ပင်ပန်းလွန်းလို့ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးကနေ ရုန်းထွက်ဖို့ အသည်းအသန် ကြိုးပမ်းနေစဉ်မှာ ဖုန်းမြည်သံကြောင့် လူက မြောက်ခနဲ ဖြစ်သွားပြီး ကျွန်မ လန့်နိုးသွားခဲ့ပါတယ်။
ပင်ပန်းလွန်းလို့ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးကနေ ရုန်းထွက်ဖို့ အသည်းအသန် ကြိုးပမ်း
နေစဉ်မှာ ဖုန်းမြည်သံကြောင့် လူက မြောက်ခနဲ ဖြစ်သွားပြီး ကျွန်မ လန့်နိုးသွားခဲ့ပါတယ်။
ဒါပေမဲ့ ဖုန်းသံကတကယ်လား၊ အိပ်မက်လားဆိုတာ ကျွန်မ အာရုံတွေက သေချာအဖြေမပေးနိုင်
ဘူးဖြစ်လို့ နေပါတယ်။
ခဏလောက်ကြာတော့မှ ဆက်တိုက် မြည်နေတဲ့ ဖုန်းသံက စာကြည့်စားပွဲပေါ်က ကျွန်မရဲ့
က်ကိုင်ဖုန်းဆီကနေ ထွက်နေတာ သေချာသွားတာမို့ လှဲနေရာကနေ မီးမဖွင့်ဘဲ ထသွားယူလိုက်
ပါတယ်။
ဖုန်းဖွင့်ပြီး နားထောင်လိုက်တာနဲ့ "ဟယ်လို..ဟယ်လို..သမီးလား.. နင့်ဦးလေး မနေ့ညကပဲ ကား
တိုက်ခံရလို့ ဆုံးသွားပြီ"လို့ အသက်မရှူဘဲ တရစပ် ပြောလိုက်တဲ့ မိခင်ဖြစ်သူရဲ့ အသံကနားထဲကို
ဆူလောင်စွာ ၀င်ရောက်လာပါတယ်။
ခြောက်နေတဲ့ အာခေါင်က ကွဲထွက်သွားတော့မလို ခံစားခဲ့ရပြီး အဲဒီနေ့က အတွေ့အကြံုဟာ
ကျွန်မရဲ့ဘဝမှာ အမြဲတမ်း မှတ်မှတ်ထင်ထင်ဖြစ်နေပြီး ဘယ်တော့မှ မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခုပဲ
ဖြစ်ပါတယ်။
ဒီအဖြစ်ဆိုးကြီး ကြံုခဲ့ရတာ တစ်နှစ် ပြည့်တော့မှာပါ။
မေလ ၆ ရက်ကနေ ၁၂ ရကေ် န့အထိ ကျငး်ပမယ့် ကမ္ဘာလုးံဆိုင်ရာယာဉ်အန္တရာယ် ကင်းရှင်းရေး
ရက်သတ္တပတ်လှုပ်ရှားမှုအတွက် ဆောင်းပါးတွေ ပြင်ဆင်နေစဉ်မှာတော့ မမေ့နိုင်တဲ့အတိတ်ဖြစ်ရပ်
တွေက ပုံမှန်ထက်ကို ပိုလို့ရင်ထဲမှာ လှိုင်းထန်နေခဲ့တာပါ။
ကျွန်မ ဦးလေးကို သူမဆုံးခင် နေ့လယ်ပိုင်းကတောင် တွေ့ခဲ့သေးတာပဲ။ သတင်းစာထဲမှာ သတင်း
တစ်ပုဒ်အကြောင်းကိုတောင် အငြင်းပွားခဲ့ကြသေးတာလေ။ သူ့ရဲ့ မြေးကလေးတွေနဲ့ ဆော့ကစား
ရင်း ရယ်မောပျော်ရွှင်နေတာကိုလည်း တွေ့ခဲ့ရသေးတာပဲ။
သေခြင်းတရားကို လူတိုင်း ရင်ဆိုင်ရမှာပဲဆိုတာ လက်ခံနိုင်ပေမယ့် သူ့ အသက်က ၅၈ နှစ်ပဲ ရှိ
သေးတာလေ။ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်လို့။
နောင်နှစ်ပေါင်းများစွာ သူနေဖို့ အချိန်တွေ အများကြီး ကျန်သေးတာလေ။ သူ့မှာ မိသားစုရှိတယ်။
သူငယ်ချင်းမိတ်ဆွေတွေ ရှိတယ်။ လုပ်ဖော် ကိုင်ဖက်တွေ ရှိတယ်။ သူ့မှာ မျှော်လင့်ချက်တွေ ရှိခဲ့
သလို အိပ်မက်တွေလည်း ရှိခဲ့တာလေ။
ဒါပေမဲ့ စိတ်အလိုလိုက်ပြီး မဆင်မခြင် မောင်းနှင်တဲ့ ယာဉ်မောင်းတစ်ဦးက သူ့ကို ကျွန်မတို့ကနေ
ခွဲထုတ်သွားခဲ့ပါတယ်။
သူ့တစ်သက်မှာ တစ်ကြိမ်တစ်ခါမှကို မဖျားမနာခဲ့ဖူးတဲ့ ကျွန်မရဲ့ဦးလေးဟာ တစ်ညနေခင်းလေးမှာ
ဘုရားသွားဖို့ အိမ်က ထွက်သွားရာက သူ့မိသားစုထံကို ဘယ်တော့မှ ပြန်မလာတော့တာလေ။
မြို့ထဲမှာ လိုင်းဆွဲခွင့်မရတဲ့ ဒိုင်နာကားတစ်စီးဟာ ညဘက်မှာ ခိုးဝင်လိုင်းဆွဲပြီး ယာဉ်စစ်ဆေးရေး
အဖွဲ့ကို လှမ်းတွေ့တာကြောင့် အရှိန်တင်ပြီး အတင်းမောင်းပြေးရာက လမ်းဖြတ်ကူးနေတဲ့သူနဲ
အခြားလူတစ်ဦးကို တွေ့လိုက်ရတဲ့ အချိန်မှာ အရှိန်လျှော့ချဖို့ ကြိုးစားရာမှာ နောက်ကျသွားခဲ့ပါပြီ။
ဒီအဖြစ်ဆိုးကြီးဟာ သူ့မိသားစု အတွက်တော့ ဒီနေ့အထိ အိပ်မက်ဆိုးကြီး ဖြစ်နေတုန်းပါပဲ။
ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ဟာ အမှုရင်မဆိုင်ဘဲ ထွက်ပြေးနေတာမို့ ဒီနေ့အထိ တရား
ဥပဒေအရ အပြစ်မပေးနိုင်သေးပါဘူး။
ကျွန်မကတော့ တစ်ပါးသူကို ထောင်ကျစေချင်တာထက် သူဟာ ချမှတ်ထားတဲ့ စည်းကမ်းကို
လိုက်နာပြီး မြို့ထဲ မဝင်လာခဲ့ရင်၊ ဒါမှမဟုတ် ကိုယ်လုပ်တဲ့ အပြစ်ကို ရင်ဆိုင်ပြီး စစ်ဆေးရေးအဖွဲ့
ရဲ့ အရေးယူတာကို ကားမောင်း မပြေးဘဲ အေးအေးဆေးခံယူခဲ့မယ်ဆိုရင် ကျွန်မရဲ့ဦးလေးကို ဆုံးရှုံး
ရမှာ မဟုတ်ဘူးလို့ပဲ လက်ခံပါတယ်။
ကြံုလိုက်ရတဲ့ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ ကျန်ရစ်ခဲ့တဲ့ သူ့မိသားစု တစ်စုလုံးဟာ စိတ်ဓာတ်
တွေ ချုံးချုံးကျ ပျက်စီးခဲ့ရပါတယ်။
ကျွန်မရဲ့ အစ်မ ၀မ်းကွဲ သူ့ရဲ့တစ်ခုတည်းသော သမီးဆီက မကြာခဏ ကြားရတဲ့ ရေရွတ်သံက
"လောကကြီးက မတရားလိုက်တာ" တဲ့။
မထင်မှတ်ဘဲ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ရိုက်ခတ်မှုကြောင့် အမြဲတစေ အကောင်းမြင်တတ်
တဲ့ ကျွန်မ အစ်မဟာ သူ့ဟာသူနေတဲ့ လောကကြီးကို အပြစ်တွေ တင်နေလိုက်တာ။
သူ့ ရင်ထဲမှာ မချိတော့ သူ့စိတ်တွေကလည်း လန်းဆန်းတက်ကြွမှု မရှိတော့ပါဘူး။
အပြစ်ကျူးလွန်ခဲ့သူမှာလည်း ထွက်ပြေးနေရပြီး မိသားစုနဲ့ တကွဲတပြား နေရတာကြောင့် ရှင်ကွဲကွဲ
နေရတာပါပဲ။
သူ့ဘဝမှာ ဘယ်တော့မှလည်း စိတ်အေးလက်အေး နေနိုင်မှာတော့ မဟုတ်ပါဘူး။
ဒါဆို ဘာလို့များ စိတ်အလိုလိုက်ပြီး စည်းကမ်းချိုးဖောကခဲ့ရတာလဲ။
နိုင်ငံတွင်းမှာ ယာဉ်အန္တရာယ်ကြောင့် သေဆုံးသူတွေဟာ တစ်နေ့တစ်နေ့ မနည်းလှပါဘူး။
ယာဉ်မောင်းရဲ့ အမှားပဲဖြစ်ဖြစ်၊ ခြေကျင်လျှောက်သူရဲ့ အမှားပဲဖြစ်ဖြစ် လူတိုင်းဟာ ကိုယ်လိုက်နာရ
မယ့် စည်းကမ်းကိုသာ လိုက်နာကြမယ်ဆိုရင် တစ်နေ့ကို တစ်ယောက်လောက်ပဲ သေနှုန်း လျော့
လျော့ ဒါဟာ ရခဲလှတဲ့ လူတစ်ယောက် ရဲ့ဘဝကို ကယ်တင်နိုင်တာနဲ့ အတူတူပါပဲ။
ဒီလိုပဲ တစ်ဖက်လည်း ယာဉ်ထိန်းသိမ်းရေးဝန်ထမ်းတွေကလည်း ဥပဒေ တွေ၊ စည်းကမ်းတွေကို
ချမှတ်ပေးရုံ တင်မဟုတ်ဘဲ လူတိုင်း အဲဒီစည်းကမ်း၊ ဥပဒေတွေကို လိုက်နာလာအောင် အသိပညာ
ပေးမှုတွေ လုပ်ဆောင်ပေးသင့်သလို အရေးယူမှုတွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်
ပေးဖို့ မျှော်လင့်ပါတယ်။
တစ်ကမ္ဘာလုံး ယာဉ် အန္တရာယ် ကင်းစင်ပြီး ကျွန်မတို့ မိသားစုတွေ ကြံုတွေ့ရတဲ့ ဆုံးရှုံးမှုမျိုး
ဘယ်သူမှ ထပ်မကြံုစေချင်တာက ကျွန်မရဲ့ဆန္ဒပဲ ဖြစ်ပါတယ်။
















