မြန်မာနိုင်ငံ စာပေလောကကို အထောက်အပံ့ဖြစ်စေဖို့ ပုဂ္ဂလိက စာပေထူးချွန်ဆုတွေကို နှစ်စဉ် ချီးမြှင့်ခဲ့ရာမှာအကြိမ်(၂၀)မြောက် ပခုက္ကူ ဦးအုံးဖေ စာပေဆုချီးမြှင့်ပွဲနဲ့ အဋ္ဌမ အကြိမ်မြောက် သုတစွယ်စုံစာပေဆု ချီးမြင့်ပွဲအခမ်းအနားတွေကို မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကုန်သည်ကြီးများဟိုတယ်နဲ့ ချက်ထရီယမ် ဟိုတယ်တို့မှာ ...
မြန်မာနိုင်ငံ စာပေလောကကို အထောက်အပံ့ဖြစ်စေဖို့ ပုဂ္ဂလိက စာပေထူးချွန်ဆုတွေကို နှစ်စဉ်
ချီးမြှင့်ခဲ့ရာမှာ အကြိမ်(၂၀)မြောက် ပခုက္ကူ ဦးအုံးဖေ စာပေဆုချီးမြှင့်ပွဲနဲ့ အဋ္ဌမ အကြိမ်မြောက်
သုတစွယ်စုံစာပေဆု ချီးမြင့်ပွဲအခမ်းအနားတွေကို မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကုန်သည်ကြီး
များဟိုတယ်နဲ့ ချက်ထရီယမ် ဟိုတယ်တို့မှာ အသီးသီး ကျင်းပခဲ့ကြပါတယ်။
စာပေဆုတွေရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ တစ်သက်တာ စာပေဆုတွေကို ဦးမြင့်ကြွယ် (ဆရာ မောင်မြင့်
ကြွယ်) က သုတစွယ်စုံ တစ်သက်တာစာပေဆု၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုကိုတော့
ဦးဘသန်း (ဦးဘသန်း-မဟာဝိဇ္ဇာ)က ရရှိခဲ့ပါတယ်။
သုတစွယ်စုံ စာပေဆုအတွက် ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်များထဲမှ ရွေးချယ်ခဲ့ပြီး
ဆုရရှိသူများမှာ မောင်သန်းဆွေ (ထားဝယ်) (ထီးသတင်း နန်းသတင်း)၊ မောင်မြတ်မိုး (မြန်မာ့
အောင်ဆန်း)၊ တက္ကသိုလ် စိန်တင် (အိုးဝေ ဦးညိုမြ ဘဝနှင့်စာပေ)၊ မောင်မောင်တင် (လူနာ၊
သူနာပြု၊ ဆရာဝန်နှင့် ကျွန်တော်)၊ မကြင်ဌေး (လူမှုရေးပထဝီဝင် အင်္ဂလိပ်-မြန်မာ အဘိဓာန်)၊
ပါစီမျိုးမြင့် (ဗိသုကာ၊ ဗိသုကာပညာ)နှင့် ပါမောက္ခ ရဲမြင့်ကျော်(ဒေါက်တာရဲ) (မမွေးဖွားမီမှ
အရွယ်ရောက်သည်အထိ ကလေး ပြုစုစောင့်ရှောက်နည်းများ)တို့ ဖြစ်ပါတယ်။
စာပေဆုများအတွက် ဆုအမျိုး အစား ၁၂ ဆု သတ်မှတ်ထားပေမယ့် လူမှုစီးပွားရေး၊ နိုင်ငံတကာ
ရေးရာဆု၊ လူငယ်စာပေဆုနဲ့ သိပ္ပံဆုတွေအတွက် ဒီနှစ်မှာ မချီးမြှင့်ခဲ့ပါဘူး။
"အရမ်းကောင်းတဲ့ စာအုပ်တွေကို ချီးမြှင့်ဖို့ လျာထားခဲ့ပေမယ့် တခြား ပုဂ္ဂလိကစာပေဆုတွေနဲ့
နိုင်ငံတော်က ချီးမြှင့်တဲ့ အမျိုးသားစာပေဆုတွေမှာ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဘက်က ဆုချီးမြှင့်ဖို့ လက်လွတ်သွားတာမျိုးပါ"လို့ စွယ်စုံမီဒီယာမှ ဥက္ကဋ္ဌ
ဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦးက ဆုပေးပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
၁၉၉၁ ခုနှစ်ကတည်းက စာမူတင်ခဲ့ပေမယ့် ထုတ်ဝေခွင့် မရခဲ့ဘဲ နှစ်ပေါင်း ၂၀ ကျော်ကြာ ၂၀၁၁
ခုနှစ် မှ ထုတ်ဝေခွင့်ရတဲ့ 'အိုးဝေ ဦးညိုမြ ဘဝနှင့်စာပေ' စာအုပ်ကို ရေးသားသူ တက္ကသိုလ်စိန်တင်
က "အိုးဝေ ဦးညိုမြ စာအုပ်ကို ကျွန်တော် လွယ်လွယ်ကူကူ ရေးခဲ့တာ မဟုတ်ပါဘူး။
ကျွန်တော် အိုးဝေဦးညိုမြနားမှာ ၁၂ နှစ်တာ ကာလပတ်လုံး ခြေဆုပ်လက်နယ် ပြုလုပ်ပေးခဲ့ပါ
တယ်။ ရေနွေးအိုးတည် ပေးခဲ့ရတယ်။ လက်ဖက်ရည်မှာပေးခဲ့ရတယ်။
'ငရဲခွေးကြီး လွတ်လာပြီ' ဆောင်းပါးကိုရေးသူ အိုးဝေဦးညိုမြ အကြောင်းကို ရေးပြီးပြန်သော်လည်း
ထုတ်ဝေခွင့်ရဖို့ နှစ်၂၀ စောင့်ဆိုင်း ရပြန်တယ်။
နှစ်၂၀ လုံးလုံး စောင့်ခဲ့ရတဲ့ စာအုပ်ကို ဆုချီးမြှင့်ခံရတဲ့အတွက် ၀မ်းသာပါတယ်"လို့ ဆုလက်ခံယူ
အပြီးမှာ ပြောသွားခဲ့ပါတယ်။
ပခုက္ကူ ဦးအုံးဖေ တည်ထောင်ခဲ့တဲ့ ပခုက္ကူစာပေဆုနဲ့ ပညာရည်ချွန်ဆု ချီးမြှင့်တဲ့အစီအစဉ်ကလည်း
၂၀၁၂ ခုနှစ်အတွက် ဆုအမျိုးအစားပေါင်း ၃၄ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
မြေလတ်မင်းလွင်နဲ့ မောင်စောထွန်း (ကျောင်းကုန်း)တို့က ကဗျာပေါင်း ချုပ်ဆု၊ တင့်ထွန်း(ချောက်)
က ၀တ္ထုရှည်ဆု၊ မောင်ခြိမ့်၊ သွဲ့ထားညိုနဲ့ ရန်ကုန်ဌေးဇော်တို့က ၀တ္ထုတိုဆုများနဲ့ မောင်မောင်ချစ်ဦး
(မုံရွာ)နဲ့ ဇင်မင်း (သမိန်ထော)တို့က ကျမ်းစာပေဆုများ၊ မောင်မောင်နန်းနွယ်၊ ဦးသန်းထွန်း
(မော်လမြိုင်)နဲ့ မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)တို့က သုတေသနစာပေဆုတွေကို အသီးသီးရရှိခဲ့ကြ
ပါတယ်။
စာရေးဆရာမ သျှီ (အင်ကြင်း)က စာကြည့်တိုက်စာအုပ်ဆုကို 'ဘူးထဲက ရေ' စာအုပ်နဲ့ ဆွတ်ခူး
သွားခဲ့ပြီး ယဉ်ကျေးမှုတက္ကသိုလ်ပညာသင်ဆု နှစ်ဆု၊ မြန်မာစာထူးချွန်ဆုလေးဆုနဲ့ ၂၀၁၂ ခုနှစ်
အတွင်း တက္ကသိုလ်ဝင် တန်းစာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အမှတ်အများဆုံးရခဲ့တဲ့
ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ ထူးချွန်ဆု ၁၅ ဆုကိုလည်း ချီးမြှင့်ခဲ့ပါတယ်။
"အခု အကြိမ်(၂၀)မြောက် ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဆုကြေးငွေတွေ လျော့နည်းပါတယ်။
ဘာကြောင့်လဲဆိုတော့ ရရှိတဲ့ ဘဏ်တိုးငွေ သိန်း ၃၀၀ က နေ ဆုပေးရတဲ့အတွက်ကြောင့်
ဆုတစ်ဆုချင်းစီကို ထိုက်ထိုက်တန်တန် မပေးနိုင်ဘူးလို့ ခံစားရပါတယ်။
ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲပေးခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါ
တယ်"လို့ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောပါတယ်။
ပခုက္ကူဦးအုံးဖေ တစ်သက်တာ စာပေဆုချီးမြှင့်ခြင်းခံရသူ ဦးဘသန်း (ဦးဘသန်း-မဟာဝိဇ္ဇာ)
ကလည်း အကျိုးပြုစာများ ရေးသားနိုင်သူ၊ ကျမ်းစာ အတွေ့အကြံုရှိသူ၊ စာရေးဆရာ တစ်ယောက်
ရဲ့သိက္ခာကို ထိန်းသိမ်းနိုင်သူ၊ အသက်အရွယ်ရင့်ကျက်သူ စတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထား
ပြီး မြန်မာစာပေလောကရဲ့ ဒုတိယအမြင့်ဆုံး တစ်သက်တာစာပေဆုကို ရရှိခဲ့တဲ့အတွက် ကျေနပ်
ပီတိဖြစ်ရတယ်လို့ ပြောပါတယ်။
"ဦးအုံးဖေက မြန်မာစာပေလောက တိုးတက်ဖို့အတွက် စွန့်ဦးတီထွင်သူ တွေထဲမှာ ပါ၀င်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်ကတည်းက ပုဂ္ဂလိက စာပေဆုချီးမြှင့်ဖို့ ရန်ပုံငွေထားတယ်ဆိုတာ
တကယ်ဂုဏ်ယူစရာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ တစ်သက်တာ စာပေဆုရှင် ၂၈ ဦးထဲက အခုဆိုရင် ၁၅
ဦးက ကွယ်လွန်သွားပြီး ဖြစ်ပါတယ်။ ကျန်တဲ့ စာပေပညာရှင်ကြီးတွေ နည်းတူ ကျွန်တော်လည်း
မြန်မာစာပေ တိုးတက်ဖို့ အစဉ်တစိုက် ကြိုးစားသွားမယ်"လို့လည်း ဆက်ပြောခဲ့ပါတယ်။
၁၉၉၂ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ ပခုက္ကူဦးအုံးဖေစာပေဆုဟာ ရ၆ သိန်း ၁,၂၇၉ ကျပ်နဲ့ စတင်
တည်ထောင်ခဲ့ပြီး နှစ်စဉ် ဘဏ်အတိုးငွေများမှ စာပေဆုများ ချီးမြှင့်ခဲ့ပြီး လက်ရှိမှာ ပြန်ကြားရေး
၀န်ကြီးဌာနရဲ့ ဦးစီးမှုနဲ့ ဆုတွေကို ရွေးချယ်တယ်လို့ သိရပါတယ်။
















