဒေါ်ထွေးကြည်တို့ မိသားစုဆိုရင် ဖြူးမြို့နယ်၊ ညောင်ပင်သာရွာကနေ မဲဆောက်အမှိုက်ပုံမှာ
ပြောင်းရွှေ့စီးပွားရှာ နေထိုင်နေတာ ၁၄ နှစ်ကျော်ပါပြီ။

စုတ်ချာတဲ့ လူနေမှုဘဝမှာ နေထိုင်ရပေမယ့် မြန်မာနိုင်ငံမှာထက်စာရင်တော့ ပိုအဆင်ပြေတယ်လို့
သူကပြောပါတယ်။

"မြန်မာပြည်မှာ အိမ်လည်းမရှိတော့ဘူးလေ။ လာတုန်းကတော့ ရွာထဲက သူတွေအပြောကောင်း
တာနဲ့ ကလေးတွေ လက်ဆွဲပြီး ရှိသမျှ အကုန်ရောင်းချလာခဲ့တာ။ တစ်နေ့လုပ်၊ တစ်နေ့စားနဲ့ပဲ
လုံးချာလည်လိုက်ပြီး ခုကလေးတွေတောင် အိမ်ထောင်ကျ၊ ကိုယ်လည်း မြေးတွေ မြစ်တွေရကုန်
ပြီ"လို့ ဒေါ်ထွေးကြည်က ပြောပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် ၀မ်းရေးအတွက် နေ့တိုင်း အမှိုက်ကောက်ဆဲ ဒေါ်ထွေးကြည်ဟာ
အမှိုက်ပုံနေ မိသားစုတွေရဲ့ အားထားစရာ ၀မ်းဆွဲဆရာမကြီးလည်း ဖြစ်ပါတယ်။

"ဈေးနှုန်းသက်သာတဲ့ မယ်တော် ဆေးခန်းရှိပေမယ့် အပြင်ထွက်ရင် ပုလိပ်က ဖမ်းလွန်းတော့
ကိုယ်ဝန်ဆောင်တွေ ဒီမှာပဲ မွေးကြတာများတယ်။ အရမ်းကြီး နေမကောင်းဖြစ်မှ အပြင်ထွက်ပြီး
ဆေးခန်းကို သွားကြတာများတယ်။ နေမကောင်းလည်း သိပ်မဖြစ်ကြပါဘူး"လို့ အမှိုက်ပုံနေ
မိသားစုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံကို ဒေါ်ထွေးကြည်က ပြောပြပါတယ်။

ယင်မည်းတွေ '၀ုန်းခနဲ' ထထပြန်တတ်ပြီး ပတ်ဝန်းကျင်အနံ့ အသက်ဆိုးလွန်းပေမယ့် အသားကျ
နေပုံပေါ်တဲ့ ကလေးငယ်တစ်ဦးကို ချီထားရင်းက "ဒီမှာတော့ သေတဲ့အထိ မနေချင်ဘူး။
မြန်မာပြည် ကိုပြန်ချင်ပေမယ့် ဘယ်သူမှ ဘာမှမလုပ်ပေးကြပါဘူး။ ကိုယ့်မှာ အားကိုးစရာလည်း
မရှိဘူးလေ။ ပိုက်ဆံ စုရအောင်ကျတော့ ဒီနှစ်ပိုင်းမှာ မိသားစု တွေက ပိုများလာတယ်။ ပြီးတော့
အမှိုက် တွေပြန်သန့်တဲ့ စက်ရုံက ဒီနားမှာ လာဆောက်တော့ ဈေးနှိမ်ခံပြီး သူတို့ဆီပဲ ရောင်းရတယ်
လေ"လို့ ပြောရင်း ၀ဲလာတဲ့မျက်ရည် ပါးပြင်ပေါ်စီးကျမသွား အောင် မျက်တောင်စုစုတိုတိုလေးတွေ
တဖျတ်ဖျတ် ခတ်နေပါတော့တယ်။

အမှိုက်ပုံဝန်းကျင်မှာ လွန်ခဲ့တဲ့ တစ် နှစ်ဝန်းကျင်လောက်ကစပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကနေ
အမှိုက်သန့်ပြီး ပြန်လည်ထုတ်လုပ်တဲ့ စက်ရုံလာဆောက်ထားတာကြောင့် သူတို့ ရသမျှအမှိုက်
တွေကို စိတ်ကြိုက်နေရာမှာ သွား ရောင်းခွင့်မရတော့ဘဲ အဲဒီမှာသာ ရောင်းချကြရတော့တာ
ကြောင့် ဈေးလည်းအနှိမ်ခံရတယ်လို့ အမှိုက်ကောက်သူတွေက ဆိုပါတယ်။

"အပြင်မှာ အမှိုက်တစ်ကီလိုကို ၁၀ ဘတ်ရရင် စက်ရုံက ငါးဘတ်ပဲ ပေးတယ်။ ဒါပေမဲ့ ကိုယ်က
တရားမဝင်နေတဲ့သူ တွေဆိုတော့ ဖမ်းဆီးမယ်လို့ခြိမ်းခြောက် နေတာနဲ့ပဲ သူတို့ဆီပဲ ရောင်းရတာ
ပေါ့။ တနင်္ဂနွေနေ့ ဆိုရင်တော့ စက်ရုံပိတ်ရက်ဆိုတော့ ကိုယ်သိမ်းထားတဲ့ အမှိုက်တွေကို သယ်ပိုး
ပြီး အပြင်ဒိုင်တွေဆီ သွားရောင်းပစ်တယ်"လို့ အမှိုက်နားမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ်
မချိုဦးက ပြောပါတယ်။

အမှိုက်ကောက်သူတွေရဲ့ ပုံမှန်ဝင်ငွေ က တစ်ရက်ကို ဘတ် ၁၀၀ ၀န်းကျင် (မြန်မာငွေကျပ်
သုံးထောင်ခန့်) ရကြပြီး တစ်ယောက်ဝမ်းစာအတွက်တော့ လုံလောက်ပါတယ်လို့ သူက ဆိုပါ
တယ်။

"မြန်မာပြည်မှာ ပိုက်ဆံ ၃,၀၀၀ နဲ့ တစ်ရက်စာ စားစရိတ်၊ နေစရိတ်က သိပ်မလွယ်လှဘူး။ ဒီမှာက
ပိုက်ဆံစုလို့ ရ သေးတယ်။ ဒါပေမဲ့ ပုလိပ်တွေ ၀င်ဖမ်းရင်တော့ ရှိတာအကုန်ကုန်တာပါပဲ။ သူတို့က
လူမမိရင်လည်း တွေ့တဲ့ပစ္စည်း ဖျက်ဆီး၊ သိမ်းယူသွားတတ်ကြတယ်။ အဲဒီအချိန်ဆိုရင်တော့
ကိုယ့်ကလေးတွေ ဘာတွေ သတိမရတော့လောက်အောင်ကို ထွက်ပြေးပြီး နီးစပ်ရာချုံပုတ်တွေ
ကြားပုန်းကြရတာပေါ့"လို့ ကလေး နှစ်ယောက်မိခင် မချိုဦးက ပြောပါတယ်။

ခင်ပွန်းသည်နဲ့ အမှိုက်ပုံမှာပဲ ဆုံတွေ့ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပေမယ့် သူ့အတွက်တော့ ဒီနေရာ
ဟာ ရင်ခုန်စရာကောင်းတဲ့နေရာမဟုတ်ဘဲ ရင်တုန် နေရတဲ့နေရာလို့လည်း ဆိုပါတယ်။ ဒါကြောင့်
သားနဲ့ သမီးကို မြန်မာပြည် ပြန်ပို့ချင်တာကြောင့် ပိုက်ဆံစုနေတယ် လို့လည်း ပြောပါတယ်။

"ဒီမှာ ကျောင်းရှိပေမယ့် ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေနဲ့ပဲ ဆောက်ထားတာဆိုတော့ ကလေး
တွေကို သိပ်မထားချင်ဘူး။ ပိုက်ဆံရှိရင် ကိုယ့်နိုင်ငံပဲ ပြန်မယ်။ ပုလိပ်ကြောက်ရတဲ့ ခံစားမှုမျိုးကို
အရမ်း မုန်းနေတယ်။ လူရာမဝင်သလိုလည်း ခံစားရတယ်"လို့ မချိုဦးက ပြောပါတယ်။

အမှိုက်ပုံမှာ စီးပွားရှာနေထိုင်တာ ခြောက်နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ဦးအောင်ဝင်းကတော့ သမီးငယ်
နှစ်ဦးကို မွန်ပြည်နယ်၊ မုတ္တမမြို့မှာရှိတဲ့ အထက်တန်းကျောင်းမှာ ကျောင်းထားပေးတယ်လို့ ဆိုပါ
တယ်။

"သမီးအကြီးကခု ကိုးတန်းရောက်ပြီ။ အငယ်က ခြောက်တန်း။ သူတို့ ဘွဲ့ရတဲ့ အထိကို ကျောင်း
ထားမှာ။ ဒီမှာတော့ ဒို့လင်မယားနှစ်ယောက်ပဲနေပြီးရသမျှ ခြစ်ခြုတ် ပိုက်ဆံစုတယ်။ အခု သမီးနှစ်
ယောက် စာမေးပွဲပြီးလို့ အလည်ခေါ်ထားတယ်လေ။ အောက်လမ်းကပဲ။ သောင်ရင်းမြစ်ကို တစ်ခါ
ကူး ဘတ်၂၀ နဲ့"လို့ ဦးအောင်ဝင်းက ပြောပါတယ်။

သူတို့လို အမှိုက်ပုံမှာ နေထိုင်သူ မိသားစုတွေအတွက် ထိုင်းနိုင်ငံက မဟုတ်တဲ့ ပြင်ပထောက်ပံ့
ကြေးတွေရသလို အခု နှစ်နှစ်အတွင်းမှာ ရေကန်၊ ခေါက်ဆွဲခြောက်စတာတွေ ထောက်ပံ့လာတယ်
လို့ သိရပါတယ်။

"ကန်ထဲမှာ ရေမရှိတော့ရင် ထောက်ပံ့တဲ့ အင်္ဂလိပ်တွေ ပေးထားတဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်ရ
တယ်။ ဖုန်းဆက်ဖို့ ပိုက်ဆံမရှိရင်တော့ ရေမရဘူး ပေါ့။ ရေတွင်းအသေးလေးတစ်တွင်းဆီ ကပဲ
၀ုိင်းသုံးရတယ်။ ဒါပေမဲ့ မြန်မာပြည် မှာနေတာထက်တော့ စားစရာရှာလို့ ရပါသေးတယ်"လို့
ဦးအောင်ဝင်းက ပြောပါတယ်။

ကိုယ့်နိုင်ငံပဲ ပြန်ချင်ကြတယ်ဆိုတဲ့ မဲဆောက်အမှိုက်ပုံနေ မြန်မာမိသားစု တွေက ခုချိန်မှာတော့
ရသမျှ ပိုက်ဆံစုပြီး ပြန်ဖို့ကြိုးစားနေသလို သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြန်လည်နေရာချထား
ရေးကိုလည်း မျှော်လင့်နေကြပါတယ်။

"ဘယ်သူကတော့ သူများနိုင်ငံမှာ ကျွန် လုပ်ချင်မလဲ။ ကိုယ့်နိုင်ငံမှာက နေရာတစ်နေရာရှိရင်
တောင် ပုံမှန် ၀င်ငွေအတွက် မရှိဘူးလေ။ ဒီလိုပဲ ရသမျှ စုဆောင်းပြီးမှ ပြန်ဖို့ပြင်ဆင်ရမှာပါပဲ။
ဒါပေမဲ့ ဒီမှာနေတဲ့ သူတွေအတွက် နောက်ထပ်အခြေအနေ ပိုဆိုးမသွားဖို့လည်း လိုအပ်နေပါတယ်။
ပုလိပ်ဖမ်းတာက အစပေါ့"လို့ ဦးအောင်ဝင်းက ပြောရင်း မနက်ပိုင်း မဲဆောက်တစ်မြို့ လုံးက
အမှိုက်တွေကို သိမ်းကျုံးသယ်ယူလာတဲ့ အမှိုက်ကားတွေ ၀င်လာတာကို ဖျတ်ခနဲ လှမ်းကြည့်
လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူတို့ကို ၀င်ငွေ၊ စားစရာနဲ့ နေစရာပေးနေတဲ့ အမှိုက်ကြီးဆီမှာ တစ်နေ့တာလုပ်ငန်း
ခွင်ဝင်ကြဖို့ အတွက် အမှိုက်ကောက်သမားတွေဟာ အမှိုက်ပုံ ဘေးပတ်ပတ်လည်မှာ၊ ဆောက်
ထားတဲ့ အိမ်စုလေးတွေဆီက နေ လှုပ်လှုပ်ရွရွနဲ့ ထွက်လာကြပါတော့တယ်။

ကောင်းကင်က သူရိယနေမင်းကြီးက သူ့ရင်ခွင်ထဲဝင်လာတဲ့ အလုပ်သမားတွေကို ၀မ်းသာအားရ
လှမ်းပွေ့ဖက်လိုက်တဲ့အလား ရုတ်တရက်ဆိုသလို နေရောင်ကို အစွမ်းကုန် ထွန်းတောက်ပေး
လိုက်ပါတယ်...။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး