မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အဖြစ် တစ်နှစ်ကျော် ထမ်းဆောင်ခဲ့သည့် ဦးဇင်ဝိုင်းမှာ ကျန်းမာရေးအခြေအနေကြောင့် ဇွန်လ ၆ ရက်နေ့မှာ ရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပြီး နောက်တစ်နေ့မှာပဲ ဒုဥက္ကဋ္ဌ(၂) ဖြစ်သူဦးလူမင်းက လစ်လပ်သွားတဲ့ ဥက္ကဋ္ဌ နေရာအတွက် တာဝန်လွှဲပြောင်း လက်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အဖြစ် တစ်နှစ်ကျော် ထမ်းဆောင်ခဲ့သည့် ဦးဇင်ဝိုင်းမှာ
ကျန်းမာရေးအခြေအနေကြောင့် ဇွန်လ ၆ ရက်နေ့မှာ ရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပြီး
နောက်တစ်နေ့မှာပဲ ဒုဥက္ကဋ္ဌ(၂) ဖြစ်သူ ဦးလူမင်းက လစ်လပ်သွားတဲ့ ဥက္ကဋ္ဌ နေရာအတွက် တာဝန်
လွှဲပြောင်း လက်ခံခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်းအရ အဖွဲ့အစည်းတစ်ခုမှာ ဥက္ကဋ္ဌ အနားယူတဲ့အခါ ဒုဥက္ကဋ္ဌက တာဝန်ယူရပေမယ့်
ဒုဥက္ကဋ္ဌ (၁)ဖြစ်သူ ဒါရိုက်တာညီညီထွန်းလွင်က တာဝန်ယူဖို့ ဆန္ဒမရှိသလို အမှုဆောင် အဖွဲ့ဝင်
နာယကကြီးများကလည်း အတည်ပြု ရွေးချယ်ပေးကြတာကြောင့် ဒုဥက္ကဋ္ဌ(၂)ဖြစ်တဲ့ ဦးလူမင်းက
တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ ဒုဥက္ကဋ္ဌ(၂) နေရာအတွက် ရုပ်ရှင်အစည်းအရုံးက ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း
အတိုင်း ရွေးချယ်သွားမှာဖြစ်ပြီး ဒုဥက္ကဋ္ဌ(၁)နေရာကိုတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့
ဒါရိုက်တာညီညီထွန်းလွင်ကပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
"ဒီကိစ္စက ကိုယ်လုပ်မှ ဖြစ်မယ်ဆိုတာမျိုး ဖြစ်နေတာကြောင့် ဒါကို မျက်နှာလွှဲပြီး ထွက်သွားဖို့
အစီအစဉ်မရှိပါဘူး။ အရင် ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဦးဇင်ဝိုင်းကလည်း နုတ်ထွက်သွားပေမယ့်
လိုအပ်တဲ့အချိန်မှာ ကူညီပေးသွားဦးမယ်လို့လည်း ပြောပါတယ်" လို့ ဇွန်လ ရ ရက်နေ့က
ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌသစ်ဖြစ်တဲ့ အကယ်ဒမီ လူမင်း
က ပြောကြားခဲ့ပါတယ်။
"ဦးဇင်ဝိုင်းအနေနဲ့က သူ့သက်တမ်း တစ်နှစ်ကျော်အတွင်းမှာ သူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း
ရှိသလောက် အချိန်တွေ၊ လုပ်အားတွေကို တတ်နိုင်သမျှ လုပ်သွားတာဖြစ်တဲ့အတွက် အဲဒီ
အပေါ်မှာတော့ သံသယဖြစ်စရာ မရှိပါဘူး။ သူလုပ်သွားသလောက်မှာ သူတာဝန် ကျေတယ်လို့
ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ တာဝန်ယူနိုင်တဲ့သူ
တာဝန်ကျေတဲ့သူ ဖြစ်ချင်ပါတယ်"လို့ လည်း ဦးလူမင်းက ပြောပါတယ်။
ရုပ်ရှင်အစည်းအရုံးရဲ့ ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ်၊ မတ်လထဲမှာ ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ်
