မြန်မာဖက်ရှင်ဒီဇိုင်နာအဖွဲ့ အာဆီယံဖက်ရှင်ပွဲတော်သွားမည်

မြန်မာဖက်ရှင်ဒီဇိုင်နာအဖွဲ့ အာဆီယံဖက်ရှင်ပွဲတော်သွားမည်

မြန်မာဖက်ရှင် ဒီဇိုင်နာ ငါးဦးဟာ မေလ ၂၈ ရက်ကနေ ၃၁ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ကျင်းပမယ့် 'အာဆီယံဖက်ရှင် ရက်သတ္တပတ် ၂၀၁၃' ပွဲတော်မှာ ပထမဆုံးအကြိမ်အဖြစ် ပါ၀င်ပြသကြမှာ ဖြစ်ပါတယ်။

မြန်မာဖက်ရှင် ဒီဇိုင်နာ ငါးဦးဟာ မေလ ၂၈ ရက်ကနေ ၃၁ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ
ကျင်းပမယ့် 'အာဆီယံဖက်ရှင် ရက်သတ္တပတ် ၂၀၁၃' ပွဲတော်မှာ ပထမဆုံးအကြိမ်အဖြစ် ပါ၀င်ပြသ
ကြမှာ ဖြစ်ပါတယ်။

နိုင်ငံကိုယ်စားပြုပြီး ဖက်ရှင်ပွဲတော် သွားရောက်ကြမယ့် ဒီဇိုင်နာတွေကတော့ မမ ဉ္ဇူ (Zu Zu
collection)၊ ပြည်စိုးအောင်၊ မပုံ့ (My favourite)၊ ဆန်းဘောက်ရာ (Shayi) နဲ့ သက်နှင်းအေး
(Dozo) တို့ဖြစ်ပြီး ပြိုင်ပွဲကနေ သတ်မှတ်ထားတဲ့ ခေါင်းစဉ် ခြောက်ခု နဲ့ ကိုက်ညီတဲ့ ဖက်ရှင်ဒီဇိုင်း
များကို ပြသသွားကြမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ခေါင်းစဉ်ခြောက်ခုက သာမန်ထက် ထူးကဲပြီး ထူးခြားတဲ့ဒီဇိုင်း၊ သဘာဝ
ကုန်ကြမ်းများကို အသုံးပြု ဖန်တီးတဲ့ဒီဇိုင်း၊ လက်မှုပညာဖြင့် ပေါင်းစပ်ဖန်တီးထားတဲ့ ဒီဇိုင်း၊ ညနေ
ခင်းဝတ်စုံ၊ ကိုယ့်နိုင်ငံတွင်းက လက်ရှိ ဖက်ရှင်ရေစီးကြောင်းကို ပုံဖော်ဖန်တီးရမယ့် ဒီဇိုင်းနဲ့
တိုင်းရင်းသားဖက်ရှင်ဒီဇိုင်းတို့ပဲ ဖြစ်ပါတယ်။

ဒီဇိုင်နာ မမ ဉ္ဇူက ခုလိုမျိုး နိုင်ငံတကာပြပွဲမှာ ပါ၀င်ပြသရတာကြောင့် မြန်မာနိုင်ငံရဲ့ ဖက်ရှင်လက်ရာ
တွေကို ပြသနိုင်မယ့်အပြင် သူတို့ ဒီဇိုင်နာတွေ အတွက်လည်း နိုင်ငံတကာအတွေ့ အကြံုတွေ ရရှိ
စေတယ်လို့ ပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျွန်မတို့က အကျိုးအမြတ်တစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံတကာ ဖက်ရှင်ဒီဇိုင်နာတွေရဲ့
အမြင်တွေကို အတွေ့အကြံုယူပြီး ပြည်တွင်းမှာ ပြန်အသုံးချချင်တာလည်း ပါပါတယ်"လို့
ပြောသလို "အာဆီယံဖက်ရှင်ပွဲတော်မှာ ပါ၀င်ပြသမယ့် မြန်မာဖက်ရှင် ဒီဇိုင်နာတွေအနေနဲ့
မြန်မာနိုင်ငံရဲ့ပုံရိပ်ကို အကောင်းဆုံးထင်ဟပ်အောင် ကြိုးစားသွားမယ်လို့"လည်း ဆိုပါတယ်။

မြန်မာ ဒီဇိုင်နာအဖွဲ့ဟာ ဖက်ရှင်ပွဲတော်အတွက် စုစုပေါင်းဝတ်စုံ ၁၂၅ စုံ ယူသွားကြမှာဖြစ်ပြီး
ဂျပန်နိုင်ငံမှ မော်ဒယ်များက ၀တ်ဆင်သရုပ်ပြသပေးကြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားဖက်ရှင် ခေါင်းစဉ်အောက်မှာ ပြသမယ့် ၀တ်စုံတွေကို ဖန်တီးပြီးသွားပြီလို့ဆိုတဲ့
ဒီဇိုင်နာ သက်နှင်းအေးက ပြပွဲအတွက်ဝတ်စုံ၂၅ စုံလောက် ဖန်တီးသွားမယ်လို့ သတင်းစာ
ရှင်းလင်းပွဲမှာပဲ မြန်မာတိုင်း(မ်)ကို ပြောပြခဲ့ပါတယ်။

"ကျွန်မက ရိုးရာဝတ်စုံကို ချင်းမျိုးနွယ်၊ နာဂတိုင်းရင်းသားတို့ရဲ့ ရိုးရာဝတ်စုံကိုပဲ ချုပ်ထားပါတယ်။
အချိန်ကလည်း မရှိတော့တဲ့အတွက် ခက်ခဲတာမျိုးကို မလုပ်ဘဲ ကိုယ်လုပ်နိုင်တာကိုပဲ
အကောင်းဆုံး လုပ်မှာပါ"လို့ ပြောပါတယ်။

တခြားဖက်ရှင်ပွဲတွေထက် ဒီပွဲဟာ ဒီဇိုင်နာတွေကို သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ် ပိုများတယ်
လို့လည်းဆိုပြီး ပွဲအတွက် ၀တ်စုံဖန်တီးချိန်ကလည်း တစ်လလောက်သာ အချိန်ရတာကြောင့်
သူ့အနေနဲ့ အခက်အခဲအနည်းငယ် ကြံုတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ပြပွဲမှာ ပါ၀င်ပြသမယ့် ဒီဇိုင်နာ မပုံ့ ကလည်း ခေါင်းစဉ်သုံးမျိုးအတွက် ၀တ်စုံဒီဇိုင်းတွေကို ပြင်ဆင်
ပြီးပြီလို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာပဲ ပြောပါတယ်။

"၀တ်စုံချုပ်ရတာ အချိန်သိပ်မကြာပေမယ့် ဒီဇိုင်း စဉ်းစားရတဲ့အခါ အချိန် တော်တော်ယူရပါတယ်။
တိုင်းရင်းသား ၀တ်စုံအတွက် အရင်က ချုပ်ပေးခဲ့ဖူးတဲ့ ချင်းနဲ့ လီဆူးတိုင်းရင်းသားတို့ရဲ့ ၀တ်စုံကို
ချုပ်မယ်လို့ စဉ်းစားထားပါတယ်"လို့ မပုံ့က ပြောပါတယ်။

သဘာဝကုန်ကြမ်းကို အသုံးပြုဖန်တီးရမယ့် ဒီဇိုင်းအတွက်ကိုတော့ မြန်မာ့ ရိုးရာ ပင်နီချည်ထည်ကို
အသုံးပြုထားတယ်လို့ ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး