ကိုလိုနီခေတ် အဆောက်အအုံတွေ အတော်အတန် တွေ့နိုင်သေးတဲ့ ပန်းဆိုးတန်းလမ်းမကြီးဟာ ပန်းချီ ပြခန်းတွေ၊ စာအုပ်ဆိုင်တွေများစွာကို သူ့ပခုံးထက်မှာ သယ်ပိုးထားသလို စာပေနဲ့ အနုပညာကို ချစ်ခင်မြတ်နိုးသူတွေကိုလည်း သူ့ရင်ခွင်ကျယ်ထဲမှာ နေရာပေးထားပါတယ်။
ကိုလိုနီခေတ် အဆောက်အအုံတွေ အတော်အတန် တွေ့နိုင်သေးတဲ့ ပန်းဆိုးတန်းလမ်းမကြီးဟာ
ပန်းချီ ပြခန်းတွေ၊ စာအုပ်ဆိုင်တွေများစွာကို သူ့ပခုံးထက်မှာ သယ်ပိုးထားသလို စာပေနဲ့ အနုပညာ
ကို ချစ်ခင်မြတ်နိုးသူတွေကိုလည်း သူ့ရင်ခွင်ကျယ်ထဲမှာ နေရာပေးထားပါတယ်။
အနုပညာကို ချစ်မြတ်နိုးတဲ့ ရန်ကုန်မြို့လယ်က ဒီလမ်းမကြီးဟာ အမှတ် (၁၄၄)၊ အလယ်
ဘလောက်မှာ နောက်ထပ် ပန်းချီပြခန်းတစ်ခု ထပ်တိုးလာတာကို ၀မ်းသာပျော်ရွှင်စွာနဲ့ ကြိုဆို
လိုက်ပြန်ပါပြီ။
နှစ်ရာချီ ကြာမြင့်နေပြီဖြစ်ပြီး တစ်ချိန်က ကုန်ပဒေသာဆိုင်ကြီး ရှိခဲ့ဖူးတဲ့ အဲဒီ သမိုင်းဝင် ကိုလိုနီ
ခေတ် အဆောက်အအုံကြီးထဲမှာ ဇွန်လကုန်မှာ စတင်ဖွင့်လှစ်တော့မယ့် ပြခန်းအသစ်ရဲ့ နာမည်က
'ပန်းဆိုးတန်း ရှုမျှော်ခင်း' ပဲ ဖြစ်ပါတယ်။
ဒီပြခန်းကို အဲဒီလမ်းမကြီးရဲ့ အပေါ်ဘလောက်မှာ ဖွင့်လှစ်ထားတဲ့ 'ပန်းဆိုးတန်း' ပြခန်းပိုင်ရှင်
ပန်းချီဆရာ ဦးအောင်စိုးမင်းက ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး သူ့ရဲ့နောက်တိုး ပြခန်းသစ်မှာ ပန်းချီပြပွဲ
တွေအပြင် ရုပ်ရှင်ပြပွဲများ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ စာပေယဉ်ကျေးမှု နဲ့ ဆက်စပ်တဲ့ ဟောပြောပွဲတွေ
ကျင်းပသွားမယ်လို့ ဆိုပါတယ်။
"ကျွန်တော်က ကိုလိုနီခေတ် အဆောက်အအုံဟောင်းတွေကို အရမ်းသဘောကျတယ်။
အဆောက်အအုံတွေက လှပါရက်နဲ့ ဆေးရောင်တွေ မျိုးစုံပြောင်းပြီး ဆိုင်းဘုတ်တွေက ချိတ်ကွယ်
ထားတော့ အလှပျက်လာတယ်။ ဒီလို သမိုင်းဝင် အဆောက်အအုံတွေမှာ ပန်းချီပြခန်း ဖွင့်လိုက်တဲ့
အတွက် တိုက်ဟောင်းတွေကို ထိန်းသိမ်းချင်တဲ့ စိတ်ကလေးလည်း ၀င်သွား နိုင်တာပေါ့"လို့
ဦးအောင်စိုးမင်းက ပြောပါတယ်။
'ပန်းဆိုးတန်း ရှုမျှော်ခင်း' ပြခန်းဟာ အမှတ် (၁၄၄)ရဲ့ ဒုတိယထပ်မှာ တည်ရှိမှာဖြစ်ပြီး မြို့လယ်
ကောင်အချက် အချာကျရာနေရာမှာ ဖြစ်တာကြောင့် အဲဒီအဆောက်အအုံကြီးမှာ စတိုးဆိုင်၊
စာအုပ်ဆိုင်နဲ့ ကုမ္ပဏီများ ဖွင့်လှစ်ထားကြသလို လူနေခန်းတွေလည်း ရှိပါတယ်။
"ဒီအခန်းက ယခင်သံအမတ်ကြီးဟောင်း နေထိုင်တဲ့အခန်းကို ယာယီယူပြီး ပြခန်းလုပ်လိုက်တာပါ။
အခန်း နံရံတွေက သစ်သားတွေက ခြတွေစားပြီး တော်တော်လေး ပျက်စီးနေပါတယ်။ သစ်သား
တွေကို ခွာချလိုက်ပြီး အခန်းထဲမှာ စုပုံထားလိုက်တာ အခန်းတစ်ဝက် ပြည့်သွားတာပဲ"လို့လည်း
ဦးအောင်စိုးမင်းက အခန်းရဲ့မူလအခြေအနေကို ပြောပြပါတယ်။
"ဒီဘက်ခေတ် အဆောက်အအုံတွေက အသစ်ဖြစ်ပေမယ့် ဗိသုကာရသကျတော့ အတော်လေး
အားနည်းပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုလိုနီခေတ် အဆောက်အအုံဟောင်းတွေကို
ရွေးချယ်ဖြစ်တာပါ။ အခန်းကိုတော့ မာမာချာချာ ဖြစ်သွားအောင် အိမ်သာကအစ ပန်းချီကား
ချိတ်ဖို့အတွက် နေရာများများရအောင် အကြမ်းဖျင်း ပြင်ဆင်ပြီးပါပြီ"လို့လည်းဆိုပါတယ်။
ဒါပေမဲ့ အခန်းကို မပြင်ဆင်ခင်မှာတော့ အခန်းဟောင်းကို နှုတ်ဆက်တဲ့ အနေနဲ့ မူလရှိရင်းစွဲ အပြင်
အဆင်အတိုင်းပဲ "Skateboarders of Yangon" ဓာတ်ပုံပြပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပ
ခဲ့ပြီး အဲဒီနောက်ပိုင်းမှာမှ ပန်းဆိုးတန်း ရှုမျှော်ခင်း ပန်းချီပြခန်းသစ်အတွက် ပြင်ဆင်မှုတွေ စလုပ်
ဖြစ်တယ်လို့ ဆိုပါတယ်။
"ဖွင့်ပွဲကိုတော့ ပုပ္ပားတောင် ချစ်သူများအဖွဲ့ရဲ့ ပုပ္ပားတောင်နဲ့ပတ်သက်တဲ့ အနုပညာလက်ရာတွေ
ပြသပွဲလေးနဲ့အတူ ဇွန်လကုန်မှာ လုပ်သွားဖို့ ရှိပါတယ်။ ပွဲဖြစ် မဖြစ်ကတော့ မသေချာသေးပါဘူး"
လို့ ဦးအောင်စိုးမင်းက ပြောပါတယ်။
ပန်းဆိုးတန်းလမ်း အထက်ဘလောက် အမှတ်(၁၈၆)မှာ ဖွင့်ထားတဲ့ ပန်းဆိုးတန်း ပန်းချီပြခန်းဟာ
လည်း ဆက်လက်ရှိနေမှာ ဖြစ်ပြီး အဲဒီပြခန်းကို ကျောင်းတွေကနေ အုပ်စုလိုက် လာရောက်
လည်ပတ်တဲ့အခါ ကျဉ်းမြောင်းတဲ့ အခန်းလေးမှာ ပန်းချီနဲ့ ပတ်သက်ပြီး ရှင်းပြချင်တာတွေကို
ရှင်းပြခွင့် မရတဲ့အတွက် ပိုကျယ်တဲ့ နေရာတစ်ခုကို ရှာဖွေဖို့ ဖြစ်လာတယ်လို့လည်း သူက ပြောပြ
ပါတယ်။
"သမိုင်းဝင် အဆောက်အအုံမှာ ပန်းချီပြခန်းဖွင့်လှစ်ရလို့ ပီတိဖြစ်ပါတယ်"လို့လည်းပြောပြီး ပန်းချီ
ပြခန်း ဖွင့်ပွဲနဲ့အတူ မြန်မာပြည် အနုပညာ အကြောင်းကို ပုံဖော်တင်ဆက်မယ့် 'ပန်းဆိုးတန်း
အနုပညာနှင့် ယဉ်ကျေးမှု' အပတ်စဉ် ဂျာနယ်ကိုလည်း ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။
"ဂျာနယ်ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေမှာ ဖြစ်ပါတယ်။ ဒီလို အနုပညာဂျာနယ်လေး
ရှိလာမှ ပြည်တွင်းပြည်ပ ပန်းချီဆရာတွေအတွက် ပေါင်းကူးလေးတစ်ခု ဖြစ်လာမှာပါ"လို့
ဦးအောင်စိုးမင်းက သူ့စိတ်ကူးကို ပြောပြပါတယ်။
ပန်းဆိုးတန်း လမ်းမထက်မှာ တည်ရှိတဲ့ တခြားနာမည်ကျော် ပန်းချီပြခန်းကတော့ အမှတ် (၆၂)၊
အောက်ဘလောက်မှာတည်ရှိတဲ့ လောကနတ် ပြခန်းဖြစ်ပြီး အင်းဝစာအုပ်တိုက်၊ စာပေလောက
စာအုပ်ဆိုင်၊ အမေ့အိမ် နဲ့ ဆင်တောင်ကြီး စာပေတွေအပြင် စာအုပ်အဟောင်းဆိုင်တွေများစွာ
တည်ရှိပါတယ်။
















