နောက်လထဲမှာ ကျင်းပမယ့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင် မြန်မာဇာတ်ကားတွေထဲက ဆန်ခါတင် ၂၈ ကားကို ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
နောက်လထဲမှာ ကျင်းပမယ့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အတွက်
ပြိုင်ပွဲဝင် မြန်မာဇာတ်ကားတွေထဲက ဆန်ခါတင် ၂၈ ကားကို ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
ပြိုင်ပွဲဝင်ကားတွေကို လက်ခံရာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာဆိုပြီး နှစ်မျိုး ခွဲထားပြီး ပြည်တွင်းကနေ
ပြိုင်ပွဲဝင်ကြတဲ့ ၃၇ ကားထဲမှ မှတ်တမ်းကား ရှစ်ကား၊ ဇာတ်လမ်းတို ၁၁ ကားနဲ့ အင်နီမေးရှင်းကား
ကိုးကား ရွေးချယ်ထားတယ်လို့ ရုပ်ရှင်ပွဲတော်ကို ဦးဆောင်ကျင်းပတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး
က ပြောပါတယ်။
နိုင်ငံတကာကနေ လက်ခံရရှိတဲ့ ရုပ်ရှင်ကားတွေကတော့ ၅၀ ၀န်းကျင်ခန့် ရှိပြီး ဆန်ခါတင်အတွက်
ရွေးချယ် နေဆဲလို့ ဆိုပါတယ်။
"ပြည်တွင်းထက်တောင် နိုင်ငံတကာက တော်တော်များတယ်။ အမေရိကား၊ ဆွစ်ဇာလန်၊ ပြင်သစ်၊
ဂျာမနီ၊ အင်္ဂလန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတော်တော်များများက submit လုပ်ကြပါ
တယ်"လို့ ပြီးခဲ့တဲ့လက မြန်မာတိုင်း(မ်)နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မင်းထင်ကိုကိုကြီးက ပြော
ထားပါတယ်။
ပြိုင်ပွဲဝင်ဇာတ်ကားတွေကို မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုနဲ့ အင်နီမေးရှင်း သုံးမျိုးခွဲထားပြီး
ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆုနဲ့ မတ် ၁၃ ဆု ဆိုပြီး ဆုသုံးမျိုး ချီးမြှင့်သွားမှာဖြစ်ပါတယ်။
"အာဏာရှင်စနစ်ကို မကျေနပ်ကြလို့ မြန်မာတစ်နိုင်ငံလုံးက ဆန္ဒပြတဲ့ အရေးအခင်း ၁၉၈၈ မှာဖြစ်
ခဲ့တယ်။ အဲဒီအရေးအခင်းမှာ ကျွန်တော်တို့လည်း ဖြတ်သန်းခဲ့တယ်။ ကျွန်တော်ဆိုရင် လူ့အခွင့်
အရေးဆိုတဲ့စကားလုံးကို ဒေါ်အောင်ဆန်းစုကြည်ပြောမှ ကြားဖူးတာ။ ဘယ်သူ့ဆီကမှ အဲဒီစကား
လုံးကို မကြားဖူးခဲ့ဘူး။
"ပြီးတော့ လူ့အခွင့်အရေးကို အပြည့်အဝ ခံစားနိုင်မယ့် ပြည်သူတွေ ဖြစ်ဖို့ ဒီမိုကရေစီနိုင်ငံဖြစ်မှ
ရမယ်။ အဲဒီအတွက် သွားရမယ်ဆိုပြီး တစ်စိုက်မတ်မတ် လုပ်လာခဲ့တာ ဒေါ်အောင်ဆန်းစုကြည်
ဆိုတော့ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်ရှင်ပွဲတော်လုပ်တဲ့အခါ ဒေါ်အောင်ဆန်းဆုကြည်ဆု
ကတော့ အင်မတန်မှ သင့်လျော်တဲ့ ဆုတစ်ဆုပါပဲ"လို့ ပွဲတော်ကနေ ချီးမြှင့်မယ့် ဆုခေါင်းစဉ်
ရွေးချယ်ဖြစ်ပုံကို ပြောပြပါတယ်။
"တကယ်တမ်းတော့ ဒီဟာတွေက တစ်ဦးချင်းစီကို ကိုယ်စားပြုခြင်းထက် အားလုံးကို ကိုယ်စားပြု
ပါတယ်"လို့လည်း သူက ဆိုပါတယ်။
ပထမတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဆုနဲ့ မင်းကိုနိုင်ဆုဆိုပြီး ဆုနှစ်ဆုကိုပဲ သတ်မှတ်ထား
ခဲ့ပေမယ့် မတ် ၁၃ ဆုကို ထည့်သွင်းဖြစ်ခဲ့ပုံကတော့ တက္ကသိုလ်ကျောင်းသားများရဲ့ လူ့အခွင့်အရေး
အတွက် ပထမဆုံး လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
"၁၉၈၈ ခုနှစ် တက္ကသိုလ်မှာ စပြီးဖြစ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုပေါ့နော်။ မတ်လ ၁၃ ရက်နေ့က
ကိုဘုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးခဲ့တာလေ။ နိုင်ငံရေးအသိုင်းအဝိုင်းမှာ အဲဒီနေ့ကိုလည်း မြန်မာနိုင်ငံ
ရဲ့ လူ့အခွင့်အရေးနေ့အဖြစ် အားလုံးက သတ်မှတ်ထားတာကြောင့် ထည့်သွင်းဖြစ်ခဲ့တာပါ" လို့
မင်းထင်ကိုကိုကြီးက ရှင်းပြပါတယ်။
ဇာတ်ကားတွေကို အကဲဖြတ်ရာမှာ ပြည်တွင်း ပြိုင်ပွဲဝင်ရုပ်ရှင်တွေကိုတော့ ကိုမင်းကိုနိုင်၊
ဒေါ်ဆွေဇင်ထိုက် တို့နဲ့အတူ သူလည်း ပါ၀င်ရွေးချယ်သွားမှာဖြစ်ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင် ရုပ်ရှင်
တွေကိုတော့ ဒေါ်ဆွေဇင်ထိုက် နဲ့အတူ နိုင်ငံတကာမှ ပညာရှင်တွေ စုပေါင်းပြီး အကဲဖြတ်ကြမှာ
ဖြစ်ပါ တယ်။ ဒိုင်တစ်ယောက်အနေနဲ့ ရရှိထားတဲ့ ပြိုင်ပွဲဝင်ရုပ်ရှင်တွေထဲမှာ ပြည်တွင်းကားတွေကို
သိပ်အား မရဘူးလို့လည်း ပြီးခဲ့တဲ့ လအထိ ရရှိခဲ့တဲ့ ဇာတ်ကားတွေ အပေါ်သုံးသပ်ပြောဆိုပါတယ်။
"အင်တာနေရှင်နယ်က ရောက်လာတဲ့ကားတွေကတော့ တော်တော်များများက တခြားရုပ်ရှင်ပွဲ
တော်တွေမှာ ဆုရပြီးသား ဟာတွေလည်း ပါတော့ အရမ်းကို အားရစရာ ကောင်းပါတယ်။ ဒါပေမဲ့
ပြည်တွင်းက documentary တွေကိုတော့ အားမရဘူး။ ကျွန်တော်တစ်ယောက်တည်းအမြင်ပေါ့"
လို့လည်း ပြောပါတယ်။ ပွဲတော်ကို ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာ
ဖြစ်ပါတယ်။















