တစ်ခေတ်တခါက သဘင်လောကမှာ အောင်မြင်မှု ကြီးမားခဲ့တဲ့ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်ရဲ့ သဘင်အနုပညာ သက်တမ်းဟာ ၂၀၁၂ ခုနှစ်ထဲမှာ နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပါပြီ။
တစ်ခေတ်တခါက သဘင်လောကမှာ အောင်မြင်မှု ကြီးမားခဲ့တဲ့ အလင်္ကာကျော်စွာ ရွှေမန်း
ဦးတင်မောင်ရဲ့ သဘင်အနုပညာ သက်တမ်းဟာ ၂၀၁၂ ခုနှစ်ထဲမှာ နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပါပြီ။
ဒီအတွက် သူ့အနုပညာ အမွေကို ဆက်ခံခဲ့ကြတဲ့ 'ရွှေမန်းသဘင်' မျိုးဆက်များက အမှတ်တရ
အနေနဲ့ ရိုးရာသဘင် ဖျော်ဖြေပွဲကို ဩဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အမျိုးသားဇာတ်ရုံမှာ
ကျင်းပမှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲကို 'အလင်္ကာ အလွမ်းမှတ်တမ်း' လို့အမည်ပေးထားပြီး သဘင်လောကမှ တခြား
ပညာရှင်များ၊ ရုပ်ရှင်နဲ့ဂီတအနုပညာရှင်များလည်း ပါ၀င်ပြီး အင်တိုက်အားတိုက် ဖျော်ဖြေကြမှာ
ဖြစ်ပါတယ်။
"အဖေရဲ့ အမှတ်တရပွဲအတွက် တခြားဇာတ်အဖွဲ့တွေက ပညာရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါ
တယ်။ ကျွန်တော်တို့ မိသားစုတွေချည်း ဖျော်ဖြေတာမျိုးမဟုတ်ဘဲ ပရိသတ်ကို အနုပညာရှင်အစုံနဲ့
စုပေါင်းပြီး ဖျော်ဖြေပေးချင်လို့ပါ"လို့ ရွှေမန်းတင်မောင်ရဲ့ သားတစ်ဦဖြစ်တဲ့ ဦးဝင်းမောင်က ပြီးခဲ့တဲ့
အပတ်က ကရဝိတ်နန်းတော်က ကျင်းပခဲ့တဲ့ စာနယ်ဇင်းပွဲမှာ ပြောခဲ့ပါတယ်။
ရွှေမန်း ဦးတင်မောင်ဟာ ၁၉၃၂ ခုနှစ်မှာ ရွှေမန်းဇာတ်သဘင်ကို မန္တလေးမြို့မှာ စတင်တည်ထောင်
ခဲ့ပြီး ပရိသတ်ကြားမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကာ တနိုင်ငံလုံးမှာ လှည်လည်ဖျော်ဖြေခဲ့ရသူ
ဖြစ်ပါတယ်။
"ဖေဖေ ကွယ်လွန်ခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့က သားသမီးတွေအထိ သဘင်ပညာကို
လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ပါတယ်။ ဖေဖေဟာ ကပွဲအတွက် ဆက်တင်အခမ်းအနားကို စံပြဖြစ်
လောက်အောင် တီထွင်တင်ဆက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ရွက်ထည်ရုံ ကပွဲကြီးမှာဆို ဂန္ဓာမာတောင်
အော်ပရာကို ကပြနေတုန်းမှာ ဆုံလည်ကြီးက တဖြည်းဖြည်းလည်လာပြီး ဇာတ်ခုံအပေါ် ထိအောင်
လှည့်ပတ်တက်သွားတာ၊ ဘီလူးတွေက ဇာတ်ခုံအောက်ကနေ မီးခိုးလုံးတွေ ထွက်လာတာ၊ ဖေဖေ
ဟာ စက်ယန္ဒားတွေ အသုံးမပြုပဲ သူ့ရဲ့ လက်မှုပညာနဲ့ ဇာတ်ခုံကို ခမ်းနားပြီး ပရိသတ်တွေ အံ့မခမ်း
ဖြစ်အောင် တင်ဆက်နိုင်ခဲ့ပါတယ်"လို့ ဖခင်ဖြစ်သူရဲ့ အနုပညာ စွမ်းရည်ကို သားတစ်ဦးဖြစ်တဲ့
ဘဘင်ပညာရှင် ဦးချမ်းသာ ပြောပြပါတယ်။
ဖခင်ရဲ့ သဘင်အမွေကို ဆက်ခံခဲ့ပေမယ့် သူပိုင်ဆိုင်တဲ့ အနုပညာကတော့ သူ့အဖေရဲ့ ခြေမှုန့်လေး
အဆင့်လောက်သာရှိတယ်လို့လည်းဆိုပြီး ဖျော်ဖြေပွဲကို ခမ်းနားတဲ့ ဆက်တင်တွေနဲ့ ပွဲအစကနေ
အဆုံးအထိ ပရိသတ်တွေ နှစ်သက်သဘောကျအောင် တင်ဆက်သွားမယ်လို့လည်း ဦးချမ်းသာက
ပြောပါတယ်။
ဖျော်ဖြေပွဲမှာ ရွှေမန်းဦးတင်မောင်ရဲ့ လူကြိုက်များ ထင်ရှားတဲ့ ဗုဒ္ဓဝင်ဖွားတော်မူခန်း၊ လက်ဝဲသုန္ဒရ၊
မဟောသဓာ၊ ရွဲကုန်သည် စတဲ့အော်ပရာများ၊ ပြဇာတ်ကြီးများ ဖြစ်ကြတဲ့ ရွှေကြေးစည်၊ သပြေ
တစ်ခက် စတာတွေကို အစအဆုံးမဟုတ်ဘဲ အကောင်းဆုံးအပိုင်းများကို ကောက်နုတ် တင်ပြသွား
မှာ ဖြစ်သလို သီဆိုအောင်မြင်ခဲ့တဲ့ သီချင်းရဲ့ အနှစ်သာရတွေကိုလည်း တင်ဆက်ပေးသွားမှာ
ဖြစ်ပါတယ်။
အထူးတင်ဆက်မှု တစ်ခုအနေနဲ့လည်း အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် မကွယ်လွန်ခင်
နောက်ဆုံး ကပြခဲ့တဲ့ နှစ်ပါးခွင်ကို ပြန်လည်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
"ဖေဖေဟာ တိုင်းပြည်၊ လူမျိုးနဲ့ သဘင်ရိုးရာ အတွက်ကို အသက်သေခါနီး အချိန်ထိ တာဝန်ကျေ
သွားခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် နိုဝင်ဘာလမှာ ကပြခဲ့တဲ့ သုံးညမြောက်ပွဲမှာ နှစ်ပါးခွင်ထဲမှာ ကရင်းနဲ့
ကွယ်လွန်ခဲ့ပါတယ်။ အိပ်ရေးပျက်တဲ့ ညတွေကို ဖြတ်သန်းရင်း နှစ်ပါးခွင်ထဲမှာ မိုက်ခနဲ ဖြစ်လို့
ဖေ့ဖေ့ကို ၀ိုင်းတွဲပြီး မိတ်ကပ်စင်ကို ၀င်သွားခဲ့ရပါတယ်။ အဲဒီအခန်းထဲမှာပဲ ကွယ်လွန်ခဲ့တာပါ"လို့
ဖခင်ကွယ်လွန်ခဲ့ပုံကို ဦးချမ်းသာက ပြောပြပါတယ်။
"ဖေဖေ့ရဲ့ နောက်ဆုံးနှစ်ပါးခွင် အကြောင်းကို လူထုဒေါ်အမာနဲ့ ဦးလှခင်က ရေးသားပြုစုခဲ့ဖူးပါတယ်။
အဲဒီအထဲကမှ ကောက်နုတ်ပြီး ဇာတ်အတွက် ကျွန်တော် ရေးသားခဲ့ပါတယ်။ အဲဒါကို အခုပွဲမှာ
ပြန်လည်ကပြမှာ ဖြစ်ပါတယ်။ ဖေဖေ နောက်ဆုံးကနေခဲ့တုန်းက ဇာတ်စင်ရဲ့ အဆင်အပြင်အတိုင်း
ထပ်တူ ပြန်ဖန်တီးပြီး သူနောက်ဆုံး ဇာတ်စင်နောက်ဝင်သွားတဲ့ ပုံစံမျိုး ပြန်လည်ကပြမှာ ဖြစ်ပါ
တယ်"လို့လည်း ပြောပြပါတယ်။
အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်မှာ ရင်သွေး ရှစ်ဦးရှိတဲ့အနက် အကြီးသားဖြစ်သူ ညွန့်ဝင်း
က သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့သလို တခြားသားသုံးဦးဖြစ်တဲ့
၀င်းဗိုလ်၊ ဆန်းဝင်းနဲ့ ချမ်းသာ တို့ကတော့ အောင်မြင်တဲ့ သဘင်ပညာရှင်များအဖြစ် ဖခင်အမွေကို
ဆက်ခံခဲ့ကြပါတယ်။
မြေးတွေထဲကမှ တင်မောင်ဆန်းမင်းဝင်းနဲ့ မေတင်မောင်ဆန်းမင်းဝင်း တို့ကတော့ ရွှေမန်းရဲ့ တတိယ
မျိုးဆက်အဖြစ် သဘင်ဇာတ်ခုံပေါ်မှာ လူသိများနေကြပြီ ဖြစ်သလို ကျော်ကျော်ဗို ကတော့ ရုပ်ရှင်နဲ့
ဗီဒီယိုသရုပ်ဆောင်အဖြစ် လျောက်လှမ်းနေပြီ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲကနေ ရရှိလာမယ့် အမြတ်ငွေများကို ရွှေမန်းဦးတင်မောင်နဲ့ လက်တွဲဖျော်ဖြေခဲ့ပြီး
ယနေ့တိုင် သက်ရှိထင်ရှားရှိနေကြဆဲ ဖြစ်တဲ့ အနုပညာရှင်တွေကို ထောက်ပံ့လှူဒါန်းသွားမယ်လို့
သိရပါတယ်။
















