ရန်ပုံငွေပွဲမို့ စိတ်လျော့ကြပါ ဘုတ်စကုတ်မောင်မောင်နဲ့ ဂီတကိုကိုတို့ရယ်

ရန်ပုံငွေပွဲမို့ စိတ်လျော့ကြပါ ဘုတ်စကုတ်မောင်မောင်နဲ့ ဂီတကိုကိုတို့ရယ်

ညနေ ၅ နာရီ စမယ်လို့ ကြေညာထားပေမယ့် နေပူပူ ဘောလုံးကွင်းထဲမှာ မွန်းလွဲ ၃ နာရီ မထိုးခင်လောက်ကတည်းက ပရိသတ်က အခိုင်အမာ နေရာယူထားပြီး ဖြစ်နေကြပါပြီ။

ညနေ ၅ နာရီ စမယ်လို့ ကြေညာထားပေမယ့် နေပူပူ ဘောလုံးကွင်းထဲမှာ မွန်းလွဲ ၃ နာရီ မထိုးခင်
လောက်ကတည်းက ပရိသတ်က အခိုင်အမာ နေရာယူထားပြီး ဖြစ်နေကြပါပြီ။

ဒါကတော့ ဇွန်လ ၁၄ ရက်နေ့၊ ညနေပိုင်းက အောင်ဆန်းအားကစားကွင်းမှာ ကျင်းပခဲ့တဲ့
မြန်မာနိုင်ငံ မသန်မစွမ်းအဖွဲ့ချုပ် (အမြင်အာရုံချို့တဲ့သူများအတွက်) ရန်ပုံငွေပွဲအဖြစ် ဘိုင်စကုတ်
မင်းသားများ အသင်းနဲ့ ဂီတအနုပညာရှင်များ အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ဘောလုံးပွဲအစ
မြင်ကွင်းပဲ ဖြစ်ပါတယ်။

တစ်နေ့လုံးရွာခဲ့တဲ့ မိုးက ညနေပိုင်းမှာ အရွာရပ်ပြီး နေအတော်ပူနေပေမယ့် ထီးကိုယ်စီဆောင်းပြီး
ကွင်းအပြည့်နီးပါး နေရာယူထားတဲ့ ပရိသတ်ကို ဘောလုံးပွဲ မစခင်ကတည်းက အဆိုတော်တွေ
အပြင် သရုပ်ဆောင်တွေက တေးသီချင်းတွေက ဖမ်းစားထားတာ ရှိုးပွဲတစ်ပွဲ ရောက်နေသလား
ပါပဲ။

အထူးသဖြင့် အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေက သူ့ထက်ကိုယ် အပြိုင်အဆိုင်ကို
ကြဲလာကြတာမို့ အလန်းတကာ့ အလန်းစားတွေဆိုတာကို မျက်စိထဲမှာသာ မြင်ကြည့်လိုက်ကြ
ပါတော့။

အစီအစဉ် တင်ဆက်သူတွေအဖြစ် အရိုင်း၊ ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ရဲ့ မိတ်ဆက် ဖိတ်ခေါ်ချက်တွေနဲ့
အတူ ကွင်းထဲကို နှစ်ဖက်အသင်းက အားကစားသမားတွေ ဆင်းလာချိန်မှာတော့ နှစ်ဖက်အသင်း
ကို အားပေးတဲ့ ပရိသတ်ရဲ့ အသံတွေက အားအင်အပြည့်နဲ့ပါ။

ဟာသနှောပြီး ကြေညာတဲ့ အစီအစဉ်တွေကို တစ်ဝါးဝါး ရယ်မောရင်း သဘောကျကြသလို
ကိုယ်အားပေးတဲ့ သရုပ်ဆောင်၊ အဆိုတော်တွေကို ကျောနံပါတ်နဲ့ အံကိုက်ဖြစ်အောင် လိုက်ကြည့်
ရတာလည်း မျက်လုံးညောင်းကြတဲ့ အထိပါပဲ။

ပထမပိုင်းစချိန်မှာ ကွင်းထဲမှာ အသင့်နေရာယူထားပြီးဖြစ်တဲ့ အဆိုတော် အသင်းဘက်က မျိုးကြီး၊
R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင် စတဲ့ အဖွဲ့သားတွေနဲ့ ဘိုင်စကုတ် အသင်းဘက်က နေတိုး၊
အောင်ရဲလင်း၊ လူမင်း၊ ထွန်းထွန်း၊ ဖိုးချစ်တို့ အဖွဲ့သားတွေဟာ ကွင်းထဲမှာ ဟန်ပါပါ နေရာယူထား
ကြပါပြီ။

တကယ်တမ်း ဒိုင်လူကြီးက ပွဲစဖို့ ခရာမှုတ်ချိန်မှာတော့ မင်းသား၊ အဆိုတော်ဆိုတဲ့ ဟန်တွေ
ပျောက်ပြီး သွက်သွက်လက်လက် တွန်းတွန်းတိုက်တိုက်ကစားကြတာ တကယ့် အားကစားသမား
ကြီးတွေလိုပါပဲ။

ဘောလုံးပွဲတွင် အဆိုတော်များ ဖျော်ဖြေနေကြစဉ်။ ကိုတိတ်/မြန်မာတိုင်း(မ်)

ဒါပေမဲ့ အဆိုတော်ဘက်က ပရိသတ်ကို အင်အားဖြည့် ပိုကောင်းစေတာကတော့ စန္ဒီမြင့်လွင်၊
မိစန္ဒီ၊ Bobby Soxer အစရှိတဲ့ အမိုက်စား အဆိုတော်မလေးတွေရဲ့ လင်းကွင်းတီးပြီး "ဂီတ"၊
"ဂီတ" လို့အော်ကြတဲ့ အားပေးသံပါပဲ။

ပထမပိုင်းစလို့ သိပ်မကြာခင်မှာပဲ အစွမ်းကုန် ပူလောင်နေတဲ့ နေအပူဒါဏ်ကို လက်ခဏခဏကာ
ပြီး ကာကွယ်နေတဲ့ ဂိုးဖမ်းသမားလေး နေတိုး ခဗျာ ကြိုးစားပန်းစား ကာကွယ်ပေမယ့်လည်း
ပထမဆုံးဂိုးကို အဆိုတော်တွေဘက်က သွင်းလိုက်နိုင်ပါပြီ။

ပထမဆုံး ဂိုးအသွင်းအပြီးမှာ ပရိသတ်က အဆိုတော် အသင်းဘက်ကို ပိုအားပေးလာကြပေမယ့်
လည်း ဘောလုံးထက် လူအချင်းချင်း ပိုရည်ရွယ် တိုက်ခိုက်တဲ့ ပုံပေါ်နေတဲ့ အဆိုတော်ကိုကို
တချို့ကြောင့် မင်းသားတွေဘက်ကိုလည်း ပရိသတ်က လျစ်လျူမရှုပဲ အားပေးနေဆဲပါပဲ။

ပွဲစဉ်တလျောက် ကစားသမားတွေကို ခဏခဏ လဲလှယ်နေတာကြောင့် ပရိသတ်ရော အစီအစဉ်
တင်ဆက်သူ တွေကပါ ဘောလုံးပွဲမဟုတ်ပဲ လူလဲပွဲလို့လည်း ဟာသနှော ပြောဆိုတာကို ကြားခဲ့
ရပါတယ်။

သိပ်မကြာခင်မှာပဲ အဆိုတော်ဘက်က ဒုတိယဂိုး ထပ်မံသွင်းခဲ့တာမို့ အဆိုတော်ပရိသတ်အဖွဲ့
အားတက်ရသလို ဘိုင်စကုတ်မင်းသား ပရိသတ်အဖွဲ့ကလည်း မချင့်မရဲ ဖြစ်နေကြရပါတယ်။

ဒါပေမဲ့လည်း ဘိုင်စကုတ် မင်းသားတစ်ယောက် လူချင်း ထိခိုက်ခံရချိန်မှာတော့ ပြစ်ဒါဏ်ဘောလုံး
ကန်ခွင့်ရခဲ့ပြီး မင်းသား မိုးယံဇွန်က ပြန်လည်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

ခဏနားချိန်မှာတော့ ဟစ်ဟော့ပ် အဆိုတော်မလေးများရဲ့ သီဆိုဖျော်ဖြေမှုကို အားပေးဖို့ထက်
အားကစားသမားတွေ ရှိနေတဲ့ ကစားကွင်းထဲထိရောက်တဲ့ တံခါးက ပွင့်သွားတာမို့ ပရိသတ်တွေ
အပြေးအလွှား ကွင်းထဲဆင်းကာ မင်းသား၊ အဆိုတော်တွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ကြတာ
နောက်ဆုံး ပွဲခဏ ရပ်နားလိုက်ရတဲ့ အထိပါပဲ။

ဒုတိယပိုင်း ပြန်စချိန်မှာတော့ ပွဲအေးသလို ဖြစ်နေခဲ့ပြီးကာမှ အဆိုတော်ဘက်က နောက်ထပ်
သုံးဂိုးထပ်သွင်းနိုင်ခဲ့သလို ဘိုင်စကုတ်ဘက်ကလည်း ချေပဂိုး တစ်ဂိုးသွင်းနိုင်ခဲ့ရင်း ပွဲကို အဆုံး
သတ်ခဲ့ပါတော့တယ်။

ရန်ပုံငွေဖျော်ဖြေပွဲမို့ ပျော်စရာ ဖြစ်ရမှာပေမယ့် တစ်ဖက်နဲ့ တစ်ဖက် အချေအတင် ဖြစ်တာတွေ၊
လူချင်း တိုက်ခိုက်တာတွေကတော့ ပရိသတ်တွေ မနှစ်သက်တဲ့ အသံအဖြစ် ပြန်ကြားရပြီး
နောက်ပွဲတွေမှာ စိတ်လျှော့ကြဖို့ ပြောဆိုကြတာတွေကို ကြားခဲ့ရပါတယ်။

ဒါကြောင့်မို့ ရန်ပုံငွေပွဲပါ ..စိတ်လျော့ကြပါ ဘိုင်စကုတ်မောင်မောင်နဲ့ ဂီတကိုကိုတို့ရယ်လို့
ပြောပါရစေလို့။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး