ရန်ကုန်မြို့ရဲ့ နွေရက်တစ်ရက်ဟာ မယ်တယ်ရော့ခ် တေးသွားတွေနဲ့ ပုံမှန်ထက်ကို ပိုပြီး ဆူလောင် ပူပြင်းနေပါတယ်။ ဒါပေမဲ့ အပြင်းစားတေးသွား တွေထဲ စီးမျောပါနေကြတဲ့ လူအုပ်စုကြီးကတော့ ချွေးတွေရွှဲနေတဲ့ကြားကပဲ ပျော်ရွှင်မြူးထူးနေကြပါတယ်။
ရန်ကုန်မြို့ရဲ့ နွေရက်တစ်ရက်ဟာ မယ်တယ်ရော့ခ် တေးသွားတွေနဲ့ ပုံမှန်ထက်ကို ပိုပြီး ဆူလောင်
ပူပြင်းနေပါတယ်။
ဒါပေမဲ့ အပြင်းစားတေးသွား တွေထဲ စီးမျောပါနေကြတဲ့ လူအုပ်စုကြီးကတော့ ချွေးတွေရွှဲနေတဲ့
ကြားကပဲ ပျော်ရွှင်မြူးထူးနေကြပါတယ်။ သူတို့တွေ ရောက်ရှိနေကြတဲ့ နေရာကတော့ "We Are
The Legend" မယ်တယ်ရှိုးပွဲကြီးမှာ ဖြစ်ပါတယ်။
မေ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာ မင်္ဂလာဈေးဝင်းထဲက ရွှေပြည့်စုံဈေး အပေါ်ထပ်မှာရှိတဲ့ Nasa Club
ထဲမှာ ကျင်းပခဲ့တာဖြစ်ပြီး အထဲကို ၀င်လိုက်တာနဲ့ အပြင်လောကနဲ့ ဆန့်ကျင်ဘက်နေရာတစ်
နေရာကို ရောက်သွားသလို ခံစားလိုက်ရပြီး အမှောင်ထုကလည်း ပေါက်ကွဲသံစဉ်တွေကို ပိုပြီး
အရှိန်တက်လာအောင် ဖန်တီးပေးနေပါတယ်။
မယ်တယ်ရော့ခ်အဖွဲ့ပေါင်း ၁၀ ဖွဲ့ ထဲက ပထမဆုံး ဖျော်ဖြေပြီး ပွဲဖွင့်ခဲ့တဲ့ အဖွဲ့ကတော့ We are
the Waste ပဲ ဖြစ်ပါတယ်။
ပွဲအစမို့ အေးသယောင်လို့ ပြောရမှာ ဖြစ်ပေမယ့် တခြားပွဲတွေထက် နှိုင်းယှဉ်မယ်ဆိုရင်တော့
တော်တော်ကြီးကို ဟုတ်နေပါပြီ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၈၊ ၂၀၀၉ ခုနှစ်လောက်မှာ Woodstock ဆိုတဲ့ ခေါင်းစဉ်နဲ့
underground ရှိုးပွဲတွေကို တစ်နှစ်မှာ နှစ်ပွဲလောက် ကျင်းပခဲ့ပေမယ့် ၂၀၁၀ ပြည့်နှစ် လောက်က
စပြီး ပွဲတွေ လုံးဝကို မရှိတော့တာပါ။
ရလဒ်အနေနဲ့ ဒီဂီတကို လူသိ ပိုနည်းသွားသလို ရှိပြီးသား ပရိသတ်နဲ့ လည်း ကင်းကွာခဲ့ရပါတယ်။
ခုဒီပွဲကတော့ သုံးနှစ်လောက် ပွဲဆက်ပြတ်သွားရာကနေ ပြန်ကျင်းပဖြစ်တာကြောင့် ဒီဂီတကို
ရူးသွပ်သူတွေရဲ့ အားပေးမှုကတော့ ကြောက်ခမန်းလိလိပါပဲ။
"ကျွန်တော်တို့ အခုပွဲလေးကို ဒီပွဲမှာ ပါတဲ့ အဖွဲ့တွေ အကုန်ပေါင်းပြီးတော့ လုပ်တာပါ။ အားလုံးရဲ့
ရည်ရွယ်ချက်ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေတဲ့အတွက် ပြန်ထိတွေ့ အောင်ပါ။
ကျွန်တော်တို့ သီချင်းတွေ လုပ်နေပါသေးတယ်။ မရပ်တန့်နေပါဘူးဆိုပြီး ပရိသတ်တွေကို ပြောချင်
တာပါ"လို့ ပါ၀င်ဖျော်ဖြေခဲ့တဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Suicide Plan မှ အဆိုရှင် လုံးလုံးက ပြောပါတယ်။
တစ်ဖွဲ့ကို မိနစ် ၃၀ စီ အချိန်သတ်မှတ်ထားပြီး အဖွဲ့တွေကလည်း အားပါးတရကို ရင်ဖွင့်ပြီး အားမာန်
အပြည့်နဲ့ ဖျော်ဖြေကြသလို အားပေးကြတဲ့ ပရိသတ်တွေကလည်း ခံစားချက်တွေ ပေါက်ကွဲပြီး
အားပေးကြတာမို့ အပြင်းစား ပွဲတစ်ပွဲလို့လည်း အမည်တပ်ရပါမယ်။
"ဒီနေ့ပွဲမှာ ပရိသတ်ရဲ့ တုံ့ပြန်မှုက အရမ်းမိုက်တယ်။ ဒီလိုမျိုးပွဲတွေ နှစ်လ တစ်ကြိမ်၊ သုံးလ
တစ်ကြိမ်လောက် လုပ်နိုင်အောင် ကြိုးစားမယ်။ အခွေထွက်ဖို့အတွက်လည်း ကြိုးစားနေတယ်။
မထွက်ခင်တော့ ပွဲတွေ လုပ်ဦးမယ်"လို့လည်း လုံးလုံးက ပြောပါတယ်။
ဧည့်သည်အဖွဲ့အဖြစ် ပါ၀င်ဖျော်ဖြေခဲ့တဲ့ Last Day of Beethoven အဖွဲ့မှ အဆိုရှင်
ကိုအောင်ဇော်မြတ်ကလည်း "ဒီလိုပွဲမျိုးဆိုတာက ဒီဂီတအတွက် ရှိသင့်ပါတယ်။ ဒီက ပရိသတ်တွေ
ကလည်း ဒီဂီတကို သိတဲ့လူတော်တော် နည်းတယ်လေ။ ကိုယ်တွေက အစစ်အမှန် စိတ်နှစ်ပြီး
လုပ်တာဆိုတော့ ဖြစ်ချင်တာကတော့များတယ်။ ဒီနေ့က တော်တော်ကို မိုက်ပါတယ်။ အားပေးတဲ့
ပရိသတ်ထဲမှာ အရင်ရှိပြီးသား ပရိသတ်တွေကော၊ လူသစ်တွေကော မြင်ရတယ်။ အရမ်းကို
ပျော်တယ်"လို့ ပြောပါတယ်။
အဆို၊ အတီး အကုန်လုံး ကောင်းပေမယ့် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် တွေကြောင့် အသံထွက်
အဆင်မပြေတာတွေကတော့ ဒီပွဲရဲ့ ချွတ်ယွင်းချက် တစ်ခုပဲ ဖြစ်ပါတယ်။
"စက်ပိုင်းဆိုင်ရာတွေက ချွတ်ယွင်းချက်တွေ ရှိတဲ့အတွက် ကျွန်တော်တို့ စင်ပေါ်မှာဆိုတဲ့အခါ
အရှေ့ အရမ်းထွက်မှ အသံကြားရတာတို့၊ အသံထွက်တဲ့အခါ မသဲကွဲတာတို့ အဆင်မပြေတာတွေ
တော့ ရှိတယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တဲ့ဂီတကို အားပေးတဲ့ ပရိသတ်နဲ့အတူ သီဆိုနေရတဲ့အတွက်
ပျော်ပျော်ပါးပါးပဲ ဖျော်ဖြေပြီး ကျေနပ်ပါတယ်"လို့ လုံးလုံးက ပြောပါတယ်။
Darknest Tear From My Heart အဖွဲ့မှ ကိုမိုးလုံးကတော့ "ကျွန်တော်တို့ ဒီပွဲက ကိုယ့်ပိုက်ဆံနဲ့
ကိုယ်လုပ်ရတာဖြစ်တဲ့အတွက် ပိုက်ဆံအများကြီး မတတ်နိုင်တော့ အကောင်းစားစက်တွေကို
မပြင်ဆင်နိုင်ခဲ့ဘူး။ အခုတစ်ကြိမ် စက်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိပေမယ့် နောက်တစ်ခါဆိုရင်
တော့ အကောင်းဆုံး ပြင်ဆင်ပြီး လုပ်သွားမယ်" လို့ ဆိုပါတယ်။
ရှိုးကတော့ အချိန်တွေကုန်လာတာနဲ့အမျှ တက်နေတဲ့အရှိန်ကလည်း အမြင့်ဆုံးကို ရောက်နေပါပြီ။
ဂီတနဲ့ ပျော်နေကြတဲ့ ပရိသတ်တွေ ကြည့်ရတာ လောကနိဗ္ဗာန်ဘုံထဲ ရောက်နေကြသလား ထင်ရ
ပါတယ်။
Darknest Tear From My Heart ဖျော်ဖြေချိန်မှာတော့ စင်ရှေ့မှာ အတူကဲနေတဲ့ ပရိသတ်တွေ
ရှိသလို လူအုပ်ကြီးရဲ့ နောက်မှာတော့ Death Metal ပွဲတွေမှာ မြင်ရလေ့ရှိတဲ့ လူဆယ်ယောက်
လောက် ပေါင်းပြီး စက်ဝိုင်းပုံ စည်းဝိုင်းတစ်ခု ဖန်တီးကာ ၀ိုင်းကြီး ပတ်ပတ်ပြေးရင်း ခုန်ပေါက်နေကြ
တာကလည်း စိတ်လွတ်ကိုယ်လွတ်ပါပဲ။
ပွဲပြီးခါနီးလေ ပွဲကြည့်ပရိသတ်က ပိုတက်ကြွလေဖြစ်ပြီး Fever 109 အဖွဲ့ကို စင်ပေါ်တက်လာဖို့
တောင်းဆို နေကြပါတယ်။
Fever 109 အဖွဲ့ရဲ့ အဆိုရှင် အဒီနိုနဲ့ အဖွဲ့သားတွေ အားပါးတရ ဖျော်ဖြေချိန် ပရိသတ်တွေကလည်း
သူတို့ အလွတ်ရနေတဲ့ သီချင်းစာသားတွေကို သံပြိုင်လိုက်အော်နေကြတာမို့ မယ်တယ်ရော့ခ် ဂီတ
သမားတွေအတွက် ရှေ့ဆက်လျှောက်ဖို့ အားတက်စရာပါပဲ။
Fever 109 အဖွဲ့ကို အဖွဲ့ဝင် ငါးဦးနဲ့ ၂၀၀၈ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး "ကျွန်တော်တို့
ကတော့ ကိုယ်တိုင်လည်း ဒီဂီတကို နှစ်သက်တယ်။ ဒီဂီတကို ကြိုက်တဲ့ ပရိသတ်နဲ့လည်း အတူ
ကဲချင်တာကြောင့် ဒီပွဲကို လုပ်ဖြစ်ခဲ့တယ်"လို့ အဒီနိုက ပြောပါတယ်။
သူတို့အဖွဲ့ ဖျော်ဖြေချိန်အတွင်း ပရိသတ်တွေက အပီကဲသလို နောက် ပိုင်းအဖွဲ့တွေမှာလည်း
အားမလျှော့ တမ်းသောင်းကျန်းနိုင်တာကတော့ မယ်တယ်ရော့ခ်ပရိသတ်တွေရဲ့ အားသာချက်ပဲ
ဖြစ်ပါတယ်။
ပွဲအဆုံးသတ်ကတော့ ဖျော်ဖြေသူတွေကော ကျေနပ်အားရခဲ့သလို ပရိသတ်ဘက်ကလည်း
တုံ့ပြန်မှုကောင်းခဲ့ပြီး ပင်ပန်းသွားကြပြီ ဖြစ်ပေမယ့် ကျေနပ်မှုအပြည့်နဲ့ ခန်းမထဲက တစ်ဖွဲဖွဲ ထွက်ခွာ
သွားရင်း ပြီးဆုံးသွားခဲ့ပါတယ်။
















