မြန်မာဓာတ်ပုံဆရာတွေ အနာဂတ်အတွက် ဒိန်းမတ်အဖွဲ့ ထောက်ပံ့ကူညီပေးမည်

မြန်မာဓာတ်ပုံဆရာတွေ အနာဂတ်အတွက် ဒိန်းမတ်အဖွဲ့ ထောက်ပံ့ကူညီပေးမည်

သတင်း ဓာတ်ပုံတစ်ပုံဟာ စကားလုံးပေါင်း တစ်ထောင် ပြောတာထက်ပိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပေးနိုင်တာကြောင့် ကျန်းမာရေး၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် စတာတွေကို ဓာတ်ပုံလေးတစ်ပုံနဲ့တင် ထိထိမိမိ ဖော်ပြနိုင်ပါတယ်။

သတင်း ဓာတ်ပုံတစ်ပုံဟာ စကားလုံးပေါင်း တစ်ထောင် ပြောတာထက်ပိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပေး
နိုင်တာကြောင့် ကျန်းမာရေး၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် စတာတွေကို
ဓာတ်ပုံလေးတစ်ပုံနဲ့တင် ထိထိမိမိ ဖော်ပြနိုင်ပါတယ်။

ဒါကြောင့် ဓာတ်ပုံပညာဟာ ငွေနဲ့စက်ပြီး ၀ယ်လို့မရတဲ့ အရာတွေကို ဖော်ပြနိုင်တဲ့ အကောင်းဆုံး
နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

လာမယ့် ဩဂုတ်လကျရင် ဒိန်းမတ်နိုင်ငံမှာ ခုနှစ်ကြိမ်မြောက် ဓာတ်ပုံပွဲတော် (IMAGES festival)
ကို ကျင်းပမှာ ဖြစ်တဲ့အတွက် မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မာလီနိုင်ငံက ဓာတ်ပုံဆရာတွေဟာ
သူတို့ရဲ့ အဓိပ္ပာယ်ရှိလှတဲ့ ဓာတ်ပုံတွေကို ပြသ နိုင်မယ့် အခွင့်အလမ်းတွေ ရရှိထားပါတယ်။

"Things You Can't Buy with Money" ဆိုတဲ့ အစီအစဉ်ကတော့ ဩဂုတ်လ ၃၀ ရက်ကနေ
စက်တင်ဘာ ရ ရက်နေ့အထိ ကျင်းပမယ့် ဓာတ်ပုံပွဲတော်မှာ ပါ၀င်တဲ့ ကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဓာတ်ပုံပွဲတော်မှာ ဒီနိုင်ငံ လေးနိုင်ငံက ဓာတ်ပုံဆရာတွေရဲ့ လက်ရာကောင်းတွေကို ပြသသွားမှာ
ဖြစ်ပါတယ်။ ပွဲတော်ကို ကမကထပြုပေးတဲ့ အဖွဲ့ ကတော့ ဒိန်းမတ်ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်
ရေးစင်တာ (Danish Centre for Culture and Development (CKU)) ဖြစ်ပြီး မြန်မာနိုင်ငံ ကို
မကြာသေးခင်က လာရောက်လည်ပတ်ခဲ့တဲ့ ဒိန်းမတ်ဓာတ်ပုံဆရာ စတီဗင်န် ဖရေးဟေ့သ်က
ဒီအဖွဲ့ကို ဦးစီးမှာ ဖြစ်ပါတယ်။

"ဒီမှာ ငယ်ရွယ်ပြီး အတွေ့အကြံုလည်း သိပ်မရှိသေးတဲ့ ဓာတ်ပုံဆရာတွေရှိပါတယ်။ လက်ရှိကာလ
မှာ မြန်မာနိုင်ငံဟာ အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့အတွက် မြန်မာ ဓာတ်ပုံဆရာတွေ
ဒီအစီအစဉ်မှာ ပါ၀င်ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ နောက်တစ်နှစ်လောက်ဆိုရင် အရာအားလုံး
ပြောင်းလဲနေတာ တွေ့ရမှာပါ"လို့ မစ္စတာဖရေးဟေ့သ်က ပြောပါတယ်။

"ပြခန်းပုံစံတွေကလည်း ပြောင်းလဲသွားမှာ ဖြစ်သလို ဓာတ်ပုံဆရာတွေလည်း ထပ်ပြီး တိုးလာဦး
မှာပါ။ အခုအချိန်မှာ အပြောင်းအလဲတွေ စတင်နေပါပြီ။ ဒါကြောင့် နိုင်ငံပြင်ပက ဓာတ်ပုံဆရာတွေ
နဲ့ သူတို့ တွေ့ဆုံသင့်ပါတယ်"လို့လည်း ပြောပါတယ်။

မစ္စတာဖရေးဟေ့သ်ဟာ ပြီးခဲ့တဲ့ ၁၇ နှစ်က Czech Republic နိုင်ငံ၊ Prague မြို့ရှိ အနုပညာ
ကျောင်းကနေ ကျောင်းပြီးခဲ့ကတည်းက ဓာတ်ပုံဆရာအဖြစ် အသက်မွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက သူဟာ ဓာတ်ပုံ ရိုက်ကူးဖို့အတွက် ယူဂန်ဒါ၊ ပါကစ္စတန်၊ ဆာရာယေဗိုနဲ့
တခြားနိုင်ငံတွေဆီ သွားရောက်ခဲ့ပါတယ်။

နီပေါ အပါအဝင် တခြားနိုင်ငံတွေမှာ ဓာတ်ပုံဆရာတွေအတွက် ဆွေးနွေးပွဲတွေကို လွန်ခဲ့တဲ့ ရှစ်နှစ်
နီးပါးလောက်ကတည်းက စတင် စီစဉ်ပေးခဲ့ပါတယ်။

"ပထမအကြိမ် ပြုလုပ်တဲ့ ဆွေးနွေးပွဲတုန်းကဆိုရင် ကျွန်တော့အထင် လူ ၁၀ ယောက်၊ ၁၅
ယောက်လောက်ပဲ တက်ကြတယ်ထင်တယ်။ အခုနောက်ပိုင်း လုပ်ဖြစ်တဲ့ ဆွေးနွေးပွဲတွေမှာတော့
လူငယ်ချည်းပဲ ရ၀ လောက် တက်ရောက်လာကြတာ တွေ့ရပါတယ်။ သူတို့ အားတဲ့ ရက်တွေမှာ
ပေါ့"လို့ နီပေါနိုင်ငံက သူ့အတွေ့အကြံုကို ပြောပြပါတယ်။

အဲဒီတက်ရောက် လာကြသူတွေထဲက ထက်ဝက်နီးပါးလောက်ကတော့ အမျိုးသမီးတွေလို့လည်း
မစ္စတာ ဖရေးဟေ့သ်က ဆိုပါတယ်။

"မြန်မာနိုင်ငံ တိုးတက်လာစေဖို့အတွက် လိုအပ်တဲ့ အခန်းကဏ္ဍတွေထဲမှာ အမျိုးသမီးတွေလည်း
တစ်စိတ်တစ်ပိုင်းက ပါ၀င်ပါတယ်။ ပြီးတော့ အမျိုးသားဓာတ်ပုံဆရာတွေရဲ့ ပုံတွေ ရော၊ အမျိုးသမီး
ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေပါ ပြသနိုင်တဲ့အခါ မတူညီတဲ့ ပုံဖော်တင်ဆက်မှုတွေကို ကြည့်ရှု
ခံစားခွင့် ရစေမှာပါ။ ဒါကြောင့် အမျိုးသမီးတွေလည်း ပါ၀င်လာဖို့ လိုပါတယ်"လို့လည်း ပြောပါ
တယ်။

ပွဲစီစဉ်သူတွေက အကောင်းဆုံးပုံတွေကို ရွေးချယ်ပြသမှာ ဖြစ်တဲ့အတွက် ပုံဖော်တင်ဆက်မှုတွေ
ဟာ ဒီအစီအစဉ်အတွက် အရမ်းအရေးကြီးပါတယ်။

