နေ့ဘက်မှာ ဇာတ်ကားတွေ ဖန်တီးပြီး ညဘက်မှာ ဂရပ်ဖစ်တီ ရေးဆွဲတဲ့ အာကာကျော်

နေ့ဘက်မှာ ဇာတ်ကားတွေ ဖန်တီးပြီး ညဘက်မှာ ဂရပ်ဖစ်တီ ရေးဆွဲတဲ့ အာကာကျော်

ရောက်ရှိနေတဲ့ ပြောင်းလဲမှုနဲ့ ပွင့်လင်းမှု လမ်းကြောင်းပေါ်မှာ မြန်မာ အစိုးရနဲ့ ပြည်သူများ ဆက်ပြီး လျှောက်လှမ်းစေဖို့ အားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က သမိုင်းဝင်ခရီးအဖြစ် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံဆီ လာရောက်ခဲ့စဉ်မှာ လူငယ် ဂရပ်ဖစ်တီ အနုပညာရှင်တစ်ဦးဟာ သမ္မတကြီးရဲ့ ပုံတူကို ကန်တော်ကြီးပတ်လမ်းပေါ်က ...

ရောက်ရှိနေတဲ့ ပြောင်းလဲမှုနဲ့ ပွင့်လင်းမှု လမ်းကြောင်းပေါ်မှာ မြန်မာ အစိုးရနဲ့ ပြည်သူများ ဆက်ပြီး
လျှောက်လှမ်းစေဖို့ အားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က သမိုင်းဝင်ခရီးအဖြစ် အမေရိကန်သမ္မတ
အိုဘားမား မြန်မာနိုင်ငံဆီ လာရောက်ခဲ့စဉ်မှာ လူငယ် ဂရပ်ဖစ်တီ အနုပညာရှင်တစ်ဦးဟာ
သမ္မတကြီးရဲ့ ပုံတူကို ကန်တော်ကြီးပတ်လမ်းပေါ်က လူမြင်သာတဲ့ နံရံတစ်ခုပေါ်မှာ ဆေးမှုတ်ရေး
ဆွဲပြီး ကြိုဆိုခဲ့ပါတယ်။

ခရီးစဉ်မတိုင်ခင် တစ်ပတ်လောက် အကြိုကတည်းက ရေးဆွဲထားခဲ့တဲ့ အဲဒီပုံတူဟာ ဆွဲပြီးလို့
မကြာခင်မှာပဲ အာဏာပိုင်တွေရဲ့ ဆေးဖြူသုတ်ပြီး ဖုံးအုပ်လိုက်တာကို ခံလိုက်ရပါတယ်။

လူငယ်လေးဟာ သူ့ပုံ ဖျက်ခံလိုက်ရတာကို မမှုဘဲ နောက်ရက်အနည်းငယ် အကြာမှာ အဲဒီနံရံပေါ်
မှာပဲ နောက်ထပ် ပုံတူတစ်ခုကို ထပ်မံရေးဆွဲခဲ့ပြန်ပါတယ်။

အဲဒီ အကြိမ်မှာလည်း အဆင်မချောပြန်ဘဲ ဆေးမဲတွေနဲ့ ဖျက်ဆီးခံ ရပြန်ပါတယ်။

ဒါပေမဲ့ အမေရိကန် သမ္မတကြီးအတွက် သူ့ရဲ့ကြိုဆိုမှုကို ပြသဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်
ထားတဲ့ လူငယ်လေးဟာ တတိယမြောက် အားထုတ်မှုကို ပြုလုပ်ခဲ့ပြန်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့လက်ရာပုံတူ ကို မီဒီယာတွေက မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး
ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ကြပါတယ်။

ခဏချင်းဆိုသလို လူအများက သတိထားမိသွားပြီး နိုင်ငံတကာ မီဒီယာသမားတွေရဲ့ စိတ်ဝင်စားမှု
ကိုလည်း ရရှိခဲ့ပါတယ်။

သူ့ရဲ့ လက်ရာဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို တစ်ကမ္ဘာလုံးက သိနိုင်အောင် ဖော်ပြနိုင်ခဲ့တဲ့
သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒီလူငယ်လေးရဲ့ နာမည်က အာကာကျော် ဖြစ်ပြီး အသားညိုညို၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး
ကိုယ်ဟန်နဲ့ အသက်ကတော့ ၂၀ ရှိပါပြီ။

ဗိုင်းရပ်စ်ပိုး ပြန့်ပွားသလို အင်တာနက်ပေါ်မှာ သူရေးဆွဲခဲ့တဲ့ အိုဘားမားရဲ့ ပုံတူ ပြန့်သွားတဲ့အချိန်မှာ
အာကာကျော် ဟာလည်း အလိုအလျောက် လူသိများတဲ့ ငွေကြယ်ပွင့် ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ သူဟာ ဂရပ်ဖစ်တီပုံ ရေးဆွဲရုံတင်မကဘဲ ဇာတ်ကားတွေ ဖန်တီးရာမှာလည်း
လက်စွမ်းလက်စရှိသူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။

သူ့ရဲ့ပထမဆုံး လက်ရာဖြစ်တဲ့ ဇာတ်ကားတို "The Night"ဟာ ရန်ကုန်မြို့မှာ ကျင်လည်ကျက်စား
ကြတဲ့ ဂရပ်ဖစ်တီသမားတွေ ရှင်သန်ရတဲ့ ပုံစံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီကားဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ
နောက်ဆုံး ဆန်ခါတင်စာရင်းထဲမှာ ပါ၀င်ခဲ့ပါတယ်။

"The Night" ကို ရိုက်ကူးခဲ့တာဟာ သူ့သူငယ်ချင်း ဖြစ်သူ တင်ဝင်းလှိုင်နဲ့ သူ့အတွက် လူတွေရဲ့
အသိအမှတ် ပြုမှုကို ရရှိဖို့ထက် သူတို့ ပြောချင်တဲ့ ဇာတ်လမ်းတစ်ခုကို ဖန်တီးပြီး ပြသခဲ့တာလို့
အာကာကျော်က ပြောပါတယ်။

"ဒါရိုက်တာ တင်ဝင်းလှိုင်က ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းပါ။ ရိုက်တုန်းက
ကျွန်တော်တို့ ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ညဘက် ကျွန်တော် ဂရပ်ဖစ်တီ
ဆွဲတဲ့အချိန်မှာ အမှတ်တရ မှတ်တမ်းတစ်ခုအနေနဲ့ ရိုက်ခဲ့တာ။ နောက်တော့ လွတ်လပ်ခြင်း
ရုပ်ရှင်ပွဲတော်က ပြိုင်ပွဲဝင်တွေ ဖိတ်ခေါ်တော့ ခေါင်းစဉ်နဲ့ အကိုက်ဖြစ်နေတယ်ထင်လို့ ၀င်ပြိုင်ဖြစ်ခဲ့
တာပါ။ ဆန်ခါတင်အထိပါလို့ အရမ်းကို ၀မ်းသာရပါတယ်"လို့ အာကာကျော် က ပြောပါတယ်။

နေ့လယ်ပိုင်းမှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်ကိုင်နေပြီး သူနဲ့ သူအစ်ကို စိုးဝေထွန်း
အပါအဝင် သူငယ်ချင်းဖြစ်သူ အောင်ခန့်နဲ့ ပူးပေါင်းပြီး ရုပ်ရှင်၊ သီချင်းနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှု
တွေအားလုံးကို တာဝန်ယူ ဆောင်ရွက်ပေးတဲ့ ART Entertainment ကိုလည်း တည်ထောင်ထား
တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ဆီမှာ မည်သည့်အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်မဆိုအပ်လို့ ရပါတယ်။ ကိုယ်တိုင်
တောက်တိုမယ်ရကအစ ၀င်လုပ်ပါတယ်"လို့ အာကာကျော်က ပြောပါတယ်။

သူတို့အဖွဲ့နဲ့ Nuts and Butter Film Production မှ ကိုမောင်မောင်သာမြင့်တို့နဲ့ တွဲဖက်စီစဉ်ပြီး
သူကိုယ်တိုင် ပါ၀င်သရုပ်ဆောင်ထားတဲ့ "Floating Bliss" ဇာတ်လမ်းတိုကို လည်းလာမယ့်
ဇူလိုင်လမှာ စင်ကာပူ နိုင်ငံမှာ ပြုလုပ်မယ့် စင်ကာပူ မြန်မာ ရုပ်ရှင်ပွဲတော်ကို ပေးပို့ယှဉ်ပြိုင်သွား
မယ်လို့လည်း ဆိုပါတယ်။

ညဘက်တွေမှာတော့ အာကာကျော် ဟာ သူ့ရဲ့ တကယ့်ဝါသနာ စစ်စစ်ဖြစ်တဲ့ ဂရပ်ဖစ်တီ
အနုပညာရှင် ဖြစ်သွား ပြန်ပါတယ်။

ငယ်စဉ်က ဖခင်ဖြစ်သူ ပန်းချီဆွဲတာကို ထိုင်ကြည့်ခဲ့ပြီး ၁၀ တန်းစာမေးပွဲ အပြီးမှာတော့ သူ
စိတ်အားထက်သန်တဲ့ ဂရပ်ဖစ်တီကို လုပ်ကြည့်ချင်စိတ် အရမ်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော် ဆယ်တန်းပြီးလောက်တဲ့အချိန်မှာ လုပ်ချင်တာတွေက အရမ်းများနေတယ်။
ငယ်လည်းငယ်သေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေတာပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ
စာရေးဆရာ ဂျွန်လီရဲ့ စာအုပ် တစ်အုပ်မှာပါတဲ့ 'လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်း တစ်ခုစီ
ရှိတယ်။ အဲဒီ အရည်အချင်းက ဘာဆိုတာ သိအောင်လုပ်ပြီး အဲဒါနဲ့ အသက်မွေးဝမ်းကျောင်းပြုရ
မယ်' ဆိုတာကို ဖတ်ပြီးတဲ့ အချိန်မှစပြီး ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်"လို့ အာကာကျော်က
ပြောပါတယ်။

"နာမည်ကြီးချင်လို့ ဂရပ်ဖစ်တီဆွဲတာ မဟုတ်ပါဘူး။ ကျွန်တော် လုပ်ချင်တာကြောင့် လုပ်တာပါ"
လို့လည်း ပြောသလို "ဒီဂရပ်ဖစ်တီ အနုပညာက ကျွန်တော်တို့က နိုင်ငံတကာကနေ ခိုးချထား
တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ စဖန်တီးထားတဲ့အရာ မဟုတ်တော့လေ။ ဒါပေမဲ့လည်း
သူတို့ ဖန်တီးထားတာတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဆွဲနိုင်တဲ့လူတွေ ရှိပါတယ်
ဆိုတာကို သိစေချင်တဲ့အတွက် ကျွန်တော်ယုံကြည်ရာအတိုင်းပဲ ဆက်လုပ်သွားမယ်"လို့လည်း
ဆက်လျှောက်သွားမယ့် သူ့စိတ်ကူးယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆိုပါတယ်။

ဒါကြောင့် သူဟာ သိပ်မကြာခင်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြု
တဲ့အနေ နဲ့ မွေးနေ့ဆုတောင်းစာသားနဲ့အတူ သမ္မတကြီးရဲ့ ပုံတူကိုလည်း မရမ်းကုန်းမြို့နယ်
ချော်တွင်းကုန်းအနီးရှိ နံရံတစ်ခုမှာ ရေးဆွဲခဲ့ပါသေးတယ်။

ဒီတစ်ကြိမ်မှာလည်း ဆွဲပြီးတဲ့နေ့ နေ့လယ်ပိုင်းမှာပဲ ဆေးဖြူတွေနဲ့ အဖျက်ခံလိုက်ရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ပုံကြောင့် လူအများက သမ္မတကြီးရဲ့ မွေးနေ့ကို မှတ်မှတ်ထင်ထင် ဖြစ်သွားခဲ့ကြပါ
တယ်။

"အဲသလို ပုံတွေဆွဲလိုက်လို့ သမ္မတကြီးဆီက ကျွန်တော် ဘာမှမရနိုင်ပါဘူး။ သူကလည်း သိချင်မှ
သိမှာပါ" လို့ပြောသလို "လက်ရှိ မြန်မာနိုင်ငံမှာက ဂရပ်ဖစ်တီကို လက်မခံနိုင်ကြသေးဘူးလေ။
လူတော်တော်များများက ကျွန်တော်တို့က သူတို့ရဲ့နံရံတွေကို ဖျက်ဆီးနေတယ်လို့ပဲ ထင်ကြတာ။
အဲဒီ အတွက် ကျွန်တော်က လူအများ လက်ခံ နိုင်ပြီး လူတွေက ကျွန်တော် ရေးဆွဲတဲ့ လက်ရာ
တွေကနေ အကြောင်းအရာ တစ်ခုခုကို သိနိုင်တဲ့ပုံတွေကို ဆွဲတာပါ"လို့လည်း ပြောပါတယ်။

နာမည်ကျော် ပုဂ္ဂိုလ်တွေကို နံရံပေါ်မှာ ဆေးမှုတ်ရေးဆွဲခဲ့တာတွေကြောင့် အာကာကျော်ဟာ
လူများစွာရဲ့ မတူညီတဲ့တုံ့ပြန်မှုကို လက်ခံရရှိပါတယ်။

၂၀၀၉ ခုနှစ်လောက်ကတည်းက ဂရပ်ဖစ်တီဆွဲလာခဲ့တဲ့ ကိုဝဏ္ဏလင်းက "အာကာကျော်က
တကယ့်ကိုတော်ပါတယ်။ သူ့မှာ အရမ်းမိုက်တဲ့ ဆွဲချက်တွေရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ အယူအဆတွေ
က တကယ့် Graffiti Art ဆိုတဲ့ အနုပညာရဲ့ခေါင်းစဉ်နဲ့ လွဲနေတယ်။ သူသွားတဲ့လမ်းက
နည်းနည်း ပေါ်ပြူလာဖြစ်ချင်တဲ့ လမ်းပေါ်ရောက်နေတယ်။ သူက Graffiti Artist တစ်ယောက်
မဟုတ်ပါဘူး။ သူက ပန်းချီဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

"အခု မြန်မာနိုင်ငံမှာ ဒီအနုပညာကို လူတွေက ဖျော်ဖြေရေးအနေနဲ့ပဲ လက်ခံကြသေးတယ်။ တခြား
နိုင်ငံတွေမှာတော့ အသစ်အသစ်သော ခံယူချက်နဲ့ စိတ်ကူးတွေကို လူအများဆီသို့ အသိပေးတဲ့
နည်းလမ်းတစ်ခုအဖြစ်သုံးတယ်"လို့လည်း သူကဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး