ဈေးကွက်ထဲမှာ ဖြန့်ချိလာသမျှ မြန်မာတေးသီချင်းများကို အွန်လိုင်းမှတဆင့် ၀ယ်ယူနိုင်မယ့် ၀က်ဘ်ဆိုက်ကို မြန်မာဘာသာစကားနဲ့ ဇူလိုင်လထဲမှာ လွှင့်တင်သွားမယ်လို့ သိရပါတယ်။
ဈေးကွက်ထဲမှာ ဖြန့်ချိလာသမျှ မြန်မာတေးသီချင်းများကို အွန်လိုင်းမှတဆင့် ၀ယ်ယူနိုင်မယ့်
၀က်ဘ်ဆိုက်ကို မြန်မာဘာသာစကားနဲ့ ဇူလိုင်လထဲမှာ လွှင့်တင်သွားမယ်လို့ သိရပါတယ်။
"အဓိကကတော့ မြန်မာပရိသတ်တွေ အတွက်ကို ရည်ရွယ်ပါတယ်။ အွန်လိုင်းဆိုတော့ အချိန်နဲ့
တပြေးညီပေါ့၊ ဒီနေ့ ထွက်ပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ၀ယ်နိုင်မယ်။ မြန်မာပြည်တွင်း
မှာလည်း အင်တာနက်သာ ရမယ်ဆို ချက်ချင်းဝယ်နိုင်မယ်။ အဲလိုမျိုးဖြစ်အောင် လုပ်ထားတဲ့
၀က်ဘ်ဆိုက်ပါ"လို့ ၀က်ဘ်ဆိုက်လွှင့်တင်တဲ့ Legacy Music Network ကုမ္ပဏီမှ မန်နေဂျင်း
ဒါရိုက်တာ ဦးကိုကိုလွင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
၀က်ဘ်ဆိုက်ကို www.myanmarmusicstore.com လို့အမည်ပေးထားပြီး လွှင့်တင်ထားပြီ
ဖြစ်ပေမယ့် သီချင်းများကိုတော့ ဇူလိုင်လထဲရောက်မှ စတင်ရောင်းချ ပေးသွားမယ်လို့လည်း
ဆိုပါတယ်။
သီချင်းများကို အခွေလိုက်ဖြစ်စေ၊ နှစ်သက်ရာ သီချင်းတစ်ပုဒ်စီ လိုက်ဖြစ်စေ ၀ယ်ယူနိုင်ပြီး တစ်ပုဒ်
ချင်းစီ ၀ယ်ယူမယ်ဆိုရင်တော့ အနည်းဆုံး ခြောက်ပုဒ်ခန့် ၀ယ်ယူရမှာ ဖြစ်ပါတယ်။
"အွန်လိုင်းစတိုးဖြစ်လို့ တခြားကုန်ကျစရိတ်တွေ မရှိပေမယ့် ငွေလွှဲတဲ့အခါမှာ transition fee
ဆိုတာရှိတယ်။ အဲဒါက တစ်ခွေလုံးနဲ့ တစ်ပုဒ်ချင်းစီဝယ်တဲ့ fee ကအတူတူပဲ ပေးရတော့ တစ်ပုဒ်
ချင်းစီဆိုရင် ဘာမှသိပ်မထူးဘူး။ ဦးတို့ကလည်း အပြင်မှာ ရောင်းတဲ့ ဈေးထက်သက်သာတဲ့ နှုန်းနဲ့
ရောင်းချပေးသွားမှာဆိုတော့ ၀ယ်တဲ့လူတွေအတွက် အဆင်ပြေမှာပါ"လို့ ဦးကိုကိုလွင်က
ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဂီတဈေးကွက်မှာ ဖြန့်ချိရေးစနစ်တွေကလည်း ခိုးကူးကြောင့် ပျက်စီးနေပြီး
နိုင်ငံတကာမှာ အွန်လိုင်းကနေ ဈေးဝယ်ခြင်းစနစ်ဟာ တွင်ကျယ်နေပေမယ့် မြန်မာနိုင်ငံမှာတော့
အသားကျနမှု မရှိသေးတာကြောင့် ခုလိုမျိုး သီချင်းတွေရောင်းချပေးတဲ့ ပထမဆုံး ပြည်တွင်း
၀က်ဘ်ဆိုက်ကို လွှင့်တင်ခြင်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
၀ယ်ယူသူတွေအနေနဲ့ သီချင်းတွေကို ၀ယ်ယူမယ်ဆိုရင် ၀က်ဘ်ဆိုက်မှာ စရင်းသွင်းရန် လိုအပ်ပြီး
ပိုက်ဆံပေးချေမှု အနေနဲ့ကတော့ ပြည်တွင်းမှာဆိုရင် Myan Pay (သို့) Y Pay စနစ်တွေနဲ့ ၀ယ်ယူ
နိုင်မှာ ဖြစ်ပြီး နိုင်ငံတကာမှ ၀ယ်ယူသူများကတော့ PayPal စနစ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
"ပြည်တွင်းမှာ အသုံးပြုရမယ့် အွန်လိုင်း ငွေပေးချေမှုကိုတော့ ဘယ်လိုအကောင့်လုပ်ရမယ်၊
ဘယ်လိုသုံးပြီး ဘယ်လို ၀ယ်ရမယ်ဆိုတာကို သူတို့ရဲ့ ၀က်ဘ်ဆိုက်တွေမှာ ရှာပြီး အသုံးပြုနိုင်
တယ်။ အဲဒါတွေအပြင် ဦးတို့က ပိုပြီး လွယ်ကူအောင် prepaid ကတ်ကိုလည်း စီစဉ်ထားတယ်။
အဲဒါကတော့ ပြည်တွင်းအတွက်ပေါ့၊ ဖုန်းကတ်တွေလိုပဲ ကျပ် ၅၀၀၀ ကတ်က စရောင်းမယ်"လို့
ငွေပေးချေမှုစနစ်တွေကို ပြောပြပါတယ်။
၀ယ်ယူသူက ကျပ် ၅၀၀၀တန် ကတ်ဝယ်ပြီးသွားပြီဆိုရင် သူတို့ဝက်ဘ်ဆိုက်မှာ အသင်းဝင်ပြုလုပ်
ပြီး လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်တာနဲ့ ငွေစာရင်းဝင်သွားမှာ ဖြစ်ပြီး လိုချင်တဲ့ အခွေကို
၀ယ်ယူပြီး ဒေါင်းလုတ်ဆွဲနိုင်တယ်လို့လည်း ဆိုပါတယ်။
သီချင်းဟောင်းတွေကိုလည်း သီချင်းထုတ်လုပ်သူ မည်သူမဆို ၀က်ဘ်ဆိုက်ပေါ်မှာ ၀င်ရောက်
ရောင်းချနိုင်ပြီး တချို့ပိုင်ဆိုင်မှု မရှင်းတဲ့ သီချင်းခွေကိုတော့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကို ကြားခံ
အနေနဲ့ထားပြီး ရောင်းချနိုင်ပါတယ်လို့လည်း ဦးကိုကိုလွင်က ပြောပါတယ်။
"တချို့သီချင်းခွေတွေက ပိုင်ဆိုင်မှု အရမ်းရှင်းတယ်။ ဥပမာ - ထုတ်လုပ်သူက ဒီသီချင်းနဲ့
ပတ်သက်တာတွေ အကုန်လုံးရဲ့ လုပ်ပိုင်ခွင့်က သူ့မှာ ရှိတယ်ဆို ဦးတို့နဲ့ တိုက်ရိုက်ဆွေးနွေးပြီး
လုပ်လို့ရတယ်။ တချို့ကျတော့ ပိုင်ဆိုင်မှုက အဲဒီလိုမဟုတ်ဘူး။ သီချင်းတစ်ပုဒ်မှာ ထုတ်လုပ်သူက
ဘယ်လောက် ရာခိုင်နှုန်း ခံစားခွင့်ရှိတယ်၊ အဆိုတော်က ဘယ်လောက်ဆိုပြီးတော့ ရှိတယ်။
အဲဒါမျိုးတွေကျတော့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးက သတ်မှတ်ထားတဲ့ ပမာဏတွေ ရှိတာ
ကြောင့် သူတို့က ကြားခံအနေနဲ့ ပါ၀င်ပေးမယ်"လို့ ဦးကိုကိုလွင်က ပြောပါတယ်။