"ငွေပေးပြီး ၀ယ်လို့မရတဲ့အရာဟာ ဘာလဲလို့ ပြောလိုက်ရင် လူအများစုကတော့ ငါးစက္ကန့်လောက်
စဉ်းစားလိုက်ပြီး 'မေတ္တာ' လို့ ပြောတတ်ကြပါတယ်။ ဒါက မမှားပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့
နည်းနည်း ပိုကြာကြာလေး စဉ်းစားလိုက်တဲ့အခါ ဓာတ်ပုံဆရာတွေပဲလို့ ဖြေသင့်တယ်လို့ ထင်ပါ
တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတ်ပုံတွေမှာ အတွေးတွေ အများကြီး ပါ၀င်ပြီး အနုပညာလက်ရာ
ကောင်းတစ်ခုလိုပဲ ဖန်တီးမှုတွေလည်း ပါ၀င်ပါတယ်"လို့ သူက ပြောပါတယ်။

မကြာခင် ကျင်းပပေးမယ့် အစီအစဉ်မှာ နိုင်ငံလေးနိုင်ငံက ဓာတ်ပုံပညာရှင် တွေရဲ့ ဓာတ်ပုံ ၄၀၊ ၅၀
လောက်ကို ပြသပေးမှာဖြစ်ပြီး ပြသမယ့်ပုံတွေကို (CKU) နဲ့အတူ မစ္စတာဖရေးဟေ့သ်က ရွေးချယ်
ပေးမှာ ဖြစ်ပါတယ်။

အရွေးခံရတဲ့ ဓာတ်ပုံတစ်ပုံတိုင်းအတွက် ဓာတ်ပုံဆရာကို ဉာဏ်ပူဇော်ခ အမေရိကန်ဒေါ်လာ ၄၀
ပေးသွားမှာ ဖြစ်ပါတယ်။

"ဓာတ်ပုံဆရာတွေကို ဉာဏ်ပူဇော်ခ ရသင့်တယ်ဆိုတဲ့ အချက်က ကျွန်တော့်အတွက် သိပ်အရေး
ကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင် ဓာတ်ပုံဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ရတာ တကယ့်အလုပ်
တစ်ခုပါလို့ ဒီမှာထိုင်ပြီး ပြောနေတာက အလကားဖြစ်သွားမှာပါ"လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံမှာ အစီအစဉ်တချို့လုပ်ပေးဖို့ စဉ်းစားနေတဲ့ (CKU) နဲ့ သူ့အတွက် ဒီအစီအစဉ်
ဟာ ပထမဦးဆုံး စတင်ဆောင်ရွက်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

"ဒီအစီအစဉ်ဟာ ကျွန်တော်တို့ကို ဓာတ်ပုံပညာရှင်တွေ၊ အနုပညာရှင် တွေနဲ့ အဆက်အသွယ်ရစေ
မှာပါ။ ဒီ အဆက်အသွယ်ကို ယူပြီး နောက်ထပ် အစီအစဉ်တွေ ကျွန်တော်တို့ဆက်ပြီး အကောင်
အထည်ဖော်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်"လို့ CKU ရဲ့ အပြည်ပြည်ဆိုင်ရာ
ဒါရိုက်တာ Jacob Myschetzky က ပြောပါတယ်။

နောက်ထပ် အစီအစဉ်တွေကတော့ ပြင်ဆင်စီမံဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် တစ်ခုမှ
မသေချာသေးပါဘူး။ လက်ရှိ ရှိနေပြီးသား ယဉ်ကျေးမှုကဏ္ဍ တိုးတက်လာစေဖို့နဲ့ အနုပညာနဲ့
ယဉ်ကျေးမှုပုံစံ အမျိုးမျိုး ကို မြန်မာနိုင်ငံသားတွေ ပိုပြီးခံစား လေ့လာနိုင်ခွင့်ရစေဖို့ ဦးစားပေး
ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံမှာ နောက်ထပ်အစီအစဉ်တွေ ခြောက်နှစ်လောက်အထိ ဆက်ပြီး
ဆောင်ရွက်ပေးနိုင်ဖို့ CKU က မျှော်မှန်းထားပါတယ်။

နီပေါနိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာလည်း အလားတူ အစီအစဉ်တွေကို CKU က ဆောင်ရွက်
ပေးနေပါတယ်။ သတင်းဓာတ်ပုံနဲ့ ဓာတ်ပုံ ပညာသင်တန်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲတစ်ရပ်ကို
Today's Youth Asia နဲ့ ပူးပေါင်းပြီး နီပေါ လူငယ်တွေအတွက် စီစဉ်ပေးထားပါတယ်။ ဒီအစီအစဉ်
ဟာ မစ္စတာဖရေးဟေ့သ် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ ပြန်လာတဲ့အခါ လုပ်ပေးချင်တဲ့
အစီအစဉ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ သူသတိထားရဦးမှာပါ။

"ကိုယ်တိုင် စိတ်ကူးဉာဏ် ကွန့်မြူး နိုင်တဲ့သူတွေ ဘာကြောင့် နည်းရတာလဲလို့ ကျွန်တော်
တစ်ခါတလေ တွေးမိပါတယ်။ ဒါကလည်း အလွတ်ကျက် မှတ်တဲ့နည်းနဲ့ ကျောင်းပညာသင်ကြား
လာခဲ့ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလို အနေအထားမျိုးကို နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း
ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံပညာသင်ကြားပေးရာမှာ အရာရာကို ရှုထောင့်အမျိုးမျိုး၊
အလင်းအမှောင် အမျိုးမျိုးကနေ ကြည့်ပြီး ဘယ်လို တွေးဆကြည့်ရမလဲ ဆိုတာကို ဦးစားပေး
သင်ကြားပေးသင့်တယ်လို့ ထင်ပါတယ်"လို့ မစ္စတာဖရေးဟေ့သ်က ပြောပါတယ်။

ပြင်သစ်ဓာတ်ပုံဆရာ Christophe Loviny ကလည်း ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ကျင်းပခဲ့တဲ့
ရန်ကုန်ဓာတ်ပုံ ပွဲတော်မှာ သူ ပါ၀င်ကူညီပေးခဲ့တုန်း ကလည်း အလားတူ အတွေ့အကြံုမျိုး ကြံုခဲ့
တယ်လို့ ပြောပါတယ်။

"ဓာတ်ပုံရိုက်တဲ့အခါ သုံးတဲ့ ကိရိယာအသစ်အဆန်းတွေကို ဘယ်လိုသုံးရမလဲသိဖို့ အရေးမကြီးပါ
ဘူး။ သူတို့ရဲ့စိတ်ကူးကို ဘယ်လိုပုံဖော်တည်ဆောင်မလဲဆိုတာသာ သိဖို့ အရေးကြီးတာပါ"လို့
International Media Support ကနေ ဖေဖော်ဝါရီလမှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ
Mr Lovinyဟာ ပြောဆိုခဲ့ပါတယ်။

မြန်မာတိုင်း(မ်)ဂျာနယ်ရဲ့ ဓာတ်ပုံသတင်းထောက်ချုပ် ဦးကောင်းထက် လည်း ဒီအစီအစဉ်မှာ ပါ၀င်
မှာဖြစ်ပြီး နောက်ထပ်အကောင်အထည်ဖော်ပေးမယ့် အစီအစဉ်သစ်တွေကိုလည်း ကြိုဆိုပါတယ်
လို့ ပြောပါတယ်။

"ရန်ကုန်မှာ အလုပ်ရုံဆွေးနွေးပွဲတချို့ လုပ်ပေးတာတော့ရှိပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။
ဓာတ်ပုံ ဆရာတွေ တိုးတက်လာပါတယ်။ ဒါပေမဲ့ နောက်ထပ် မြေတောင်မြှောက်ပေးဖို့ လိုပါသေး
တယ်။ ဒီလိုမှ မလုပ်ပေးရင် လူငယ်ဓာတ်ပုံဆရာတွေဟာ ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူ
နေရမှာပါ။ ကျွန်တော်ဆိုရင်လည်း ကိုယ်တိုင် လေ့လာခဲ့ရတာပါ။ ဒီအခြေအနေကတော့ ဓာတ်ပုံ
ဆရာအဖြစ် ဘဝကို စတင်ဖို့ ခက်ခဲပါတယ်"လို့ သူက ပြောပါတယ်။

မစ္စတာဖရေးဟေ့သ်က သူစီစဉ်ပေးမယ့် အလုပ်ရုံဆွေးနွေးပွဲမှာ ဦးကောင်းထက်လို အတွေ့အကြံုရှိ
မြန်မာဓာတ်ပုံဆရာတွေလည်း ပါ၀င်ကူညီပေးစေဖို့ စီစဉ်ထားပါတယ်။

"မြန်မာနိုင်ငံမှာ ဓာတ်ပုံဆရာ အကျော်အမော် တချို့ ရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ဓာတ်ပုံ
ပညာ ကျွမ်းကျင်သူတွေ ရှိနေပြီးသားလို့ ပြောရမှာပါ။ မျိုးဆက်သစ် ဓာတ်ပုံဆရာတွေကို ပညာပေး
ဖို့နဲ့ အတွေ့ အကြံုတွေကို မျှဝေပေးဖို့ ဒီလို ၀ါရင့် ဓာတ်ပုံဆရာတွေမှာ တာဝန်ရှိတယ်လို့ ကျွန်တော်
ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့အစီအစဉ်တွေမှာ မြန်မာ ဓာတ်ပုံဆရာတွေ ပါ၀င်စေချင်တာပါ။
ဒါမှလည်း သူတို့လည်း ဆရာလိုမျိုး ဖြစ်လာမှာပါ"လို့ မစ္စတာ ဖရေးဟေ့သ်က ပြောပါတယ်။

မစ္စတာဖရေးဟေ့သ် နောက်ဆုံး အလုပ်ရုံဆွေးနွေးပွဲ စီစဉ်ပေးခဲ့တဲ့ နီပေါနိုင်ငံမှာဆိုရင် ဓာတ်ပုံပညာ
ဟာ နှစ်နှစ်၊ သုံးနှစ်အတွင်း သိသိသာသာ တိုးတက်လာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရားဝင်
ဓာတ်ပုံကျောင်း ရှိလာတဲ့အခါ ဘာအကြံပေးချင်လဲလို့ မေးတဲ့အခါ သူက ဖြေဖို့ အချိန်ယူ စဉ်းစား
နေပါသေးတယ်။

"ဒါက ဖြစ်ပေါ်လာတဲ့ ပုံစံပေါ်ပဲ မူတည်ပါတယ်။ အစမှာတော့ ပုဂ္ဂလိကပိုင်းတွေက အစီအစဉ်တွေ
လုပ်ပေးဖို့ စိတ်ပါကြမှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက် လုပ်လိုက်လို့ အလုပ်ဖြစ်တယ်ဆိုတာ
တွေ့မှ အကောင်အထည် ဖော်တတ်ကြတာပါ။ ဒါမျိုး မကြာခဏ ဖြစ်နေကျပါ"လို့ သူက ပြောပါ
တယ်။

"ဒါပေမဲ့ အရည်အချင်းနဲ့ အာရုံစူးစိုက်နှစ်မြှုပ်မှုက ဓာတ်ပုံဆရာတွေ အတွက် သင်ကြားလေ့ကျင့်
ရေးမှာ အရေးကြီးပါတယ်။ ပြီးတော့ အထောက်အပံ့တချို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ Things
You Can't Buy with Money အစီအစဉ်မှာ ကျွန်တော်တို့တွေ့ဖို့ မျှော်လင့်ထားတဲ့ အလားအလာ
ကောင်း ဓာတ်ပုံဆရာတွေ ဒီမှာ ရှိနှင့်ပြီးသားပါ"လို့ ဆက်ပြောပါတယ်။

ဒီအစီအစဉ်ကို စိတ်ဝင်စားသူ မည်သူမဆို [email protected] ကို ဇူလိုင်လ
၁ ရက်နေ့အထိ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါတယ်။

ဓာတ်ပုံဆရာတစ်ဦးကို ဓာတ်ပုံအများဆုံး ၁၅ ပုံအထိ ပေးပို့ပါ၀င်နိုင်ပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး