နှင်းဆီအဖွဲ့သားများ စင်ကာပူပွဲမှာ အမည်သစ်နဲ့ ကပြမည်

နှင်းဆီအဖွဲ့သားများ စင်ကာပူပွဲမှာ အမည်သစ်နဲ့ ကပြမည်

နှင်းဆီအဖွဲ့သားတွေဟာ နှင်းဆီခရီးသည်လို့ အမည်ပေးထားတဲ့ အငြိမ့်ပွဲကို ဇွန်လ ၃၀ ရက်နေ့မှာ စင်ကာပူ နိုင်ငံရှိ Kallang Theater မှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေဟာ နှင်းဆီခရီးသည်လို့ အမည်ပေးထားတဲ့ အငြိမ့်ပွဲကို ဇွန်လ ၃၀ ရက်နေ့မှာ
စင်ကာပူ နိုင်ငံရှိ Kallang Theater မှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲဟာ နှင်းဆီအဖွဲ့သားတွေရဲ့ စင်ကာပူနိုင်ငံမှာ ငါးကြိမ်မြောက် ဖျော်ဖြေမယ့်ပွဲဖြစ်ပြီး
တင်ဆက်မှုများကို အရင်နှစ်တွေနဲ့ မထပ်အောင် ကြိုးစားဖန်တီးသွားမှာ ဖြစ်တယ်လို့ နှင်းဆီအဖွဲ့
ကို တည်ထောင်သူ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။

နှင်းဆီအဖွဲ့သား လူရွှင်တော်တွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုးနဲ့ ထွန်းထွန်းတို့ ပါ၀င်ကြမှာ
ဖြစ်ပြီး ရဲလေး ကတော့ မပါ၀င်ဖြစ်ဘူးလို့ သိရပါတယ်။

အကမင်းသားအဖြစ် တင်မောင်ဆန်းမင်းဝင်း ပါ၀င်မှာဖြစ်ပြီး မင်းသမီးတွေအဖြစ် မိုးယုစံ၊
မိုးပြည့်ပြည့်မောင်၊ မေကဗျာ၊ ဖူးစုံ၊ ၀ါဆိုမိုးဦးနဲ့ သန္တာဗိုတို့ပါ၀င်ကြမှာ ဖြစ်ပါတယ်။

မော်ဒန် အကကို ကြည့်ချင်ကြတဲ့ လူငယ်တွေအတွက်လည်း ယူရေနီယံအဖွဲ့ရဲ့ ဖျော်ဖြေမှုကိုလည်း
ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

"ရဲလေး မပါဖြစ်တာက သူက အိမ်ထောင်ကျသွားလို့လည်း ဟုတ်တယ်။ အရင်တုန်းကလည်း
သူမပါဖြစ်တဲ့ပွဲ တွေလည်း ရှိတယ်။ အဓိကကသွား ကမယ့်အချိန်မှာ သွားလို့အဆင်ပြေတဲ့သူနဲ့
ကတာမျိုးပါ"လို့ အဖွဲ့ဝင်တစ်ဦး လျော့ရတဲ့ အကြောင်းကို မောင်မျိုးမင်းက ပြောပြပါတယ်။

မင်းသား၊ အဆိုတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့ဟာ နှင်းဆီသခင်၊ ညီညွတ်ခြင်းနှင်းဆီ စတဲ့
နာမည်တွေနဲ့လည်း အငြိမ့်ကခဲ့ကြပြီး သူတို့အဖွဲ့ရဲ့ နာမည်ကို တစ်နှစ်ကို ပုံစံတစ်မျိုးပြောင်းလဲ
ဖြစ်တယ်လို့လည်း သိရပါတယ်။

"နာမည်ကို တစ်နှစ်တစ်ခါလောက် ပြောင်းတယ်။ ဒီနှစ်ထဲမှာပဲ ဟိုတယ်နဲ့ ခရီးသွားရေးအတွက်
ကဖြစ်တော့ 'နှင်းဆီခရီးသွား'ဆိုတဲ့ နာမည်နဲ့ ကကြတယ်။ တခြားဘာရည်ရွယ်ချက်မှ ရှိလို့
မဟုတ်ပါဘူး"လို့ မောင်မျိုးမင်းက ပြောပါတယ်။

"တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ တစ်နှစ်က အမှားတွေကို
နောင်တစ်နှစ်မှာ မပါအောင်၊ ကောင်းအောင် ကြိုးစားရင်းနဲ့ ဒီနေ့ဒီအချိန်ထိ ရောက်လာကြတာပါ။
အဲဒီတော့ အလုပ်လုပ်နေသရွေ့ အမှားဆိုတာကတော့ ပါနေမှာပဲ။ အဲဒီတော့ ကိုယ်မမြင်ရသေးတဲ့
အမှားတွေလည်း ထပ်တွေ့နိုင်တယ်။ နောက်ထပ်အမှားတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ
ဖြစ်ဖြစ် ကျွန်တော်တို့ အကောင်းဆုံး စီစဉ်တင်ဆက်သွားမယ်"လို့လည်း သူက ဆိုပါတယ်။

အသုံးပြုမယ့် ပြက်လုံးတွေကို တချို့ အသုံးပြုပြီးသားတွေကို ပြန်ပြီး ပြုပြင် ပြောင်းလဲသွားမယ်လို့
ဆိုသလို နေရာဒေသအလိုက် သူ့နေရာနဲ့သူ လိုက်ဖက်တဲ့ ပြက်လုံးတွေကိုလည်း အသုံးပြုသွားမှာ
ဖြစ်တယ်လို့ ပြောပါတယ်။

နှင်းဆီအဖွဲ့သားတစ်ဦးအဖြစ် ပါ၀င် ကပြလေ့ရှိတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း
"ကျွန်တော်တို့ နှင်းဆီအဖွဲ့ရဲ့ ပြက်လုံးတွေက နှင်းဆီခရီးသွားမှာ ကထားတဲ့ ပြက်လုံးလေးတွေပဲ
ဖြစ်လိမ့်မယ်လို့ အားလုံးက ထင်နေကြပါတယ်။ အဲဒါတွေလည်း ပါကောင်း ပါပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ ပြက်လုံးတစ်ခုကို ဖန်တီးတဲ့အခါမှာ ကျွန်တော်တို့က တကယ့်ဝမ်းစာပြည့်နေ
သော လူရွှင်တော်များ မဟုတ်တဲ့ အတွက်ကြောင့်ပါ"လို့ ပြောပါတယ်။

"ဒီအဖွဲ့ကို စလုပ်ဖြစ်တာကလည်း ကျွန်တော်တို့ ၀ါသနာရယ်၊ အပျော်ပေါ့။ သရုပ်ဆောင်ကလည်း
သရုပ်ဆောင်မဟုတ်တဲ့ ဘဝတစ်ခုနဲ့ အဆိုတော်ကလည်း အဆိုတော်မဟုတ်တဲ့ ဘဝတစ်ခုနဲ့
ပရိသတ်ကို ဖျော်ဖြေကြမယ်ဆိုပြီးတော့ လူရွှင်တော်အနေနဲ့ ကပြဖြစ်တာပေါ့။ အပျော်လေးကနေ
ပြီးတော့ ပရိသတ်ရဲ့ အားပေးမှုနဲ့ ကျွန်တော်တို့ ရှေ့ဆက်လှမ်းနေတာ။ ကျွန်တော်တို့ကတော့
၀မ်းစာပြည့်တဲ့ လူရွှင်တော်တွေ မဟုတ်တဲ့အတွက်ကြောင့် ပြက်လုံးကြီးကြီးမားမားတွေ၊ သစ်သစ်
ဆန်းဆန်းကြီးတွေ ပြက်နိုင်ဖို့တော့ အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ စင်ကာပူမှာ ရောက်တဲ့အချိန်မှာ
မြင်ရ တွေ့ရကြားရတဲ့ အရာမျိုးလေးတွေကိုလည်း ပြက်လုံးထဲမှာ ထည့်ပြက်သွားမှာပါ"လို့လည်း
ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး