မြန်မာစာပေ လောကဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ (၁၉၆၂-၂၀၁၁ ခုနှစ်) အတွင်းမှာ စာပေစိစစ်ရေးစနစ် ကြောင့် စာပေလွတ်လပ်ခွင့်ဆုံးရှုံးကာ စာပေအရည်အသွေး ကျဆင်းခဲ့ရတယ်လို့ စာရေးဆရာ ဖေမြင့်က မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲအတွက် သူတင်သွင်းတဲ့ 'မြန်မာစာပေအခြေအနေ အထွေထွေ သုံးသပ်ချက်' စာတမ်းမှာ ...
မြန်မာစာပေ လောကဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ (၁၉၆၂-၂၀၁၁ ခုနှစ်) အတွင်းမှာ စာပေစိစစ်ရေး
စနစ် ကြောင့် စာပေလွတ်လပ်ခွင့်ဆုံးရှုံးကာ စာပေအရည်အသွေး ကျဆင်းခဲ့ရတယ်လို့ စာရေးဆရာ
ဖေမြင့်က မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲအတွက် သူတင်သွင်းတဲ့ 'မြန်မာစာပေ
အခြေအနေ အထွေထွေ သုံးသပ်ချက်' စာတမ်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနဲ့ စာအုပ်ဈေး ရောင်းပွဲတော်ကို နဂါးနီစာအုပ်
တိုက်က ဦးစီးပြီး မေလ ၁၁ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စာရေးဆရာ ဖေမြင့်၊ မောင်ခင်မင် (ဓနုဖြူ)၊ ထွန်းဦး (ထွန်းဦးစာပေ)မန္တလေးနဲ့ သင့်နော်၊
မောင်ဇေယျာနဲ့ ဆရာမ ဂျူးတို့က မြန်မာစာပေလောကဆိုင်ရာ စာတမ်းများကို တင်သွင်းခဲ့ကြပြီး
တက်ရောက်လာသူ စာရေးဆရာများ၊ စာဖတ်ပရိသတ်များက ပါ၀င်ဆွေးနွေးခဲ့ကြပါတယ်။
ဆရာ ဖေမြင့်က မြန်မာစာပေ လှုပ်ရှားရှင်သန်မှုကို ခေတ်ကို ထင်ဟပ် နိုင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုနဲ့
ခေတ်ကို ဦးဆောင်နိုင်မှုတို့နဲ့ တိုင်းတာကြည့်ပါက လွန်ခဲ့တဲ့နှစ် ၅၀ အတွင်း မြန်မာစာပေအရည်
အသွေးများ တောက်လျှောက်ကျဆင်းခဲ့တာကို တွေ့ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
"ခေတ်ကို ဘယ်လောက်အထိ ထင်ဟပ်နိုင်ခဲ့သလဲပေါ့။ ကျွန်တော်တို့ ဖတ်ဖူးတဲ့ ဟိုးအရင်က
စာပေတွေမှာ အသုံးအနှုန်းတွေက အစ အဲဒီခေတ်ကို ထင်ဟပ်စေခဲ့တယ်။ ဒါပေမဲ့ ၁၉၆၂ နောက်
ပိုင်းမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ စာပေတွေမှာ လွတ်လပ်ခွင့်တွေကို ချုပ်ချယ် ခံခဲ့ရပါ
တယ်"လို့ ဆရာဖေမြင့်က သူ့စာတမ်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ မြန်မာနိုင်ငံ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ကို စတင် သတ်မှတ်ခဲ့ကြပြီး
ယင်းကို အခြေခံတဲ့ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားမှုများ ပါ၀င်တဲ့ စာပေစိစစ်ရေးစနစ်
ကြောင့် စာပေလောကအတွက် ချုပ်ချယ်ကန့်သတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆရာဖေမြင့် က ဆိုပါ
တယ်။
"ခေတ်ကို မထင်ဟပ်နိုင်သလို ဝေဖန်သုံးသပ်နိုင်မှုလည်း မရှိခဲ့ပါဘူး။ ၀တ္ထုရေးသူတွေရဲ့ အဓိက
ပြဿနာက ထွက်ပေါက်ပေးတာပါ။ ပြီးခဲ့တဲ့ နှစ်တွေမှာ စာရေးဆရာမ တော်တော် များများက
အခြေခံလူတန်းစားတွေ အကြောင်းကို ဖွဲ့နွဲ့ရေးသားပြီး အောင်မြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့
ထွက်ပေါက် မပေးနိုင်ခဲ့ကြပါဘူး။ ဆင်းရဲတဲ့ အကြောင်းရေးပြီး ဘာကြောင့် ဆင်းရဲနေရတယ်ဆိုတဲ့
အချက်ကို ထောက်ပြဝေဖန်မယ့်သူ မရှိခဲ့ဘူး။ ရှိခဲ့ရင်လည်း စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး"လို့
ပြောပါတယ်။
စာပေအရေးအသားတွေဟာ ခေတ်ကိုလည်း ဦးဆောင်မှု မပြုနိုင်ခဲ့တဲ့အတွက် လွတ်လပ်ရေးရပြီးစ
မှာ မြန်မာစာပေလောကကို ဦးဆောင်ခဲ့တဲ့ နဂါးနီ၊ ဆယ်သန်း၊ စာပေဗိမာန်စတဲ့ စာအုပ်တိုက်ကြီး
မျိုးတွေလည်း လျော့နည်းခဲ့ရပါတယ်လို့လည်း သူက ပြောပါတယ်။
"စာဖတ်ပရိသတ်ဆီ ရောက်သွားတဲ့ စာတွေမှာ မပါလာတဲ့ ဆင်းရဲခြင်း၊ ဒါမှမဟုတ် ပြဿနာတစ်ခု
ခုရဲ့ ထွက်ပေါက်တွေက စာရေးဆရာတွေရဲ့ ခေါင်းထဲ၊ ပါးစပ်ထဲ၊ ထိုင်စကားပြောကြတဲ့ လက်ဖက်
ရည်ဆိုင်တွေမှာပဲ ပျောက်ကွယ်သွားကြတယ်။ ဒါကြောင့် လွတ်လပ်စွာ ရေးသားခွင့်ရရှိဖို့နဲ့ ခိုင်မာဖို့
လိုအပ်တယ်" လို့ ဆရာဖေမြင့်က ပြောပါတယ်။
မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပါ၀င်ဆွေးနွေးတဲ့ စာရေးဆရာ မောင်မောင်
စိုးတင့် ကတော့ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း မြန်မာစာပေအရည်အသွေး ကျဆင်းခဲ့ရခြင်းမှာ စာရေး
ဆရာတွေအပေါ် အနောက်တိုင်း စာပေလွှမ်းမိုးမှု ရှိနေတဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ပြော
ပါတယ်။
"အဲဒီခေတ်က စာရေးဆရာကြီးတွေ တော်တော်များများ၊ ခုထိလည်း အောင်မြင်နေဆဲဖြစ်တဲ့
ဆရာဒဂုန်ရေ ွှမြှားတို့ကအစ ဘာသာပြန်စာတွေဘက် အားသာနေတာကို တွေ့ရတယ်။ ကိုယ်ပိုင်
စိတ်ကူးနဲ့ တီထွင်နိုင်မှုထက် အနောက်တိုင်းက အောင်မြင်ပြီးသား စာတွေကို ဘာသာပြန်ခဲ့ကြတာ
များနေတယ်။ စာပေလောကတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိမ့်ကျ လျော့ပါးမှု အားလုံးက စာရေး
ဆရာတွေနဲ့ အဓိက အသက်ဆိုင်ဆုံးပဲ"လို့ ဆရာမောင်မောင်စိုးတင့်က ပြောပါတယ်။
စာပေလောကရဲ့ အရေးကြီးဆုံး စာရေးဆရာတွေရဲ့ အခန်းကဏ္ဍမှာ ကိုယ်ပိုင်စိတ်ကူးနဲ့ တီထွင်မှု
အသစ်တွေ သိပ်မပါ၀င်တဲ့ ပရိသတ်ကြိုက် စာပေတွေကိုသာ အရေးများခဲ့ပြီး စာရေးဆရာအချင်း
ချင်း ညီညွတ်စည်းလုံးမှုလည်း လျော့နည်းခဲ့တယ်လို့လည်း သူက ဆွေးနွေးပြောဆိုခဲ့ပါတယ်။
"စာရေးဆရာဆိုတဲ့ အမျိုးဟာ အတ္တအလွန်ကြီးတဲ့သူတွေပါ။ ကိုယ်တွေးတာ အမှန်၊ ကိုယ်ထင်တာ
အမှန်လို့ပဲ အမြဲထင်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်မှု လွန်ကဲပြီး ပေါင်းစည်းနေဖို့၊
အချင်းချင်း ဆွေးနွေးဖို့ သိပ်မစဉ်းစားချင်ကြဘူး။ တကယ်တမ်းက မြန်မာစာပေလောက မှေးမှိန်လာ
ခဲ့တာ စာရေးဆရာတွေနဲ့လည်း အများကြီးဆိုင်တယ်"လို့ ပြောပါတယ်။
စာရေးဆရာ လယ်တွင်းသား စောချစ်ကတော့ နှစ် ၅၀ အတွင်း မြန်မာစာပေ အရည်အသွေးကျ
ဆင်းမှုဟာ စာပေစိစစ်ရေးရဲ့ ဖိနှိပ်မှုတစ်ခုတည်းကြောင့် မဟုတ်သလို တိုးတက်တဲ့ အပိုင်းတွေ
လည်း ရှိပါတယ်လို့ ဆိုပါတယ်။
"အကြောင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ အကြောင်းတရား အများကြီး ရှိပါတယ်။
လွတ်လပ်စွာစာရေးသားမှုကို အနှောင့်အယှက်ဖြစ်တာ သူ့ခေတ်နဲ့သူ ရှိတယ်။ မြန်မာစာပေကို
သိပ်ကို နိမ့်ပါးတယ်လို့ ပြောလို့မရပါဘူး။ မြန်မာစာပေလောကမှာသာ စာပေစိစစ်ရေး မရှိခဲ့ဘူး
ဆိုရင် ဖြစ်လာမယ့် အခြေအနေကို အခုမရှိတော့တဲ့ အချိန်မှာ ဆက်ပြီး စောင့်ကြည့်ကြပါ"လို့
မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဖြစ်တဲ့ လယ်တွင်းသားစောချစ်က ပြောပါတယ်။
စာပေလောကဆိုတာ ခေတ်အကြိုက်၊ စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေပေါ်မှာ မူတည်ပြီး
အခုဆိုရင် သတင်းနဲ့ ပတ်သက်တာတွေ အဖတ်များလာကြတယ်လို့ သူက ဆိုပါတယ်။
"ရသဖတ်တဲ့သူ လျော့နည်းလာပေမယ့်လည်း တချို့ဆိုရင် စာအုပ်အဟောင်းတွေကို အကြိမ်ကြိမ်
ပြန်ရိုက်နေရတာလည်း ရှိပါတယ်။ ခေတ်စနစ်၊ စီးပွားရေးစနစ် ပြောင်းသွားလို့ ဆုတ်ယုတ်တယ်လို့
မပြောချင်ပါဘူး။ မြန်မာစာပေလောကမှာ ပြဿနာရှိတယ်လို့ မယူဆပါဘူး။ စာပေကလည်း
သူ့လမ်းကြောင်းနဲ့ သူသွားတာပါပဲ" လို့ ဆရာလယ်တွင်းသား စောချစ်က သူ့အမြင်ကို ပြောပါ
တယ်။
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပြီး လတ်တလော စာပေလောကမှာ
ရေးတဲ့သူ တွေက လက်လွတ်စပယ် ရေးလာကြသလို စာလုံးပေါင်းသတ်ပုံကအစ အမှားအယွင်း
တွေ ဖြစ်လာကြတယ်လို့လည်း သူက သုံးသပ်ပါတယ်။
"အင်္ဂလိပ်လို အသံထွက်ပီအောင် ကြိုးစားပြီး မြန်မာအသံထွက်ကျတော့ မှားနေတာလည်းရှိတယ်။
အဲလိုမှားတာကို ဂုဏ်ယူနေကြတာလည်း ဖြစ်နိုင်ပါတယ်။ သဒ္ဒါအမှားအယွင်းတွေ၊ ကွန်ပျူတာ
သတ်ပုံမှားတာတွေက အစ မြန်မာစာပေ တန်ဖိုးကျဆင်းမှုကို သက်ရောက်တယ်။ အရင်က စာပြင်
ဆရာတွေ ရှိခဲ့ပေမယ့် အခု သိပ်မတွေ့တော့ဘူး။ ဒါကြောင့် လူငယ် စာရေးဆရာတွေလည်း
သတိထားသင့်တယ်"လို့ ဆရာလယ်တွင်းသား စောချစ်က ပြောပါတယ်။
















