ခြောက်နှစ်ကျော် ရပ်နားထားတဲ့ ဂီတပညာသင်တန်းကျောင်းကို မေလ ၁၁ ရက်နေ့က စတင်ပြီး အမှတ်စဉ်(၁) အဖြစ် ပြန်လည် ဖွင့်လှစ်နေတယ်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခြောက်နှစ်ကျော် ရပ်နားထားတဲ့ ဂီတပညာသင်တန်းကျောင်းကို မေလ ၁၁ ရက်နေ့က စတင်ပြီး
အမှတ်စဉ်(၁) အဖြစ် ပြန်လည် ဖွင့်လှစ်နေတယ်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ
တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဂီတသင်တန်းမှာ မြန်မာဂီတ အဆို၊ အတီး အခြေခံသင်တန်း၊ ကွန်ပျူတာနဲ့ ဂီတဖန်တီးတဲ့ အခြေခံ
သင်တန်းတွေကို အဓိကထား သင်ကြားသွားမှာဖြစ်ပြီး ကာလပေါ် အဆို၊ မဟာဂီတ၊ နိုင်ငံတကာ
နုတ်စ်နဲ့ စန္ဒရားတီးသင်တန်းကိုပါ သင်ကြားပေးနေပြီ ဖြစ်ပါတယ်။
ပထမဆုံးအုပ်စုအဖြစ် သင်တန်းသား စုစုပေါင်း ၄၀ တက်ရောက် သင်ကြားနေကြပြီး သင်တန်း
ကာလကို သုံးလနဲ့ သင်တန်းကြေး ကျပ်သုံးသောင်း သတ်မှတ်ထားတယ်လို့ သင်တန်းရဲ့
ကြီးကြပ်ရေးမှူး ဖြစ်သလို ဂီတအစည်း အရုံးရဲ့ ပြန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးစိုးထွဋ်ခိုင်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ဒီလိုသင်တန်းမျိုးကို မဖွင့်ဖြစ်တာက အခုဆိုရင် ခြောက်နှစ်ကျော်ကာလတောင် ရှိသွားပြီ။
အရင်တုန်းက အကော်ဒီယံဦးအုန်းကျော် ခေတ်တုန်းက ဖွင့်ခဲ့ဖူးတယ်။ အကြောင်းကြောင်းကြောင့်
ပိတ်ခဲ့ရတယ်။ အခု ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီဆိုတော့ ဒီလိုမျိုးဖွင့်လှစ်သင်ကြားပေး
ဖို့အတွက် တာဝန်ရှိသူတွေ အားလုံး သေသေချာချာ တိုင်ပင်ပြီးတော့ ပြန်လည် အကောင်အထည်
ဖော်ပြီး အသစ်အနေနဲ့ အမှတ်(၁) ဆိုပြီး စဖွင့်ခဲ့တာ"လို့ ပြောပါတယ်။
လတ်တလောမှာ နေရာအခက်အခဲကြောင့် မြန်မာမှုအခြေခံသင်တန်းကို အရင်လုပ်ဖြစ်တာဖြစ်ပြီး
နောက်ပိုင်းမှာ ကမ္ဘာ့ဂီတ အတွက်ကိုပါ အဆင့်မြင့်သင်တန်းတွေ ဖွင့်လှစ်ပေးသွားဖို့ အစီအစဉ်
ရှိတယ်လို့လည်း သူက ဆိုပါတယ်။
"ဒီလိုသင်တန်းမျိုးက အပြင်မှာတက်ရင် အရမ်းစရိတ်ကြီးတာကြောင့် ၀ါသနာပါတဲ့ ကလေးတွေ
မပူမပင်ဘဲနဲ့ လွယ်လွယ်ကူကူ သင်ကြားနိုင်အောင် လုပ်ပေးလိုက်တဲ့သဘောပါပဲ။ ဒီလို
တက်ရောက်ခြင်းအားဖြင့် ဂီတဝါသနာရှင်လေးတွေအတွက် ဆရာကောင်းနဲ့တွေ့ဆုံပြီး အခြေခံ
ကောင်းလေးတွေ ရရှိသွားဖို့ ရည်ရွယ်ပါတယ်" လို့လည်း ဦးစိုးထွဋ်ခိုင်က ပြောပါတယ်။
သင်တန်းမှာ မြန်မာမှုသင်တန်းကို ဆရာမကြီး ဒေါ်တင်တင်ဝင်း၊ ဒေါ်လှိုင် တို့က သင်ကြားပေးနေပြီး
နုတ်စ် အတွက် ဆရာဦးသက်ဆွေ၊ ဆိုကရေးတီးအတွက် စန္ဒရားဆရာ ဦးတင်မောင်ကြည်၊
ရွှေတံဆိပ်များရှင် ဆရာဘဇော်ဟိန်းနဲ့ ကွန်ပျူတာနဲ့ ဂီတပညာ ဖန်တီးမှုပညာရပ်အတွက်
ဆရာသာမင်းသစ် တို့က သင်ကြားပေးနေကြပါတယ်။
ဂီတအစည်းအရုံးရဲ့ လက်ရှိဥက္ကဋ္ဌမှာ ဦးတင်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင် လမှာ ရွေးကောက်ပွဲ
ကျင်းပပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
အကော်ဒီယံ ဦးအုန်းကျော်ကတော့ ၁၉၉၁ ခုနှစ်က စတင်ပြီး ၂၀၀၅ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ်
တာဝန်ယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။















