နှစ်ပေါင်း ၁၈ နှစ်ကြာ အမိမြေနဲ့ ဝေးကွာနေပြီးမှ မြန်မာပြည်ကိုပြန်လာခွင့်ရတဲ့ စွယ်စုံရအနုပညာရှင် ဆရာကြီး ဦးဝင်းဖေရဲ့ ပန်းချီကားတွေကို ဒဂုံမြို့ နယ်၊ ယောမင်းကြီးလမ်းမှာရှိတဲ့Gallery 65 မှာ ဇွန်လ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပြသထားပါတယ်။
နှစ်ပေါင်း ၁၈ နှစ်ကြာ အမိမြေနဲ့ ဝေးကွာနေပြီးမှ မြန်မာပြည်ကိုပြန်လာခွင့်ရတဲ့ စွယ်စုံရအနုပညာရှင်
ဆရာကြီး ဦးဝင်းဖေရဲ့ ပန်းချီကားတွေကို ဒဂုံမြို့ နယ်၊ ယောမင်းကြီးလမ်းမှာ ရှိတဲ့ Gallery 65 မှာ
ဇွန်လ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပြသထားပါတယ်။
ဆယ်စုနှစ် နှစ်စုကြာပြီးမှ ပြန်မြင်ခွင့်ရတဲ့ အရောင်အသွေးတွေ စုံလှတဲ့ ဆရာကြီးရဲ့ ပန်းချီကားကြီး
နှစ်ဆယ်ကို ပန်းချီဆရာစိန်မြင့်ရဲ့ ပန်းချီကားများနဲ့ အတူ ချိတ်ဆွဲပြသခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော် ဘယ်မှာပဲနေနေ ပန်းချီဆွဲတဲ့အခါမှာ လွတ်လပ်မှုကို ထိပ်မှာ တင်ထားပါတယ်။
တတ်နိုင်သမျှ လွတ်လွတ်လတ်လပ်၊ ပေါ့ပေါ့ပါးပါး၊ လတ်လတ်ဆတ်ဆတ်နေမယ်။ တွေးခေါ်မယ်
လို့ ကျွန်တော်က ခံယူထားတာပါ"လို့ ပန်းချီဆရာ ဦးဝင်းဖေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ပန်းချီဆရာ ဦးဝင်းဖေက ငယ်ငယ်ကတည်းက ပန်းချီဆွဲခြင်းကို ၀ါသနာထုံခဲ့ပြီး ဖခင်ရဲ့ မသင်မနေရ
တွန်းအားပေးစနစ်ကြောင့် ပန်းချီနှင့်ဂီတကို ပိုပြီး စိုက်လိုက်မတ်တပ် လေ့လာဖြစ်ခဲ့ပါတယ်။
အမေရိကားမှာ နေစဉ်မှာလည်း ပန်းချီတွေရေးဖြစ်ပြီး အလုပ်များတဲ့အတွက်ကြောင့် ရေဆေးပန်းချီ
ကိုသာ ဆွဲဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော် ရုပ်ရှင်ရိုက်မယ်ဆိုပြီး ပြန်လာတာပါ။ ရုပ်ရှင်ရိုက်ဖို့က အသက်ကကြီးနေပြီ။ ရာသီဥတု
ကလည်း ပြင်းတော့၊ လွယ်တဲ့ ပန်းချီဆွဲခြင်း အလုပ်ကိုပဲ အရင်လုပ်နေတာပါ။ လွန်ခဲ့တဲ့နှစ်လကမှ
ရုံးခန်းလေးငှားပြီး ပန်းချီကားတွေကို တောက်လျှောက်ဆွဲ ဖြစ်ပါတယ်။ ပထမတော့ ၁၀ ကား
လောက်မှန်းတာ ကား ၂၀ လောက် ပြီးစီးခဲ့ပါတယ်"လို့ သူကပြောပါတယ်။
အမေရိကားမှာ နေစဉ်မှာ သူ့ပန်းချီကား ငယ်ကလေးတွေ စုပြီး နှစ်ပွဲခန့်ပြ ဖြစ်ပေမယ့် အခုလို
ကားကြီးတွေ အများကြီးစုပြီး ရက်ကြာကြာပြတာကတော့ ၁၈ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ်လို့
ဆိုပါတယ်။
"ကျွန်တော်က လွတ်လပ်ချင်တယ်။ ကျယ်ပြန့်ပြီး ပေါ့ပေါ့ပါးပါးရှိချင်တယ်။ လူတွေကိုလည်း
ရယ်စရာမောစရာတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်လို့ ပန်းချီကားတွေ ဆွဲတယ်။ ရုပ်ရှင် ရိုက်တယ်။
ဒါပေမဲ့ လူသာသေသွားမယ် ဘယ်သူမှ လွတ်လွတ်လပ်လပ် မရှိကြပါဘူး။ အနည်းနဲ့ အများ
ကတော့ မလွတ်လပ်ဘဲ သေသွားကြတာ များပါတယ်။ အတွေးအခေါ်အရသော်လည်းကောင်း၊
ဓလေ့ထုံးတမ်းအရ သော်လည်းကောင်း၊ ပတ်ဝန်းကျင် အရသော်လည်းကောင်း၊ တစ်မျိုးမဟုတ်
တစ်မျိုးနဲ့ လူတွေက နည်းနည်း မလွတ်လပ်ဘူး"လို့ ဆရာကြီး ဦးဝင်းဖေ က ပြောပါတယ်။
ပန်းချီဆွဲတာအပြင် အားလပ်ချိန်မှာ ၀တ္ထုရေးတာ၊ ပတ္တလားတီးတာနဲ့ အချိန်ကုန်ဆုံးစေသလို
ခေတ်ပေါ်ဂီတကိုလည်း နားထောင်ဖြစ်တယ်လို့ ဆရာကြီးက ပြောပါတယ်။
"လွတ်လပ်ခြင်းကို မြတ်နိုးတဲ့စိတ်နဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်နေထိုင်မယ်ဆို အနည်းနဲ့အများ
တော့ ကိုယ့်ကိုချုပ်နှောင်ထားတဲ့ အရာတွေကနေ လွတ်မြောက်လာမယ်လို့ ယုံကြည်ပါတယ်။
အဲဒီလို လေ့ကျင့်ကြည့်ပါ" လို့ သူက ဆက်ပြောပါတယ်။
"ဆရာကြီး ဦးဝင်းဖေက အနုပညာနဲ့ ပတ်သက်လာရင် ပန်းချီဘက်မှာရော၊ ရုပ်ရှင်မှာရော စာပေ
လောကမှာပါ ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဗီအိုအေမှာ အလုပ်လုပ်နေတုန်းကလည်း
သူအသံလွှင့်တာတွေ နားထောင်ရတာ အနုပညာဝမ်းစာ ရှာမှီးရသလို ခံစားမိပါတယ်။ ဆရာကြီးရဲ့
ပွဲ ကျင်းပမယ်လို့သိရလို့ အခုလို ၀မ်းမြောက်ဝမ်းသာနဲ့ လာဖြစ်ခဲ့တာပါ"လို့ ဆရာကြီး ဦးဝင်းဖေ
ရိုက်ကူးခဲ့တဲ့ 'နေမဝင်ချင်ဘူး အချစ်ရယ်' ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ရင်း ဆရာကြီးကို
လေးစားရင်းစွဲ ရှိခဲ့တဲ့ အဆိုတော် တူးတူးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဆရာကြီးကို မြင်ဆရာတစ်ယောက်အဖြစ်နဲ့ ကြည်ညိုလေးစားလို့ ပွဲကို တက်ရောက်လာခဲ့တဲ့
ဒါရိုက်တာ ၀င်းထွန်းထွန်းကလည်း "ဆရာကြီးက ဘယ်ပတ်ဝန်းကျင်ကိုပဲရောက်ရောက် အဲဒီမှာ
ရှိတဲ့ လူတွေကို စိုးမိုးနိုင်စွမ်းတဲ့ အာဝဇ္ဇန်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ သူက စကားဝိုင်းတစ်ဝိုင်း
ကို အမြဲတမ်း စိုးမိုးထားတာကိုတွေ့ရတယ်"လို့ ပြောပါတယ်။
"ကျွန်တော် ဒါရိုက်တာ ဖြစ်လာတော့လည်း သူ့ကို လေးစားအတုယူ ရပါတယ်။ သူက ရုပ်ရှင်
တစ်ကား ရိုက်မယ်ဆိုရင် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရိုက်ပါတယ်။ သူ့ ဇာတ်ကား
တွေအားလုံးက ပန်းချီဆရာ တစ်ယောက်က ဖန်တီးတာဆိုတော့ ကင်မရာ၊ အလင်းအမှောင်ချိန်
တာကအစ အရမ်းကြည့်လို့ ကောင်းပါတယ်။ တဲအိမ်တစ်လုံးကို ရိုက်သွားရင်တောင်မှ အဲဒီတဲအိမ်
ကလေးက ညရဲ့အလှအပတွေနဲ့ ဆွဲဆောင်နိုင်တဲ့တဲ အိမ်လေး ဖြစ်အောင် ရိုက်ကူးထားတာကို
တွေ့ ရပါတယ်လို့' ဒါရိုက်တာ ၀င်းထွန်းထွန်းက ပြောပါတယ်။
