ကျင်းပသွားမှာဖြစ်တာကြောင့် ၂၀၁၄ ခုနှစ်မှာကျင်းပမယ့် နောက်တစ်ကြိမ် ရွေးကောက်ပွဲမတိုင်ခင်
အထိ ဦးလူမင်း ဟာ ၁၀ လကျော် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

"တာဝန်ယူဖို့ ကျန်နေတဲ့ ၁၀ လကျော်ဆိုတာ အချိန်အားဖြင့်တော့ အရမ်းတိုတောင်းပေမယ့်
သက်တမ်း တိုတိုလေးအတွင်းမှာ ကိုယ်တို့ရဲ့ သမိုင်းကို လှလှလေး ဖြစ်စေချင်တယ်။ အဲဒီတော့
ကျွန်တော်လုပ်တဲ့ လုပ်ရပ်တွေက အနုပညာလောကအတွက်ကိုပဲ ဦးစားပေးသွားမှာပါ။ လက်ရှိ
ရုပ်ရှင်အစည်းအရုံးအနေနဲ့က အမှုဆောင်အဖွဲ့သစ်အနေနဲ့က သနားခံပြီးတော့ တက်လာတာ
မဟုတ်ဘူး။ တိုက်ပွဲတွေ ၀င်ပြီးတော့မှ လွတ်လပ်တဲ့ ရုပ်ရှင်အစည်းအရုံးဆိုတာ ဖြစ်လာတာလေ။
အဲဒီအတွက် အနုပညာလောကသားတွေ အားလုံးပါ၀င်ပြီးတော့ အတူတူတိုက်ပွဲဝင်ကြဖို့ မျှော်လင့်
ပါတယ်"လို့လည်း ဦးလူမင်းက ပြောပါတယ်။
ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ ရုပ်ရှင်အစည်းအရုံးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း
များနဲ့သာ ဆက်လက် ဆောင်ရွက်သွားမှာလို့လည်းဆိုပြီး ဥက္ကဋ္ဌဟောင်းလက်ထက်က မပြီးပြတ်
သေးတဲ့ လုပ်ငန်းကိစ္စများ အပြင် ခိုးကူးခွေကိစ္စ၊ ပြင်ဦးလွင်ရုပ်ရှင် အစည်းအရုံးက မြေဧက ၃၀ ရရှိ
ထားတဲ့ကိစ္စတွေနဲ့ တခြားကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
"ဦးဇင်ဝိုင်းအနေနဲ့ ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်သွားတာဖြစ်တဲ့အတွက် သူ့အစား
ဆက်လက် တာဝန်ထမ်းဆောင်ရာမှာ ရုပ်ရှင်အစည်းအရုံးက အရင်ချမှတ်ထားတဲ့အတိုင်း
ဆောင်ရွက်သွားမှာပါ။ လွတ်လပ်ချင်လို့ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို အားလုံး
ဆန္ဒအရ မဲနဲ့ရွေးချယ် တင်မြှောက်ထားတာဆိုတော့ ကျွန်တော့်လက်ထက်မှာ စည်းကမ်းတွေနဲ့
တင်းတင်းကျပ်ကျပ် လုပ်သွားဖို့တော့ မရှိပါဘူး။ ဗီဒီယို လောကကို နှစ်ဆကောင်းဖို့ ဆိုတာထက်
ပျက်စီးယိုယွင်းနေတာကို ထိန်းကျောင်းဖို့ ကျားကန်ဖို့ လုပ်ရပါဦးမယ်"လို့လည်း လုပ်ဆောင်သွား
မယ့် ကိစ္စတွေကို ပြောပြပါတယ်။
တစ်ဖက်ကလည်း သရုပ်ဆောင် အလုပ်ကို အရင်အတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမှာပါလို့
လည်း ဆိုပါတယ်။
"အရင်ကတော့ တစ်လကို ဇာတ်ကား သုံးကားလောက်ရိုက်ဖြစ်ရင် အခု တစ်လကို နှစ်ကား
လောက်ပဲ ရိုက်ဖြစ် တော့မှာပါ။ အရေအတွက်နည်းပြီး အရည်အသွေး ပိုမြင့်သွားအောင် ကြိုးစား
သွားမှာပါ"လို့ သူ့အနုပညာ အလုပ်နဲ့ပတ်သက်ပြီးပြောပြပါတယ်။
လက်ရှိ ရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဋ္ဌသစ်အဖြစ် ဦးလူမင်း၊ ဒုတိယ ဥက္ကဋ္ဌ(၁)အဖြစ် ဒါရိုက်တာ
ညီညီထွန်းလွင်နဲ့ စည်းရုံးရေးမှူးများအဖြစ် အရိုင်း နဲ့ မတူးတို့က တာဝန်ထမ်းဆောင်နေကြပါတယ်။
















