နှစ်ထပ်ကွမ်းရင်ခုန်သံတွေနဲ့ အဋ္ဌမအကြိမ်မြောက် 'ရွှေအမြုတေ' စာပေဆုပေးပွဲ

နှစ်ထပ်ကွမ်းရင်ခုန်သံတွေနဲ့ အဋ္ဌမအကြိမ်မြောက် 'ရွှေအမြုတေ' စာပေဆုပေးပွဲ

"Hello... Hello" အစချီတဲ့ လေဒီဂါဂါရဲ့ နာမည်ကျော် "Telephone" သီချင်းကို မိုက်ခရိုဖုန်းကိုင်ကာ ဟန်ပါပါ ကခုန်နေကြတဲ့ Stars & Models အေဂျင်စီမှ အကအဖွဲ့ကြောင့် တိုက်ပုံနဲ့ ပုဆိုး၊ ရင်ဖုံးနဲ့ ချိတ်လုံချည် မြန်မာ့ရိုးရာ၀တ်စုံပြည့်ဝတ်ဆင်လို့ ပွဲတက်ရောက်လာကြသူတွေဟာ...

"Hello... Hello" အစချီတဲ့ လေဒီဂါဂါရဲ့ နာမည်ကျော် "Telephone" သီချင်းကို မိုက်ခရိုဖုန်းကိုင်
ကာ ဟန်ပါပါ ကခုန်နေကြတဲ့ Stars & Models အေဂျင်စီမှ အကအဖွဲ့ကြောင့် တိုက်ပုံနဲ့ ပုဆိုး၊
ရင်ဖုံးနဲ့ ချိတ်လုံချည် မြန်မာ့ရိုးရာဝတ်စုံပြည့်ဝတ်ဆင်လို့ ပွဲတက်ရောက်လာကြသူတွေဟာ
အချင်းချင်း စကားစဖြတ်ကာ စင်မြင့်ပေါ်ကို အာရုံရောက်သွားကြပါတယ်။

ဒါကတော့ မေလ ၂၄ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အဋ္ဌမအကြိမ်မြောက်
ရွှေအမြုတေ စာပေဆုပေးပွဲအစ မြင်ကွင်းဖြစ်ပြီး ဖိတ်စာတစ်စောင် တစ်ယောက်ဆိုတဲ့ ဖိတ်စာပါ
စည်းကမ်းချက်ကြောင့် လူများမယ်ဆိုတာကို ကြိုတင်ခန့်မှန်းမိတဲ့ စာပေနယ်ပယ်က အဓိကပါ၀င်
တဲ့ ဧည့်သည်တော်တွေဟာ ညနေ ၆ နာရီ ပွဲမစမီကတည်းက ဖိတ်စာ ကိုယ်စီကိုင်ကာ ခန်းမ
အပြည့်နေရာ ယူထားပြီး ဖြစ်နေကြပါပြီ။

ရွှေအမြုတေရသမဂ္ဂဇင်းနဲ့ အလင်းတန်းဂျာနယ်တို့ရဲ့ ဦးစီးတင်ဆက်သူ ဆရာ ဦးဝင်းငြိမ်းရဲ့ (၆၉)နှစ်
ပြည့် မွေးနေ့လည်း ဖြစ်တာကြောင့် စာပေဆုပေးပွဲ တက်ရောက်လာသူတွေဟာ ခန်းမကျယ်နဲ့
တောင် မဆံ့တော့ဘဲ နေရာမရသူတွေတောင် ရှိနေတာမို့ စည်ကားတဲ့ စာပေဆုပေးပွဲလို့ ဆိုမှာပါ။

ဆုပေးတဲ့ စင်မြင့်နောက်ခံမြင်ကွင်းအတွက် နှစ်တိုင်း ဒီဇိုင်းဆင်ပုံဖော်ပေးတဲ့ ပန်းချီဦးမြင့်မောင်ကျော်
က ဒီနှစ်မှာတော့ ပဒေသရာဇ်ခေတ်က ကျောက်စာတွေပေါ်မှာ သတင်းစာ ဂျာနယ်စာမျက်နှာများ
ကပ်ထားပြီး အောက်ခံမှာ 'တ'နဲ့ 'က်'ဆိုတဲ့ စာလုံး နှစ်လုံးကို ထည့်သွင်းပြီး ဒီဇိုင်းဖော် ပေးထားပါ
တယ်။

"အနီရောင်ကို အသုံးပြုထားတာက ရန်ကုန်မြို့ရဲ့ ဆိုင်းဘုတ်တော်တော်များများက အနီရောင်
ဖြစ်ပြီး အမှတ်ရဆုံး ဆိုင်းဘုတ်တစ်ခု ဖြစ်တဲ့ 'တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ
သစ္စာမဖောက်' ဆိုတဲ့ ဆိုင်းဘုတ်ပါ။ အဲဒါကြောင့် အစစာလုံး ကို 'တ'နဲ့ နောက်ဆုံး 'က်'ထားပြီး
သတင်းစာမျက်နှာတွေကတော့ အခုဆိုရင် လွတ်လပ်တဲ့ စာပေတွေ၊ စာမျက်နှာလွတ်လပ်ခွင့်တွေ
ရရှိလာပြီကို ဆိုလိုတာပါ"လို့ ဦးမြင့်မောင်ကျော်က ရှင်းပြသွားပါတယ်။

ရွှေအမြုတေ ဆုရွေးချယ်ရေးအဖွဲ့ ၀င်တစ်ဦးဖြစ်တဲ့ ဦးတင်ခိုင်က နှစ်စဉ် ဇွန်လမှ နောက်နှစ် မေလ
အထိ ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းတွေထဲမှ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုရှည်၊ အခန်းဆက်ဝတ္ထုရှည်
စတာတွေကို အနုပညာမြောက်မှု၊ အတတ်ပညာမြောက်မှု၊ စာဖတ်သူနားလည်အောင်ရေးသားနိုင်မှု၊
ပင်ကိုဟန်ရေးသားနိုင်မှု၊ ဆုနဲ့ထိုက်တန်မှုနဲ့ ခေတ်ပြိုင်ခံစားမှု အချက်ခြောက်ချက်ပေါ်မူတည်ပြီး
ရွေးချယ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ ဆုရွေးချယ်ရေးအဖွဲ့ ဟာ တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် အစည်းအဝေးတွေ
ကျင်းပခဲ့ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေဟာ ထူးချွန်ပြောင်မြောက်တဲ့ စာပေပညာရှင်တွေ
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ရွေးချယ်ထားတဲ့ ဆုတွေနဲ့ ပတ်သက်ပြီးလည်း လွတ်လပ်စွာ
သဘောထား ကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မူခြောက်ချက်ပေါ် အခြေခံပြီး လွတ်လပ်
ပွင့်လင်းစွာ ရွေးချယ်ခဲ့ကြတာပါ"လို့ ဦးတင်ခိုင်က ပြောပါတယ်။

ရွှေအမြုတေ ကဗျာဆုကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ရနံ့သစ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ
ဆရာ မိုးသစ်ဝေရဲ့ 'မစ္စတာ ဒေးဗစ် စပါးကြီးရဲ့ မျက်လှည့်ပွဲ' ကဗျာက ဆွတ်ခူးသွားခဲ့ပြီး
ဆောင်းပါးဆုကို ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှာပဲ ဖော်ပြခဲ့တဲ့ ဆရာ ဇော်ဝင်းရဲ့
'ကိုလာစစ်ပွဲတုန်းက နည်းဗျူဟာ'ဆောင်းပါးက ရရှိခဲ့ပါတယ်။

ဆရာဇော်ဝင်းကိုက ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ရွှေအမြုတေစာပေဆုပေးပွဲမှာလည်း ဆောင်းပါး
ဆုကို ဆွတ်ခူးရရှိခဲ့သူပါ။

ရသစာတမ်းဆုကိုတော့ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလထုတ်ထဲမှာ ဖော်ပြခဲ့တဲ့
စာရေးဆရာ မောင်နှင်းပန်းရဲ့ 'လက်ညှိုးညွှန်ရာ' ရသစာတမ်းက ရရှိသွားခဲ့ပြီး ဆရာ မောင်နှင်းပန်း
ဟာလည်း ၂၀၀၈ ခုနှစ်တုန်းက မျိုးဆက်သစ် ရွှေအမြုတေဆုကို ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်တွေ ရင်ခုန်ရတဲ့ ၀တ္ထုတိုဆုကိုတော့ ဆဋ္ဌမအကြိမ်ရွှေအမြုတေ မျိုးဆက်သစ်စာပေ
ဆု ကိုတော့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ရေးသားသူ
ဇေဦးယျာရဲ့ 'ကြယ်စင်သစ်ကို လင်းတဲ့ရင်ခွင်' စာမူက ရရှိခဲ့ပြီး ၀တ္ထုရှည်ဆုကို ၂၀၁၃ ခုနှစ်၊ မေလ
ထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အောင်ဖြိုးကျော် (ပခုက္ကူ) ရဲ့ 'ကတ္တီပါ ကန့်လန့်ကာ'
ဆောင်းပါးက ရရှိသွားပါတယ်။

အခန်းဆက်ဝတ္ထုရှည်ဆုကို ဆရာ ဆူးငှက်ရဲ့ 'ရွှေချိုးဖြူ နှောင်အိမ်လွှတ်ကယ်' စာမူကဆွတ်ခူးသွား
ခဲ့ပြီး ၂၀၁၃ ဖေဖော်ဝါရီလကနေ ဧပြီလအထိ ရွှေ အမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။

ရွှေနှလုံးသားဝတ္ထုတိုဆုကို စာရေးဆရာ ညီငယ်လေးနဲ့ စာဖတ်သူအကြိုက် ရွှေအသစ်ဝတ္ထုတိုဆု
ကို ရင်ခွင်ဦး (ဟံဇား) တို့က အသီးသီး ရရှိခဲ့ပါတယ်။

ဆုတစ်ဆုရဲ့ အခြေခံဆုကြေးက ကျပ်နှစ်သိန်းဖြစ်ပြီး ပါ၀င်ကြတဲ့ အလှူရှင်တွေကြောင့် အများဆုံး
ဆုကြေးက ကျပ် ၁၄ သိန်း ၈ သောင်းအထိ ချီးမြှင့်နိုင်ခဲ့ပြီး စုစုပေါင်း ဆုငွေကျပ် ၈၂ သိန်း ၁
သောင်းကို ချီးမြှင့်နိုင်ခဲ့ပါတယ်။

အောင်မြင်တဲ့ စာပေဆုပေးပွဲကြီး ဖြစ်ပေမယ့် ပွဲနဲ့ မလိုက်ဖက်တဲ့ ဖျော်ဖြေမှုတွေ၊ နေရာစီစဉ်မှု
အခက်အခဲနဲ့ အချိန်ဆွဲ တင်ဆက်မှုတွေကြောင့် စင်မြင့်ထက်ကိုအာရုံမရောက်တော့ဘဲ အချင်းချင်း
ပြောဆိုနေကြတဲ့ စကားသံတွေကြောင့်လည်း ဆုရသူ၊ ဆုသုံးသပ်ချက် ဖတ်ကြားသူတွေရဲ့ အသံ
တွေကိုလည်း ပီပီသသ မကြားကြရတော့ပါဘူး။

ဒါကြောင့် နောက်နှစ်တွေမှာတော့ စာဖတ်သူ၊ စာရေးသူ၊ စာပေပညာရှင်တွေနဲ့ လိုက်ဖက်မယ့်
စာပေ ဆုပေးပွဲကြီး ကျင်းပပေးနိုင်ဖို့ မျှော်လင့်မိပါတော့တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး