ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုရက်သတ္တပတ်စတင်

ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုရက်သတ္တပတ်စတင်

"မျဉ်းကျား မရှိတာ သိပ်ကောင်းတယ်.. ရို့ ရို့၊ မီးပွိုင့်တွေမှာ ရဲမရှိပါ.. ရို့ ရို့" စတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း ပညာပေး သီကုံးထားတဲ့ သံချပ်သီချင်းကို ညီညီညာညာ သီဆိုနေတဲ့ အ.မ.က(၈) မူလွန် သင်္ဃန်းကျွန်းကျောင်းက ကျောင်းသူ ကျောင်းသားလေးတွေက ခန်းမအပြည့်နေရာယူထားကြတဲ့ ယာဉ်စည်းကမ်း ...

"မျဉ်းကျား မရှိတာ သိပ်ကောင်းတယ်.. ရို့ ရို့၊ မီးပွိုင့်တွေမှာ ရဲမရှိပါ.. ရို့ ရို့" စတဲ့ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းအကြောင်း ပညာပေး သီကုံးထားတဲ့ သံချပ်သီချင်းကို ညီညီညာညာ သီဆိုနေတဲ့
အ.မ.က(၈) မူလွန် သင်္ဃန်းကျွန်းကျောင်းက ကျောင်းသူ ကျောင်းသားလေးတွေက ခန်းမအပြည့်
နေရာယူထားကြတဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်းတွေ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်
တွေနဲ့ တက်ရောက်လာသူ ဧည့်ပရိသတ်တွေကို ဖမ်းစားနိုင်တာကြောင့် တဝါးဝါးနဲ့ ပွဲကျလို့ နေပါ
တော့တယ်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီရဲ့ ဒုတိယအကြိမ် ကုလ
သမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုရဲ့ ဒီဖွင့်ပွဲအခမ်းအနား
ကို မေလ ၆ ရက်နေ့က လသာမြို့နယ်မှာ ရှိတဲ့ သူနာပြုတက္ကသိုလ်ခန်းမမှာ ကျင်းပနေခြင်း ဖြစ်ပါ
တယ်။

မေလ ၆ ရက်နေ့က စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အသီးသီးမှာ လူဖြတ်ကူး
မျဉ်းကျားနဲ့ ခုံးကျော်တံတား၊ မီးပွိုင့်လမ်းဆုံတွေအပြင် လမ်းလျှောက်သူနဲ့ မော်တော်ယာဉ်စီးနင်းသူ
ခရီးသည် တွေကို အသိပညာပေးမယ့် လှုပ်ရှား မှုအစီအစဉ်တွေကို မေလ ၁၂ ရက်နေ့ အထိ
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ၀န်ထမ်းတွေ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ NGO အဖွဲ့အသီး
သီးတို့ ပူးပေါင်းပြီး ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ရန်ကုန်တိုင်း ယာဉ်စည်းကမ်းကော်မတီက
ဦးစီးပြီး ဆောင်ရွက်နေတာ နှစ် ၂၀ ကျော်ပြီဖြစ် ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂနဲ့ ပူးပေါင်း လှုပ်ရှားမှု
အနေနဲ့ကတော့ ၂၀၀၇ ခုနှစ်က ပထမအကြိမ်နဲ့ အခု ဒုတိယအကြိမ်သာ ရှိသေးတယ်လို့ ပွဲဖြစ်
မြောက်ရေးအတွက် တာဝန်ယူစီစဉ်သူတစ်ဦးဖြစ်တဲ့ ဆေးတက္ကသိုလ်(၁)၊ အရိုးရောဂါပညာဌာနမှ
ဌာနမှူးဖြစ်တဲ့ ပရော်ဖက်ဆာ ဦးသစ်လွင်က ပြောပါတယ်။

"လမ်းကူးမျဉ်းကျားတွေ ဆေးပြန်သုတ်တာမျိုး၊ မီးပွိုင့်တွေ ပြင်တာ၊ လမ်းဖြတ်ကူးသူတွေကို လိုက်
ကူညီပေးတာတွေ၊ အသိပညာပေး ဟောပြောတာတွေကို ဒီခုနစ်ရက်အတွင်းမှာ လုပ်ဆောင်သွား
မှာပါ။ ဒီအစီအစဉ်တွေ ကျင်းပတဲ့ ရက်သတ္တပတ်ကို ကုလသမဂ္ဂက သတ်မှတ်ပေးထားပြီး ပထမ
အကြိမ်တုန်းကလည်း ကုလသမဂ္ဂ အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ တစ်ချိန် တည်း လုပ်ဆောင်ခဲ့ကြ
တာပါ"လို့ ဒေါက်တာသစ်လွင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

 ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အက္ခရာ "E" ငါးလုံးကို စံပြုသတ်မှတ်ထား
တယ်လို့ သိရပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသာမက လမ်းဖြတ်ကူးသူ တွေကိုပါ အသိ
ပညာပေးမှုတွေ လုပ်ဆောင်သွားမယ့် "Education"၊ လမ်း နှင့်အဆောက်အအုံ တံတားအစရှိ
သည်များကို အန္တရာယ်ကင်းအောင် ဆောက်လုပ်ခြင်း "Engineering" စတာတွေ ပါ၀င်တယ်လို့
သိရပါတယ်။

"နောက် E တစ်ခုဖြစ်တဲ့ "Enforcement" ကတော့ စည်းကမ်းမဲ့သူတွေကို အရေးယူတာပေါ့။
"Enforcement" က ယာဉ်အန္တရာယ်နဲ့ ကြံု တွေ့ရသူတွေကို အထိရောက်ဆုံး ကုသပေးတာဖြစ်
ပြီး "Evolution" က ချမှတ်ကျင့်သုံးခဲ့တာတွေကို ပြန်လည် သုံးသပ်တာပါ။

အခုဒီလို ရက်သတ္တပတ်လှုပ်ရှားမှုတွေ လုပ်ခြင်းကနေ အားလုံး ရဲ့သတိထားမှု၊ စိတ်ဝင်စားမှုလေး
တော့ အရင်ဆုံး ရမယ်ထင်ပါတယ်" လို့ ပရော်ဖက်ဆာ သစ်လွင်က ပြောပါတယ်။

အခုလို ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအတွက် ဧပြီ လ ၆ ရက်နေ့မှာ ပထမ
အကြိမ်၊ ဧပြီ ၂၅ ရက်နေ့မှာ ဒုတိယအကြိမ် ယာဉ်အန္တရာယ် ကင်းရှင်းရေး အစည်းအဝေးတွေကို
ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုမှာ ပူးပေါင်း ပါ၀င်ဆောင်ရွက်နေတဲ့ Tag International
Development မှ Senior Public Health Manager ဖြစ်တဲ့ မစ္စတာ ရိုင်းဘန်အီလိုက်ဇာက
ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် "Decade of Action for
Road Safety" ဆိုပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အထိ ဆယ်နှစ်စာ စီမံကိန်းချမှတ်ထားပြီး
ယာဉ်ကြောင့် ထိခိုက်သူတွေ အတွက်လည်း ကုလသမဂ္ဂ ကျန်းမာရေးရန်ပုံငွေထဲက ၂၅ ရာခိုင်နှုန်း
သုံးစွဲဖို့ လျာထားတယ်လို့ ရက်သတ္တပတ်လှုပ် ရှားမှုအဖွင့်ပွဲတော်မှာ ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ အများဆုံး ယာဉ်မတော်တဆမှုတွေနဲ့ ကြံုတွေ့ရသူတွေက အသက် ငါးနှစ်ကနေ
၄၄ နှစ် အတွင်းရှိသူတွေ ဖြစ်ပါတယ်။ မနှစ်က ကမ္ဘာပေါ်မှာ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုကြောင့်
လူပေါင်း ၁ ဒသမ ၃သန်း သေဆုံးခဲ့ရပြီး နစ်နာကုန်ကျငွေက ကျပ်သန်းထောင်ပေါင်း ၅၁၈ ဒေါ်လာ
ကုန်ကျခဲ့ရတယ်လို့ စာရင်း ရရှိထားပါတယ်။ မြန်မာနိုင်ငံမှာလည်း လူသုံးထောင်ကျော်ဟာ မနှစ်က
တစ်နှစ်အတွင်းမှာကို ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ကြပါတယ်"လို့လည်း သူက ပြောပါတယ်။

တင်းကျပ်တာမျိုးမဟုတ်ဘဲ ဘက်စုံကနေ စဉ်းစားချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို တိတိကျ
ကျ လိုက်နာပြီး ယာဉ်အန္တရာယ်ကင်းဝေးကာ စည်းကမ်းရှိတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေ ဖြစ်စေ
ဖို့ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်ကနေ စတင်ကျင့်သုံးကြရ
အောင် တိုက်တွန်းလိုက်ပါရစေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး