ထောင်တွင်း အတွေ့အကြံု စာအုပ်တွေ ဆက်လက် ထုတ်ဝေသွားမယ်လို့ ဇာဂနာ ပြော

ထောင်တွင်း အတွေ့အကြံု စာအုပ်တွေ ဆက်လက် ထုတ်ဝေသွားမယ်လို့ ဇာဂနာ ပြော

သူ့ရဲ့ထောင်တွင်း အတွေ့အကြံုတွေကို အတွဲလိုက် စာအုပ်ရေးသားနေတဲ့ သရုပ်ဆောင် ဇာဂနာက အမှတ်စဉ် (၁)နဲ့ (၂)ကို ထုတ်ဝေအပြီးမှာ စာဖတ်ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အမှတ်စဉ်(၃)နဲ့ (၄)ကို တစ်ပေါင်းတည်းတွဲပြီး ဇွန်လ လယ်လောက်မှာ ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ထောင်တွင်း အတွေ့အကြံုတွေကို အတွဲလိုက် စာအုပ်ရေးသားနေတဲ့ သရုပ်ဆောင် ဇာဂနာက
အမှတ်စဉ် (၁)နဲ့ (၂)ကို ထုတ်ဝေအပြီးမှာ စာဖတ်ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အမှတ်စဉ်
(၃)နဲ့ (၄)ကို တစ်ပေါင်းတည်းတွဲပြီး ဇွန်လ လယ်လောက်မှာ ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။

စာအုပ်အမည်ကို 'တတိယနဲ့ စတုတ္ထ' လို့ပေးထားပြီး မြစ်ကြီးနားထောင်အတွင်းမှာ နေခဲ့ရစဉ်
ရေးသားခဲ့တာလို့ ဇာဂနာက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျွန်တော် ထင်တာကတော့ ကျွန်တော်ရေးတာ ကောင်းလို့တော့ မဖြစ်နိုင်ပါဘူး။ လူတွေက
ထောင်အကြောင်းကို သိမှမသိကြတာ။ အဲဒီအတွက်ကြောင့် ဗဟုသုတအနေနဲ့ ဖတ်ချင်တာလည်း
ပါမှာပါ"လို့ ဇာဂနာ က ပြောပါတယ်။

ဇာဂနာဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တစ်ကြိမ်ထက်မက ထောင်ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာ
ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ထောင်တွင်း အတွေ့အကြံုစာအုပ်
တွေကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

အမှတ်စဉ်(၁)စာအုပ်ကို 'ပထမ' လို့ အမည်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ထုတ်ဝေခဲ့ကာ
အမှတ်စဉ်(၂)စာအုပ်ကို 'ဒုတိယ'လို့ အမည်ပေးပြီး ၂၀၁၃ ခုနှစ်၊ မတ်လထဲမှာ ထုတ်ဝေခဲ့ပါတယ်။

အတ္ထုပ္ပတ္တိစာပေ ရေးရတာကိုလည်း ကြိုက်နှစ်သက်တဲ့ ဇာဂနာက "အခုလောလောဆယ် အခန်း
ဆက်ဝတ္ထု ရေးနေတာရှိတယ်။ ထောင်နီးနားချင်း အကြောင်းတွေကို ရေးနေတာ။ သုံးယောက်တော့
ပြီးသွားပြီ။ လူတွေက နာမည်ကြီးတဲ့သူတွေကိုပဲ သိကြတာလေ။ သူတို့လည်း တိုင်းပြည်အတွက်
လုပ်ပေးခဲ့တဲ့ လူတွေပဲ၊ သူတို့ အကြောင်းလည်း သိသင့်ပါတယ်"လို့ လတ်တလောမှာ ရေးသားနေ
တာကို ပြောပြပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုအလုပ်တွေကိုတော့ လုပ်ချင်ပေမယ့် အချိန်မပေးနိုင်သေးတာကြောင့် အများကြီး
မလုပ်နိုင်သေးဘူး လို့ဆိုပါတယ်။

"လောလောဆယ် တီဗီကြော်ညာ နှစ်ခုနဲ့ ရုပ်ရှင်တစ်ကား လက်ခံထားပါတယ်။ ကျွန်တော်
တကယ်လုပ်ချင်တာက အနုပညာအလုပ်ကိုပဲ လုပ်ချင်တာပါ။ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်
ရေးနဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ ပါ၀င်လုပ်ဆောင်နေတဲ့အတွက် အနုပညာ
အလုပ်တွေကို အချိန်မပေးနိုင်သေးတာပါ"လို့ ဇာဂနာက ပြောပါတယ်။

ဇာဂနာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက စာပေရေးသားခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဆုံး
စာအုပ် 'မန်းထာ'ကို ၁၉၈၃ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။

သွားဆေးကျောင်းတက်စဉ်ကာလက ကျောင်းဆရာအဖြစ် ချင်းတောင်မှာ သွားရောက်စာသင်ကြား
ပေးစဉ် ကြံုတွေ့ခဲ့တဲ့ ကိုယ်တွေ့ဖြစ်ရပ် တွေကို ရေးထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

မန်းထာကို ချင်းဘာသာနဲ့ အမည်ပေးထားတာဖြစ်ပြီး 'အိပ်မက်လှလှ မက်ပါစေ'လို့ မြန်မာလို
အဓိပ္ပာယ် ရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး