စာပေမီဒီယာ အပေါ်ချမှတ်ထားတဲ့ စာပေစိစစ်ရေးစနစ်ကို ပြီးခဲ့တဲ့နှစ်ကစလို့ ရုပ်သိမ်းလိုက်ကတည်းက ပြည်တွင်းထုတ်ဂျာနယ်တွေမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ လတ်တလော ကြံုတွေ့နေရတဲ့ ပဋိပက္ခတွေကို ဟာသနှော သရော်ထားတဲ့ ကာတွန်းပြကွက်တွေကို အရင်ကထက်ပိုပြီး ထည့်သွင်း အသုံးပြုလာကြပါတယ်။
စာပေမီဒီယာ အပေါ်ချမှတ်ထားတဲ့ စာပေစိစစ်ရေးစနစ်ကို ပြီးခဲ့တဲ့နှစ်ကစလို့ ရုပ်သိမ်းလိုက်ကတည်း
က ပြည်တွင်းထုတ်ဂျာနယ်တွေမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ လတ်တလော ကြံုတွေ့နေရတဲ့ ပဋိပက္ခတွေ
ကို ဟာသနှော သရော်ထားတဲ့ ကာတွန်းပြကွက်တွေကို အရင်ကထက်ပိုပြီး ထည့်သွင်း အသုံးပြု
လာကြပါတယ်။
"တယ်လီဖုန်းဆင်းကတ်၊ လက်ပံတောင်း ကြေးနီစီမံကိန်း စတဲ့သတင်းတွေလိုမျိုး လက်ရှိ ဖြစ်ပေါ်
နေတဲ့ ကိစ္စတွေကို သတင်းကာတွန်းအဖြစ် အပတ်စဉ်ထုတ် အင်တာနက်ဂျာနယ်နဲ့ ရီပိုတာဂျာနယ်
တွေမှာ ခံစားမိသလို ကာတွန်း ရေးဖြစ်တယ်"လို့ လူနည်းစုသာ အသုံးပြုနိုင် လောက်အောင်
ဈေးမြင့်လွန်းလှတဲ့ လက်ကိုင်ဖုန်းစနစ်ကို ၂၀၀၁ ခုနှစ်ကစပြီး တစ်ဦးတည်း သပိတ်မှောက်ခဲ့သူ
ကာတွန်း စိုးသော်တာက ပြောပါတယ်။
"ဒါပေမဲ့ ပြဿနာက တစ်ပတ်နောက်ကျပြီးမှ ဂျာနယ်တွေမှာ ပါလာတဲ့အခါ ကာတွန်းတွေက
မလတ်ဆတ်တော့တာပဲ"လို့ သူက ဆက်ပြောပါတယ်။
စာပေစိစစ်ရေး မရှိတော့သလို မီဒီယာ လောကအတွက် တိုးတက်လာတဲ့ နောက်ထပ် အပြောင်း
အလဲတစ်ခုကတော့ ဧပြီလ ၁ ရက် နေ့ကစတင်ပြီး ပြည်တွင်းပုဂ္ဂလိကဂျာနယ်တွေကို နေ့စဉ်ထုတ်
ဝေခွင့် ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
လက်ရှိထုတ်ဝေလျက်ရှိတဲ့ ဂျာနယ်တွေထဲက သုံးစောင်ဟာ ကာတွန်းတွေ ထည့်သွင်းဖော်ပြလာ
တယ်လို့ ဆရာ စိုးသော်တာက ပြောပါတယ်။
သူက နေ့စဉ်ထုတ် သတင်းစာတွေ ထွက်ရှိလာပြီဆိုရင် သတင်းစာတိုက်တွေမှာ သတင်း ကာတွန်း
တွေ နေ့စဉ်ရေးပေးဖို့ ပင်တိုင် ကာတွန်းဆရာ ထားရှိသင့်တယ်လို့လည်း အကြံပြုပါတယ်။
"နောင်ထွက်လာမယ့် သတင်းစာတွေမှာလည်း ကာတွန်းထည့်မယ်လို့ မျှော်လင့်ပါတယ်။
သတင်းစာ မထွက်သေးတဲ့ တချို့တိုက်တွေလည်း ပင်တိုင်ကာတွန်းဆရာတွေ ခေါ်မယ်လို့ ကြားပါ
တယ်။ ကာတွန်းဆရာ သုံးလေး၊ ယောက်ကိုပဲ နေ့စဉ် ရေးခိုင်းမလားတော့ မသိသေးပါဘူး"လို့
ပြောပါတယ်။
ကာတွန်းရွှေဘိုကလည်း နေ့စဉ်ထုတ်သတင်းစာတွေ ထွက်လာတာကြောင့် ကာတွန်းဆရာတွေ
အတွက် ရေးစရာနေရာများများ ရလာနိုင်ဖို့ မျှော်လင့်နေပါတယ်။
"အခုဆိုရင် ကျွန်တော်တို့အမြင်ကို ပြည်သူလူထုဆီကို ချက်ချင်းချပြနိုင်ပါပြီ။ အရင်က ကိုယ်ချပြ
ချင်တာကို ချက်ချင်းချပြလို့ မရပေမယ့် အခု ချပြလို့ ရပါပြီ"လို့ သူက ဆိုပါတယ်။
သရော်စာ၊ ကဗျာနဲ့ ကာတွန်းရေးသူ ဆရာ စောဝေကလည်း "နေ့စဉ်ထုတ် သတင်းစာတွေ ထွက်
ပေါ်လာရင် ကာတွန်းဆရာတွေလည်း ရေးစရာနေရာများများ ရလာမှာဖြစ်သလို နေ့စဉ် လူမှုဘဝကို
ထင်ဟပ်တဲ့ ကာတွန်းတွေ၊ အစိုးရကို ဝေဖန်ထောက်ပြတဲ့ ကာတွန်းတွေ ကို မိဘပြည်သူတွေဆီ
ချက်ချင်း ရောက်နိုင်မယ်" လို့ သူ့အမြင်ကို ပြောပါတယ်။
လက်ရှိမှာ ကာတွန်းတစ်ကွက်စာအတွက် ရရှိငွေဟာ တော်တော်လေး နည်းတယ်လို့လည်းဆိုပြီး
နာမည်ကြီး ဂျာနယ်တိုက်တစ်ခု က ကျပ် ၁၂,၀၀၀ ပေးပေမယ့် ကျပ် ၁,၅၀၀ ပဲပေးတဲ့ တိုက်တွေ
လည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဂျာနယ်တိုက် တော်တော်များများကတော့ အနည်းဆုံး ကျပ် ၄,၀၀၀ လောက် ပေးတယ်
လို့လည်း ဆက်ပြောပါတယ်။
"တချို့လူငယ် ကာတွန်းဆရာလေးတွေဆို လက်ဖက်ရည်ဖိုး လောက်ရှိတဲ့ စာမူခလေး သွားထုတ်
ရင်တောင် အယ်ဒီတာ မရှိလို့ နောက်တစ်ခေါက် ထပ်သွားရတာမျိုးတောင် ရှိတယ်"လို့ ပြောပြပါ
တယ်။
မ.ဆ.လ ခေတ် (၁၉၆၀ ခုနှစ်များ) မတိုင်ခင်က သတင်းစာတွေမှာ ကာတွန်းတွေ ဖော်ပြကြတဲ့
အကြောင်းကိုလည်း ပြန်ပြောင်းပြောပြ ပြီး ဟံသာဝတီ၊ အိုးဝေ၊ မြန်မာ့အလင်းနဲ့ ကြေးမုံ လိုမျိုး
သတင်းစာတွေဟာ လူမှုရေးအရ အမြင်မတော်တဲ့ အရာတွေကို အယ်ဒီတာ့အာဘော်အနေနဲ့
ကာတွန်းတွေနဲ့ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ကာတွန်းဦးဖေသိန်းနဲ့ ဦးအောင်ရှိန်တို့လိုမျိုး နာမည်ကျော်ကာတွန်းဆရာတွေကို သတင်းစာတွေက
အလုပ်ခန့်ထားပြီး အဲဒီ ဆရာကြီးတွေဟာ ကော်လံဆောင်းပါးတွေလည်း ပုံမှန်ရေးကြတယ်လို့
လည်း ဆရာ စိုးသော်တာက ပြောပါတယ်။
"မ.ဆ.လ ခေတ်မတိုင်ခင် သတင်းစာတွေမှာ ကာတွန်း ဦးဖေသိန်း၊ ဦးအောင်ရှိန် တို့က သတင်းစာ
ခေါင်းကြီးကာတွန်းတွေကို ပင်တိုင်ရေးကြပါတယ်။ အဲဒီခေတ်က သတင်းစာအယ်ဒီတာက ဒီနေ့
တင်ပြချင်တဲ့ သတင်းကို သတင်းနဲ့တွဲပြီး ကာတွန်းနဲ့လည်း ဖော်ပြတာမျိုး လုပ်ပါတယ်။ ကာတွန်း
ဆရာတွေက ကာတွန်းပို့တာလည်း ပို့ပေါ့။ ဒါပေမဲ့ သတင်းစာတိုက်က ပင်တိုင်အဖြစ် ကာတွန်း
ဆရာကို ထားပြီး နေ့စဉ် သတင်းကာတွန်း ဖော်ပြရင် ပိုကောင်းပါတယ်"လို့ ပြောပြပါတယ်။
"ခုခေတ်ကတော့ ပုံစံက ပြောင်းသွားတယ်။ ကာတွန်းဆရာတွေက သူတို့ ဖန်တီးချင်တာကို သူတို့
စိတ်ကြိုက် ဖန်တီးတယ်။ ပြီးတော့မှ ဂျာနယ်တိုက်ဆီ ပို့တယ်။ အယ်ဒီတာက သူကြိုက်တာကို
သူရွေးသုံးတယ်" လို့လည်း ခေတ်ပုံစံမတူတော့ပုံကို နှိုင်းယှဉ်ပြောပြပါတယ်။
သူက ကာတွန်းဆရာအများစုဟာ လူမှုရေးပြဿနာတွေနဲ့ လတ်တလောကြံုတွေ့နေရတဲ့ ပြဿနာ
တွေကနေ အခြေခံပြီးရလာတဲ့ စိတ်ကူးတွေအပေါ် သူ့တို့ရဲ့ ခံစားချက်နဲ့ ထင်မြင်ချက်တွေနဲ့ ဖန်တီး
ကြတယ်လို့ ဆိုပါတယ်။
"ကာတွန်းရေးတဲ့အခါ သတင်းရင်းမြစ်က စစ်မှန်ဖို့ လိုပါတယ်။ ဥပမာ လက်ပံတောင်း တောင်ကိစ္စ
တုန်းက ကာတွန်းဆရာတော်တော်များများက ပက်ပက်စက်စက် ရေးလိုက်ကြတာ။ အများစုက
လက်ပံတောင်းတောင် စီမံကိန်းကို ဖျက်သိမ်းတော့မယ် အထင်နဲ့ ကာတွန်းရေးကြတယ်။ အခုကျ
တော့ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ အဲဒီကာတွန်းတွေက လက်ပံတောင်းတောင်အစီရင်ခံစာ
မထွက်ခင်နဲ့ ထွက်ပြီးကြားမှာ ပြန်ကြည့်ရင် တွေ့လိမ့်မယ်"လို့ သူက ပြောပါတယ်။
နေ့စဉ်ထုတ်သတင်းစာတွေမှာ ကာတွန်းတွေ ပိုပြီး ဖော်ပြခံလာရတဲ့အခါ ကာတွန်း ဆရာတွေအနေ
နဲ့လည်း ကိုယ်ရေးတဲ့ အကြောင်းအရာအဖြစ်အပျက်အပေါ် သစ္စာရှိသင့်တယ်လို့လည်း ဆိုပါတယ်။
"သတင်းကို အစွန်အဖျားထိ လိုက်ကြည့်ဖို့ လိုပါတယ်။ ကာတွန်းဆရာတွေက သတင်းကာတွန်း
ရေးတော့မယ်ဆို သတင်းရင်းမြစ်ကို အဆုံးထိလိုက်ပြီးမှ ဘက်မလိုက်ဘဲ ကာတွန်းရေးသင့်တယ်"
လို့လည်း သူကပြောပါတယ်။
ဆရာစောဝေကတော့ "အယ်ဒီတာရဲ့ သတ္တိနဲ့ အရည်အသွေး တောက်ပြောင်ရင် တောက်ပြောင်
သလို ကာတွန်းဆရာကောင်းတွေ ပေါ်ထွန်းလာမယ်လို့ ထင်ပါတယ်"လို့ သုံးသပ်ပါတယ်။
















