ဂီတမိတ်ရဲ့ ဖျော်ဖြေပွဲလို့ ဆိုလိုက်တာနဲ့ စိတ်ဝင်စားစရာဖျော်ဖြေမှုတစ်ခု တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်ကို ပိုလို့ပြည့်စုံစေတာကတော့ မြူးဇစ်တူရိယာတွေမပါဘဲ အသံနဲ့ တေးသီချင်းကို လှပအောင် ဖန်တီးတင်ဆက်ခဲ့တဲ့ ဂီတမိတ်မြူးဇစ်စင်တာရဲ့ ဆယ်နှစ်ပြည့်အခမ်းအနား ဖျော်ဖြေပွဲဖြစ်ပါတယ်။
ဂီတမိတ်ရဲ့ ဖျော်ဖြေပွဲလို့ ဆိုလိုက်တာနဲ့ စိတ်ဝင်စားစရာဖျော်ဖြေမှုတစ်ခု တွေ့ရမယ်လို့ မျှော်လင့်
ထားတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်ကို ပိုလို့ပြည့်စုံစေတာကတော့ မြူးဇစ်တူရိယာတွေမပါဘဲ အသံနဲ့
တေးသီချင်းကို လှပအောင် ဖန်တီးတင်ဆက်ခဲ့တဲ့ ဂီတမိတ်မြူးဇစ်စင်တာရဲ့ ဆယ်နှစ်ပြည့်
အခမ်းအနား ဖျော်ဖြေပွဲဖြစ်ပါတယ်။
ဒီပွဲကိုတော့ မေလ ၃၁ ရက် St. Francis Church မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး choir သံတွေနဲ့
လွှမ်းနေတဲ့ ဘုရားကျောင်းကြီးကတော့ ညအမှောင်ထဲမှာ အသက်ဝင်နေခဲ့ပါတယ်။
ဂီတမိတ် မြူးဇစ်စင်တာကိုတော့ ကိုမိုးနိုင်က စန္ဒရားပညာရှင်တစ်ဦးဖြစ်တဲ့ Kit Young ရဲ့
အကူအညီနဲ့ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်ဖြစ်ခဲ့တာ ဖြစ်ပြီး ဂီတမိတ် voices အဖွဲ့
ကိုလည်း စီနီယာခြောက်ယောက်နဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လူတစ်ယောက်ရဲ့ဘဝကို လုံးဝ ပြောင်းလဲစေနိုင် လောက်အောင် လုံလောက်တဲ့ အချိန်တစ်ခုလို့
ဆိုနိုင်တဲ့ ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းနိုင်ခဲ့ တဲ့ ဂီတမိတ်အဖွဲ့ရဲ့ ကြံုတွေ့ခဲ့ရတဲ့ ခက်ခဲမှုတွေ
ကတော့ ဒုနဲ့ဒေးလို့ ကိုမိုးနိုင်က ပြောပါတယ်။
"ကျွန်တော်တို့ ဂီတမိတ်အုပ်စုမှာ စလုပ်ကတည်းက အခက်အခဲပေါင်း မြောက်မြားစွာ ရှိတယ်။
ပထမဆုံး သုံးနှစ်မှာဆိုရင် လစာဆိုတာ ဘယ်မှာနေမှန်းတောင် မသိခဲ့ပါဘူး။ လစာကို ရလိုက်
မရလိုက်နဲ့ ဘဝကနေစခဲ့တာပါ" လို့ ဂီတမိတ်ရဲ့ ဒါရိုက်တာဖြစ်တဲ့ ကိုမိုးနိုင်က ပြောပါတယ်။
ဒါပေမဲ့ ဒီလိုအခက်အခဲတွေကြားက နောက်ကြောင်း ပြန်လှည့်ခြင်းမရှိဘဲ အနုပညာကို ဆက်လုပ်
သွားတာက ဂီတလောကသားတွေရဲ့ ယုံကြည်မှုကို ရရှိတဲ့ အဓိကသော့ချက် ဖြစ်သလို နာမည်
ကျော်ဂီတသမားတွေ ကိုယ်တိုင် သူတို့သားသမီးတွေကို လာရောက်အပ်နှံထားခြင်းက ဂီတမိတ်
အပေါ်ထားတဲ့ ယုံကြည်မှု သက်သေတစ်ခုလို့လည်း ပြောပါတယ်။
"ယုံကြည်မှုရတာကတော့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ကျွန်တော်တို့က လုံးဝနောက်ကြောင်း
ပြန်မလှည့်ဘူးလေ။ ချစ်စမ်းမောင်၊ ဗညားနိုင်၊ အငဲ၊ ဇော်မျိုးထွဋ်တို့လို နာမည်ကြီး ဂီတသမားတွေ
က သူတို့ရဲ့သားသမီးတွေကို ကျွန်တော်တို့ဆီပဲ လာအပ်တယ်။
အဲဒါကို ကြည့်ခြင်းအားဖြင့် ဂီတလောကမှာရှိတဲ့လူတွေက သင်ကြားရေးပိုင်းမှာ ဂီတမိတ်ကို
ယုံကြည်မှုရှိတယ်လို့ ပြောလို့ရတယ်" လို့လည်း သူက ပြောပါတယ်။
ဂီတမိတ် Voices ရဲ့ "Come Sothing Death" နဲ့ "I Follow The Sun" အပြီး ဂီတလုလင်
ဦးကိုကိုရဲ့ 'နွေရာသီ' သီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှုကတော့ ပရိသတ်ရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့
ပါတယ်။
ဒါ့အပြင် နာမည်ကြီး အင်္ဂလိပ်သီချင်းတွေနဲ့အတူ ၀ိုင်းစုခိုင်သိန်းရဲ့ 'အပြစ်မမြင်' နဲ့ လင်းလင်းရဲ့
'မိုးတိမ်ထဲဝဲ' သီချင်းတို့ကို အာကာပယ်လာ (ဂီတသံစဉ်ကိုတူရိယာမပါဘဲ အဖွဲ့လိုက်နဲ့ သီဆို
တင်ဆက်မှု) သီဆိုဖျော်ဖြေခဲ့ကြတာ ကိုယ်နဲ့ ရင်းနှီးတဲ့တေးသီချင်းတွေကို ကွဲပြားတဲ့တင်ဆက်မှု
တစ်ခုနဲ့ ပြန်လည်ကြားရလို့ ကျေနပ်မှုတွေ ရရှိစေခဲ့ပါတယ်။
ဒီလိုမြန်မာတေးသီချင်းတွေကို အာကာပယ်လာနဲ့ သီဆိုဖို့များများ ဖန်တီးဖြစ်နေတယ်လို့ဆိုတဲ့
ကိုမိုးနိုင် ကတော့ မြန်မာတေးသီချင်းတွေကို အာကာပယ်လာအတွက် ဖန်တီးတဲ့နေရာမှာ
အခက်အခဲတွေ ရှိတယ်လို့ ပြောပါတယ်။
"အဓိကအခက်အခဲနဲ့ ဂရုစိုက်ရတာက မြန်မာစကားလုံးက soprano အတွက် အဆင်ပြေပေမယ့်၊
alto မှာ ထည့်ရင် မပီတာမျိုးဖြစ်သွားတတ်တယ်။ ဥပမာ 'သွားကြမယ်' ဆိုတဲ့စကားလုံးကို
ထည့်ရင် မယ်လိုဒီပြောင်း သွားတဲ့အခါကျတော့ 'သွာကြမယ်' ဆိုတာမျိုး ဖြစ်သွားတတ်တယ်။
အဲဒါတွေကို ကျွန်တော်တို့ အရမ်းသတိထားရတယ်။ အင်္ဂလိပ်သီချင်းမှာ မဖြစ်ဘဲ ကျွန်တော်တို့
ဆီမှာ ဖြစ်တဲ့အခက်အခဲ တွေပေါ့နော်။ အဲဒါတွေကို ဂရုစိုက်ရမယ်လို့ အရင်ခေတ် လူကြီးတွေ
ပြောတာကိုတော့ ကြားဖူးတယ်။ အဲ့လို စာသားမျိုးတွေကို ဘယ်လိုဖြည်မလဲ ဆိုတာတွေကို
သတိထားပြီးတော့ စဉ်းစားရမှာပါ" လို့လည်း ပြောပါတယ်။
ဒီ choir အဖွဲ့ကို မြန်မာပြည်ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာကတော့ စီးတီးအက်ဖ်အမ်ဖျော်ဖြေပွဲမှာ
ဖြူဖြူကျော်သိန်းရဲ့ 'ဇာတ်ဆရာအလိုကျ' သီချင်းဖြစ်ပြီး အဲဒါက သူ့အတွက် ပထမဦးဆုံး မြန်မာ
သီချင်းကို အာကာ ပယ်လာနဲ့ ဖျော်ဖြေဖို့ ဖန်တီးမှုလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ 'ကချင်မြေ' သီချင်းကို စီစဉ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
"တိုင်းရင်းသားဟန်လေး ကချင်ရဲ့ ရစ်သမ်လေးကို ကော့ဒ်ထဲမှာထည့်ပြီး လုပ်လိုက်တော့ မှတ်မှတ်
ရရဖြစ်သွားတယ်။ အဲဒီနောက်မှာတော့ ထူးအိမ်သင်သီချင်း 'ရာဇဝင်များရဲ့ သတို့သမီး'၊
'ညီလေးရေ'၊ 'အမေ့အိမ်'တို့လည်း လုပ်ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ အရှိန်ရလာ
တယ်။ အခုနောက်ပိုင်း တော်တော့်ကို လုပ်ဖြစ်ပါတယ်။ ဆီးဂိမ်း အတွက်လည်း ကျွန်တော်တို့
လုပ်ထားတာတွေအများကြီးရှိတယ်" လို့ သူက ပြောပါတယ်။
ဒီပွဲမှာတော့ ရန်ကုန် ဂီတမိတ်ကျောင်းမှ ဂီတမိတ် Voices, Busy Bees, ဆရာယောရှုနှင့် MOHC,
မန္တလေးဂီတမိတ်ကျောင်းမှ Gitamania အဖွဲ့အပြင် အမေရိကန်နိုင်ငံ Yale တက္ကသိုလ်ကလာတဲ့
Spizzwinks အဖွဲ့တို့က ပါ၀င်ဖျော်ဖြေခဲ့ကြပါတယ်။
ဒီလို choir မြူးဇစ်တွေ မြစ်ဖျားခံလာရာ အနောက်တိုင်းက Choir အဖွဲ့တွေ နဲ့ ယှဉ်ပြီးဖျော်ဖြေတဲ့
မြန်မာပြည်က ဂီတမိတ်ရဲ့ ဖျော်ဖြေမှုအင်အားက လည်း အားရစရာကောင်းလှပါတယ်။
"ယှဉ်လို့မရစရာ အကြောင်းတော့ မရှိဘူး။ ဒီက ကလေးတွေကလည်း အရမ်းကိုစမတ်ဖြစ်တယ်။
ကျွန်တော်တို့ လုပ်တာဆိုရင်လည်း ဘယ်လောက်မှ ကြာသေးတာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုရှိ
တာက ကျွန်တော်တို့တိုင်းပြည်က ကလေးတွေရဲ့ ပညာရေးစနစ် အုတ်မြစ်ကြောင့်လို့ ပြောရမလား၊
ဒီက ကလေးတွေက ရှက်တတ်တယ်။ မနေ့က တင်ဆက်မှုမှာလည်း ကလေးတွေက ဆိုနိုင်တယ်။
ဒါပေမဲ့ တချို့တွေက အရမ်းရှက်တယ်။ ပါးစပ်ကို မဖွင့်ရဲဘူး။ Spizzwinks အဖွဲ့ကို ကြည့်လိုက်ရင်
ပါးစပ် အကျယ်ကြီးဖွင့်ပြီးဆိုတယ်။ မျက်နှာလှဖို့ဆိုတာကို လုံးဝဂရုမစိုက်ဘူး၊ ရှက်လည်းမရှက်ဘူး။
အဲဒါလေးတွေတော့ ကွာခြားသေးတယ်" လို့လည်း ကိုမိုးနိုင်က ပြောပါတယ်။
"သူတို့တွေအားလုံးက တကယ်တော့ မြူးဇစ်မေဂျာ မဟုတ်ဘူး။ တခြား မေဂျာတက်နေတဲ့ သူတွေ
ချည်းပဲ။ ဒါပေမဲ့ သူတို့တွေရဲ့ ဖျော်ဖြေမှုကောင်းရခြင်းအကြောင်းရင်းက သူတို့ အခြေခံ ကျောင်းမှာ
ကတည်းက ဒီမြူးဇစ်တွေ နဲ့ ရင်းနှီးပြီးသား၊ ရှင်းရှင်းပြောရရင် မြူးဇစ်က သူတို့နဲ့ တစ်သားတည်း
ဖြစ်နေတယ်။ ကျွန်တော်တို့ ဒီမှာကများသောအားဖြင့် ကမ္ဘာမကြေလောက်ပဲဆိုပြီး ကြီးလာခဲ့ကြ
တာလေ။ သင်တန်းကျောင်းတွေ ရောက်လာတော့မှ စလုံးရေ စကြတာဆိုတော့ ပြောရမယ်ဆိုရင်
ကျွန်တော်တို့က အရမ်းမြန်တယ်လို့တောင်ပြောလို့ရတယ်။ ဒါပေမယ့် အသံလေ့ကျင့်မှုပိုင်းတွေ
လိုအပ်နေတယ်" လို့လည်း သူက ပြောပါတယ်။
ဂီတကိုချစ်ပြီး ၀ါသနာပါသူတွေ စုပေါင်းပါ၀င်တဲ့ ဂီတမိတ်မှာတော့ Jazz Band, Rock Band, Pop
Band စသဖြင့် ဂီတအမျိုးအစားအလိုက် အဖွဲ့တွေအများကြီးရှိပေမယ့် အာကာပယ်လာ သီဆိုတဲ့
ဂီတမိတ် Voices အဖွဲ့က လူသိအများဆုံးဖြစ်နေတာကတော့ အာကာပယ်လာနဲ့ ဖျော်ဖြေမှုက
ထူးခြားနေလို့လို့ ပြောပါတယ်။
"အာကာပယ်လာကလည်း နည်းနည်းထူးခြားတာကိုး။ အဲဒါကြောင့် အဲဒီကောင်က ပိုပေါ်နေတာ
ပေါ့။ တကယ်တော့ ကျွန်တော်တို့မှာ Jazz band, rock band, pop band စသဖြင့်အများကြီး
ရှိတယ်။ အဲဒါတွေကျတော့ လူတွေ ကျောင်းလာမှပဲ တွေ့ရမယ်။ တချို့ပွဲလေးတွေမှာပဲ တွေ့ရတာ
လောက်ပေါ့။ အာကာပယ်လာကတော့ ပွဲတစ်ခုမှာပါပြီဆိုရင်လည်း သူများနဲ့မတူတဲ့အခါကျတော့
ပေါ်တာပေါ့နော်" လို့ ပြောပါတယ်။
ဂီတမိတ်ကတော့ education teaching ပိုင်း၊ performance ပိုင်းအပြင် နိုင်ငံခြားနဲ့ ဆက်သွယ်မှု
အပိုင်းတွေမှာ အားကောင်းတယ်ဆိုပေမယ့် professional field ထဲကို ရောက်သွားတဲ့သူတော့
နည်းနေသေးတယ်လို့လည်း သူက ပြောပါတယ်။
ဂီတသင်တန်းကျောင်းရယ်လို့ မည်မည်ရရသိပ်မရှိသေးတဲ့ မြန်မာပြည်မှာ ဂီတမိတ်က
ဆယ်နှစ်ကြာ ခက်ခဲမှုဒဏ်တွေကို ကြံ့ကြံ့ခံပြီး ဆက်လက်ရပ်တည်မှုတွေကြောင့် အခုဆိုရင်
အောင်မြင်မှုကို အတိုင်းအတာတစ်ခုထိ ရရှိနေပြီမဟုတ်ပါလား။
















