'ဒုံးဒုံးဒိုင်းဒိုင်း'ကို ကမ္ဘာကိုဖြန့်ဖို့ စွန့်စားခန်း ထုတ်လိုက်တဲ့ မြန်မာပြည်က ဒီဂျေဂျေး

'ဒုံးဒုံးဒိုင်းဒိုင်း'ကို ကမ္ဘာကိုဖြန့်ဖို့ စွန့်စားခန်း ထုတ်လိုက်တဲ့ မြန်မာပြည်က ဒီဂျေဂျေး

မြန်မာဂီတပညာရှင် တစ်ဦးအဖြစ် နိုင်ငံတကာကို ထိုးဖောက်ဖို့ ကြိုးစား နေတဲ့ DJ Jay [Dhamma Phunk] ဟာ သူ့ရဲ့အယ်လ်ဘမ်အသစ် 'ဒုံးဒုံး ဒိုင်းဒိုင်း'နဲ့ ပရိသတ်တွေကို ၀ုန်းဒိုင်းကြဲ မိတ်ဆက်ပေးလိုက်ပါပြီ။

မြန်မာဂီတပညာရှင် တစ်ဦးအဖြစ် နိုင်ငံတကာကို ထိုးဖောက်ဖို့ ကြိုးစား နေတဲ့ DJ Jay [Dhamma
Phunk] ဟာ သူ့ရဲ့အယ်လ်ဘမ်အသစ် 'ဒုံးဒုံး ဒိုင်းဒိုင်း'နဲ့ ပရိသတ်တွေကို ၀ုန်းဒိုင်းကြဲ မိတ်ဆက်
ပေးလိုက်ပါပြီ။

Dubstep၊ House၊ Glitch Hop စတဲ့ ဂီတအမျိုးအစားတွေကို Dirty Bass နဲ့ Wobble Bass တွေ
သုံးပြီး ဖန်တီးထားတဲ့ မြူးဇစ်အသားပေး တေးသီချင်းဖန်တီးမှုတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့က စတင်ဖြန့်ချိခဲ့ပြီး လတ်တလောမှာ ဂီတချစ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေ
တဲ့ ဒီအယ်လ်ဘမ်ဟာ Jay ရဲ့ ခုနစ်ခွေမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်ပဲ ဖြစ်ပါတယ်။

Jay ဟာ ၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံဂီတလောကထဲမှာ စတင် ခြေချခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ "The Future Sound of Asia" လို့ အမည်ပေးထားတဲ့ ခြောက်ခွေမြောက်
အယ်လ်ဘမ်ကို ထုတ်ဝေဖို့ကြိုးစားခဲ့ရာမှာ DJ Jay နောက်က Dhamma Phunk ဆိုတဲ့ နာမည်
ကြောင့် မြန်မာ နိုင်ငံရဲ့ဆင်ဆာအဖွဲ့မှ ခွင့်ပြုချက်မရရှိခဲ့ဘဲ နိုင်ငံတကာဖြန့်ချိရေးတွေဖြစ်တဲ့
Record Lable၊ Amazon နဲ့ iTune တို့ကနေ ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။

ခုတော့ DJ Jay ဟာ ပြည်တွင်း ဂီတလောကထဲကို 'ဒုံးဒုံးဒိုင်းဒိုင်း' နဲ့ တစ်ခေါက်ပြန်ဝင်လာခဲ့ပါပြီ။

သုံးနှစ်ကြာမှ တစ်ကိုယ်တော်အခွေ ထပ်ထွက်ဖြစ်တာကတော့ မြူးဇစ်ဖန်တီးမှုရော၊ တေးသီချင်း
တွေကို သေချာ စုဆောင်းမှုတွေအပြင် မြန်မာပြည် ပရိသတ်နဲ့ သူ့ရဲ့ဖန်တီးမှုတွေ အနည်းငယ်
နီးစပ်လာမယ့်အချိန်ကို စောင့်နေတာကြောင့်လည်း ပါတယ်လို့ DJ Jay က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

"အရင်ကဆို သူတို့နဲ့ စိမ်းနေမှာ စိုးရိမ်တယ်လေ။ အခုကျတော့ လူတွေက သိပ်မစိမ်းလောက်
တော့ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ တီဗီမှာရော၊ ရေဒီယို မှာရော dubstep တွေကို နောက်ခံ
တီးလုံးအနေနဲ့ Dubstep တီးလုံးတွေ ပါလာပြီဆိုတော့ သူတို့လည်း တဖြည်းဖြည်းနဲ့ ဒီမြူးဇစ်နဲ့
ပိုရင်းနီးလာပြီလို့ ယူဆတယ်"လို့ ပြောပါတယ်။

အခွေထဲမှာ featuring သီဆိုပေးထားတဲ့ တေးသံရှင်တွေကတော့ အနဂ္ဂ၊ ကြက်ဖ၊ G-Tone၊
ကျော်ထွဋ်ဆွေ၊ ASH (အောင်ဟိန်း)၊ ရဲနောင် (P.B.D Hood)၊ Adino၊ Chicz Co Co၊ KP၊ The
Un 1k၊ DJ Breezee၊ Doshy၊ ထိုက်ထိုက်၊ ဂလော့(ခ်)၊ H.rayz တို့ ဖြစ်ပြီး တေးသီချင်းပေါင်း
၁၈ ပုဒ်ကို တဝကြီး နားဆင်ကြရမှာပါ။

ဒါပေမဲ့ ဂီတဝါသနာရှင်တစ်ဦးကတော့ တစ်ခွေလုံး နားထောင်ပြီးတဲ့အခါ သီချင်းများလွန်းတာ
ကြောင့် ပင်ပန်း နွမ်းနယ်သွားတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

အနုပညာနဲ့ပတ်သက်ရင် ပြင်းထန်တဲ့ ခံယူချက်ရှိပုံရတဲ့ ဲပေ ကတော့ ပရိသတ်တွေကို ဆွဲဆောင်
နိုင်ဖို့ ပရိသတ်အကြိုက် ဒီဂျေမြူးဇစ်လေးတွေနဲ့ ဖန်တီး လိုက်ရင် လွယ်ကူပေမယ့် Dubstep
မြူးဇစ်တွေကို ဖန်တီးမှုနည်းနေသေးတဲ့ မြန်မာနိုင်ငံမှာ ဒီလိုမြူးဇစ်အမျိုးအစားတွေကို အယ်လ်ဘမ်
တစ်ခုအနေနဲ့ စွန့်စွန့်စားစား ထုတ်လုပ်ဖြန့်ချိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"လူတွေကို ဆွဲဆောင်ချင်ရင်တော့ လွယ်လွယ်လေးပဲ။ ပေါက်ပြီးသား သီချင်းကို remix လုပ်လိုက်
မယ်။ ဒါမှမဟုတ် အခုလက်ရှိခေတ်စားနေတဲ့ Dutch, Electro House တွေလို ချိုချိုလေးတွေကို
လုပ်မယ်ဆိုရင်တော့ တစ်ရာရာခိုင်နှုန်းလူတွေက ကြိုက်မှာပဲလေ။ ဒါပေမဲ့ ကျွန်တော်လုပ်နေတာ
ကတော့ လူတွေ မသိသေးတဲ့ဟာကို၊ မမြင်ဖူးတဲ့ဟာကို လုပ်နေတာဆိုတော့ တော်တော်လေး
တော့ စွန့်စားရတယ်"လို့ Jay က ပြောပါတယ်။

ဒီဂျေခွေဆိုရင် သာမန် dance မြူးဇစ်တွေလောက်ပဲ နားရည်ဝခဲ့တဲ့ မြန်မာပြည်က ပရိသတ်တွေ
အတွက်တော့ ဒီအခွေက စိတ်ဝင်စားစရာ မြူးဇစ်တွေကို ဖန်တီးတင်ဆက်ထားတာ တွေ့ရမှာပါ။

"ကျွန်တော့်မြူးဇစ်က ပုံမှန်သမား ရိုးကျသွားနေတာတော့ မဟုတ်ဘူး။ ဒီကောင်က နည်းနည်း 
future ဆန်နေတာပေါ့နော်။ ဥပမာ ဟစ်ပ်ဟော့တွေဆိုရင်လည်း ပုံမှန်ကြားနေကျ ဟစ်ပ်ဟော့လို
မဟုတ်ဘဲ သိပ္ပံနည်းနည်းဆန်တဲ့ပုံစံ မျိုးနဲ့ဆိုတဲ့ glitch-hop တွေပါမယ်။ ကျွန်တော့်မြူးဇစ်က
beat ကျဲသွားတာ၊ ဟသွားတဲ့ broken တွေ များတယ်" လို့လည်း ပြောပါတယ်။

နောက်ခံတီးလုံးအနေနဲ့ ခြယ်မှုန်းထားတဲ့ synthesiser တွေ၊ စက်ရုပ်လို အသံတွေ၊ သီချင်းဆိုတဲ့
အသံတွေကို in delay ပုံစံတွေနဲ့ ဖန်တီးထားတဲ့ ဒီလို Dubstep ဂီတပုံစံတွေကတော့ မြန်မာပြည်
မှာ ဖန်တီးမှုနည်းနေသေးပေမယ့် နိုင်ငံတကာမှာတော့ အသုံးများနေတယ်လို့လည်း ဆိုပါတယ်။

"တစ်ကမ္ဘာလုံးမှာရှိတဲ့ မြူးဇစ် trend တွေကလည်း Dubstep ဘက် အကုန်လုံးလိုက်ပြီးတော့
ကပ်ပါသွားကြတယ်။ ဥပမာအားဖြင့် Rihanna ဆိုရင် သူ့ အယ်လ်ဘမ်တွေဆိုလည်း Dubstep နဲ့
ပေါင်းလိုက်တာပဲ။ Korn တို့ ဆိုရင်လည်း သူတို့က ရော့ခ်မြူးဇစ် ဘာမှမဆိုင်ဘူးဆိုပေမယ့် အကုန်
လုံးကို Dubstep နဲ့ လုပ်ချပစ်လိုက်တယ်" လို့ လည်း နိုင်ငံတကာဂီတရေစီးကြောင်းကို ပြောပြ
ပါတယ်။

သူ့အနေနဲ့ ဒီလိုမြူးဇစ်တွေကို ဖန်တီးဖြစ်ဖို့ အကြောင်းရင်းကိုတော့ "Dub step ရဲ့ ဆွဲဆောင်နိုင်တဲ့
အင်အားက အရမ်းကြီးတယ်ဗျ။ သူ့ရဲ့ bass၊ sequence၊ arrangement တွေက လူတွေရဲ့စိတ်
ကို ဆွဲတင်နိုင်တယ်။ အရမ်းလည်း ဆွဲဆောင်နိုင်တယ်" လို့ ပြောပါတယ်။

သူ့ရဲ့အရင်လိုပဲ ဒီအခွေကိုလည်း နိုင်ငံတကာကို iTune ကနေတစ်ဆင့် နှစ်လအတွင်းမှာ ရောင်းချ
သွားမယ်လို့ သိရပါတယ်။

"Worldwide ကို ဖြန့်မှာပါ။ ဒါပေမဲ့ ဒီထဲကသီချင်းတွေက အရမ်းများတော့ ၁၀ ပုဒ်လောက်ကိုပဲ
ရွေးထုတ်ပြီးရောင်းမှာပါ" လို့ ပြောပါတယ်။

အကြိုက်ဆုံးသီချင်းများ
- ဟတ်ပလုတ်ဟတ်ပဲ့
- ဘောက်
- သမိုင်းအစ
- စုန်းမ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး