မြေထဲပင်လယ်ကိုဖြတ်၍ တိုက်ခတ်လာသော မြန်မာ့သနပ်ခါးရနံ့

မြေထဲပင်လယ်ကိုဖြတ်၍ တိုက်ခတ်လာသော မြန်မာ့သနပ်ခါးရနံ့

မြန်မာ့လူနေမှုဘဝထဲက မြန်မာအမျိုးသမီးလေးတွေရဲ့ သနပ်ခါးယဉ်ကျေးမှုကို ဥရောပနဲ့ အာရှတိုက် လမ်းဆုံမှာတည်ရှိတဲ့ တူရကီနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ယဉ်ကျေးမှုပွဲတော်မှာ တစ်ခမ်းတစ်နား မိတ်ဆက်ပေးခဲ့ပါတယ်။

မြန်မာ့လူနေမှုဘဝထဲက မြန်မာအမျိုးသမီးလေးတွေရဲ့ သနပ်ခါးယဉ်ကျေးမှုကို ဥရောပနဲ့ အာရှတိုက်
လမ်းဆုံမှာတည်ရှိတဲ့ တူရကီနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ယဉ်ကျေးမှုပွဲတော်မှာ တစ်ခမ်းတစ်နား
မိတ်ဆက်ပေးခဲ့ပါတယ်။

တူရကီနိုင်ငံ၊ အစ်ဇ်မေမြို့မှာ မေလ ၂၄ ရက်နေ့ကနေ သုံးရက်တိုင်ကျင်းပခဲ့တဲ့ Turkish Olympiads
ယဉ်ကျေးမှုပွဲတော်မှာ ကမ္ဘာ့တိုက်ကြီး ငါးတိုက်မှ နိုင်ငံပေါင်း ၁၄၀ က ကျောင်းသားကျောင်းသူ
လေးတွေက ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ပစ္စည်းလေးတွေကို ခင်းကျင်းပြသခဲ့သလို မြန်မာနိုင်ငံမှ
လည်း သဘာဝသနပ်ခါးနဲ့ ပုသိမ်ထီးကို မိတ်ဆက်ပြသခဲ့တာပါ။

ပွဲကျင်းပရာ အစ်ဇ်မေမြို့၊ Kulturpark မှာ နိုင်ငံ ၁၄၀ က ကျောင်းသူကျောင်းသားလေးတွေက
ကိုယ့်နိုင်ငံ ရိုးရာဝတ်စုံလေးတွေကို ၀တ်ဆင်ပြီး နိုင်ငံကို ကိုယ်စားပြုတဲ့ ရိုးရာပစ္စည်းလေးတွေ
ခင်းကျင်းထားရာ ပြခန်းငယ်တွေမှာ စောင့်ဆိုင်းရင်း လာရောက်လည်ပတ်သူတွေကို ဒေသထွက်
ရိုးရာပစ္စည်းလေးတွေ အကြောင်းမိတ်ဆက် ရှင်းပြခဲ့ပါတယ်။

သနပ်ခါးရနံ့နဲ့ ချော့မြူဆွဲဆောင်နေတဲ့ မြန်မာပြခန်းဟာ နိုင်ငံအနှံ့မှ လာရောက်လည်ပတ်သူတွေကို
ဆွဲဆောင်လွန်းလှပါတယ်။

ခေါင်းပေါင်း၊ ပုဆိုးနဲ့ တိုက်ပုံ ၀တ်ထားတဲ့ မြန်မာကျောင်းသားလေးတွေရဲ့ အပြုံးနဲ့ တန်းစီခင်းကျင်း
ထားတဲ့ ရောင်စုံ ပုသိမ်ထီးလေးတွေက မတူထူးခြားတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ကို ဖော်ကျူးနေ
သလိုပါပဲ။

မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းမှာ မြန်မာ့သနပ်ခါးကို ကျောက်ပြင်မှာ သွေးပြီး လိမ်းခြယ်ပုံကို ပြသ
ထားတော့ ဥရောပနိုင်ငံမှ ပွဲလာပရိသတ်တိုင်း သနပ်ခါးကို တအံ့တဩ စမ်းသပ်လိမ်းခြယ်ကြတာ
ကို တွေ့ရပါတယ်။

မြန်မာပြခန်းမှာ ရောင်စုံပုသိမ်ထီး၊ ပုလဲနှင့် ကျောက်စိမ်းပုတီး ဆွဲကြိုးတွေ ကိုလည်း ခင်းကျင်းပြသ
ခဲ့ပါသေးတယ်။

"မြန်မာ့အမျိုးသား ၀တ်စုံဝတ်အမျိုးသမီးလေးတွေကို အခုဒီပွဲမှာတွေ့ရတော့ အရမ်းပဲ နှစ်သက်မိပါ
တယ်။ မြန်မာပြခန်းကို လာရောက်လေ့လာရတာလည်း အရမ်းသဘောကျတယ်။ မြန်မာလူမျိုးတွေ
ရဲ့ အလေ့အထဖြစ်တဲ့ မျက်နှာမှာ သနပ်ခါး လိမ်းခြယ်ခြင်းနဲ့ အရောင်အသွေးစုံတဲ့ ပုသိမ်ထီးကို
ကြည့်ပြီး မြန်မာတွေရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု အနုလက်ရာတွေကို လေ့လာမိပါတယ်။ မြန်မာတွေ
ရဲ့အပြုံးကလည်း တကယ်ပဲ နှစ်လိုဖွယ် ကောင်းပါတယ်"လို့ တူရကီ နိုင်ငံသူ ပွဲလာပရိသတ်တစ်ဦး
က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

၂၀၀၃ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တဲ့ Turkish Olympiads ယဉ်ကျေးမှုပွဲတော်မှာ မြန်မာနိုင်ငံ
က သွားရောက်ယှဉ်ပြိုင်ခဲ့တာ ခုနစ်နှစ်မြောက်ရှိခဲ့ပြီး မြန်မာပြခန်းက စိတ်ဝင်စားဖွယ် ပြင်ဆင်
တင်ဆက်နိုင်မှု အတွက် ၂၀၁၂ ခုနှစ်မှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

"မြန်မာလူမျိုးတွေကို ကျွန်တော်တို့ နိုင်ငံတူရကီမှာ ကျင်းပပြုလုပ်တဲ့ ယဉ်ကျေးမှုပွဲတော်မှာ တွေ့ရ
တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ မြန်မာပြခန်းကလည်း အထူးခြားဆုံးသော ပြခန်းများထဲမှ တစ်ခု
ဖြစ်ပါတယ်။ ခင်းကျင်း ပြသထားသမျှ ပြခန်းတွေထဲမှာ မြန်မာဟာ အလှဆုံး ပြခန်းထဲမှာပါပါတယ်။
လာမယ့်နှစ်တွေမှာလည်း မြန်မာပြည်က သယ်ဆောင်လာမယ့် ယဉ်ကျေးမှုရိုးရာ ပစ္စည်းတွေကို
တွေ့ချင်ပါတယ်"လို့ ယဉ်ကျေးမှုပွဲတော်ကို အဓိက စီစဉ်သူတစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောပြခဲ့
ပါတယ်။

"အခုလို တူရကီနိုင်ငံကို လာရောက်ပြီး မြန်မာယဉ်ကျေးမှုအထိမ်းအမှတ် ပစ္စည်းလေးတွေကို
လာရောက်ပြသပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"လို့ သူက ဆက်ပြောပါတယ်။

"Turkish Olympiads ယဉ်ကျေးမှုပွဲတော်က တူရကီနိုင်ငံမှာ အကြီးကျယ်ဆုံးဖြစ်သလို ကမ္ဘာ
မှာလည်း အထင်ရှားဆုံး ပွဲတော်တစ်ခု ဖြစ်ပါတယ်။ မနှစ်က ယဉ်ကျေးမှုပွဲတော်က တူရကီနိုင်ငံ၊
အစ္စတန်ဘူမှာ ကျင်းပခဲ့ပြီး ပွဲတော်အတွင်း လူပေါင်း ခြောက်သိန်းကျော် လာရောက်လေ့လာခဲ့ပါ
တယ်။ ဒီနှစ်ကတော့ အစ်ဇ်မေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး သုံးရက်တာ ကျင်းပခဲ့တဲ့ ပွဲတော်အတွင်းမှာ
လူပေါင်း ငါးသိန်းကျော်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ မြန်မာပြခန်းအတွက်
တာဝန်ယူခဲ့သူ Horizon International School မှ ကျောင်းဆရာ မစ္စတာ Ahmet Ozkaya က
ပြပွဲမကျင်းပမီ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ယဉ်ကျေးမှုပွဲတော်မှာ နိုင်ငံပေါင်း ၁၄၀ က လာရောက်ပြသတဲ့အပြင် လူပေါင်းသိန်းချီ လာရောက်
ကြည့်ရှုတဲ့အတွက် မြန်မာယဉ်ကျေးမှုကို ကမ္ဘာက သိစေဖို့အတွက် တကယ့် အခွင့်အရေးကြီးပါပဲ။
မြန်မာပြခန်းကို လာရောက်လေ့လာသူတွေဟာ မြန်မာ့ယဉ်ကျေးမှုကို အလွန်စိတ်ဝင်စားလို့ ၀င်လာ
တာကို တွေ့ရတယ်။ ပုသိမ်ထီးနဲ့ သနပ်ခါးအပြင် အမြဲဖော်ရွေ ယဉ်ကျေးတဲ့ မြန်မာလူမျိုးတွေရဲ့
မျက်နှာပေါ်က အပြုံးတွေကိုလည်း အလွန်ပဲသဘောကျကြတာကို တွေ့ရတယ်။ မြန်မာအမျိုးသမီး
တွေက လှတယ်လို့ သူတို့တွေ ပြောပြောနေတာ ကျွန်တော်ကြားပါတယ်"လို့ တူရကီနွယ်ဖွား
ကျောင်းဆရာ မစ္စတာ Ahmet Ozkaya က ပြောပါတယ်။

ပွဲတော်ကို နိုင်ငံတကာက ရုပ်သံလိုင်းတွေနဲ့ သတင်းမီဒီယာတွေ တက်ရောက်လာတဲ့အတွက်
မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကို ပျံ့နှ့ံသွားစေဖို့ အခွင့်အရေး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

"မြန်မာပြည်ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်တာ ခုနစ်နှစ်မြောက် ရှိခဲ့ပါပြီ။ ယခင်နှစ်တွေက ငွေနဲ့
ကြေး တံဆိပ်ဆုတွေ အများကြီးရခဲ့သလို မနှစ်ကလည်း ရွှေတံဆိပ်ရခဲ့ပါတယ်။ နိုင်ငံကြီး ၁၄၀ က
သူတို့နိုင်ငံက ယဉ်ကျေးမှုတွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးတစ်ခုအနေနဲ့ တူရကီမှာ ပြုလုပ်တဲ့
ယဉ်ကျေးမှုပွဲတော်ကို လာရောက်ယဉ်ပြိုင်ကြပါတယ်။ အဓိက ပြသခဲ့တာက ပုသိမ်ထီး၊ သနပ်ခါးနဲ့
ကျောက်စိမ်း၊ ပုလဲဆွဲကြိုး၊ လက်ကောက်နဲ့ နားဆွဲတွေကို ပြသခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အထင်ကရ နေရာတွေနဲ့ သံဃာတော်တွေ၊ ဘုရားကျောင်းကန်ပုံတွေကိုလည်း
ချိတ်ဆွဲပြသခဲ့ပါတယ်"လို့ ပွဲအတွက် မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ကို လိုက်ပါနိုင်အောင် စီစဉ်ပေးခဲ့တဲ့
ရန်ကုန်မြို့၊  Horizon International School မှ ဈေးကွက်မန်နေဂျာ မဥမ္မာဝင်းက ပြောပြပါတယ်။

"အဖြူနဲ့ အနီ ပေါင်းစပ်ထားတဲ့ ၀တ်စုံဟာ ကျွန်မတို့နိုင်ငံကို ကိုယ်စားပြုပါတယ်။ ယဉ်ကျေးမှု
ပွဲတော်မှာ အခုလို ၀တ်ဆင်ပြီး ကျွန်မတို့ နိုင်ငံကထွက်တဲ့ စပျစ်ဖျော်ရည်နဲ့ သစ်ကြားသီးတွေကို
ပွဲလာတဲ့ ပရိသတ်တွေကို မြည်းစမ်းခိုင်းရင် Moldova နိုင်ငံ ယဉ်ကျေးမှုအကြောင်းကို ပြောပြရတာ
၀မ်းသာပါတယ်"လို့ မြန်မာနိုင်ငံပြခန်းနဲ့ အလှမ်းဝေးဝေးမှာ ရှိနေတဲ့ Moldova နိုင်ငံကိုယ်စားပြု
ပြခန်းမှ ကျောင်းသူလေး မစ္စ Alla Balova က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

Moldova နိုင်ငံပြခန်းမှာ ရိုးရာလက်မှုအရုပ်တွေနဲ့ အထိမ်းအမှတ်ပစ္စည်းတွေအပြင် စပျစ်ဖျော်ရည်နဲ့
သစ်ကြားသီးတွေကိုလည်း မိတ်ဆက် ပြသခဲ့ပါတယ်။

အရောင်အသွေးစုံ၊ အနုစိတ်ခြယ်မှုန်း ထုဆစ်ထားတဲ့ ရိုးရာပစ္စည်းလေးတွေ ခင်းကျင်းထားရာ ပြခန်း
တစ်ခုစီတိုင်းကို ဖြတ်သွားတိုင်း အဲဒီ နိုင်ငံရဲ့ အငွေ့အသက်ကို ခံစားမိစေပါတယ်။

အင်္ဂလန်နိုင်ငံကိုယ်စားပြု ပြခန်းက သူ့နိုင်ငံရဲ့ မူပိုင်လက္ခဏာဖြစ်တဲ့ နှစ်ထပ်ကားရုပ်ကလေးတွေ၊
အီတလီဆိုင်ခန်းက ပင်နိုချီရို အရုပ်ကလေး တွေနဲ့ ပါပူးဝါးနယူးဂီနီနိုင်ငံမှ တိုင်းရင်းသားလူမျိုးစုတွေ
ကို ထုလုပ်ထားတဲ့ ပန်းပုရုပ်တွေကို လေ့လာရင်း ကိုယ်မသိကျွမ်းသေးတဲ့ တိုက်ကြီးငါးတိုက်မှ
အမျိုးမျိုး ထွေပြားခြားနားသောဓလေ့၊ ယဉ်ကျေးမှုနဲ့ လူမျိုးတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်
ရခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး