ထိုင်းနိုင်ငံ ယဉ်ကျေးမှုဌာနမှ ချီးမြှင့်တဲ့ ဆွန်ထုန်ဖူးဆု (Sunthorn Phu Award) ကို မြန်မာနိုင်ငံမှ ကဗျာဆရာ မောင်သွေးသစ်ရဲ့ 'သာသနာ့ တံတိုင်းနဲ့ နံ့သာမြိုင်စခန်း လှခဲ့ပြီ' ကဗျာက ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ယဉ်ကျေးမှုဌာနမှ ချီးမြှင့်တဲ့ ဆွန်ထုန်ဖူးဆု (Sunthorn Phu Award) ကို မြန်မာနိုင်ငံမှ
ကဗျာဆရာ မောင်သွေးသစ်ရဲ့ 'သာသနာ့ တံတိုင်းနဲ့ နံ့သာမြိုင်စခန်း လှခဲ့ပြီ' ကဗျာက ဆွတ်ခူးရရှိ
ခဲ့တယ်လို့ သိရပါတယ်။
ဆွန်ထုန်ဖူးဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံက 'ဆွန်ထုန်ဖူးနေ့'လို့ သတ်မှတ်ထားတဲ့ ဇွန်လ
၂၆ ရက်နေ့ မှာ ထိုင်းယဉ်ကျေးမှုစင်တာ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ကိုယ်တိုင်
သွားပြီး ဆုလက်ခံရယူမယ်လို့ ဆရာမောင်သွေးသစ်က ပြောပါတယ်။
ဒီဆုပေးပွဲ အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံမှ ကဗျာဆရာများကိုသာ ဆုချီးမြှင့်ခဲ့ရာမှ
ဒီနှစ်မှစတင်ပြီး အာဆီယံနိုင်ငံအသီးသီးမှ ကဗျာဆရာတစ်ဦးစီကို ရွေးချယ်ပြီး ဆုချီးမြှင့်ခြင်း
ဖြစ်တယ်လို့ သိရပါတယ်။
'ဆွန်ထုန်ဖူးနေ့'ဟာ ၁၇၈၆ ခုနှစ်က ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ၁၈၅၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့
ကဗျာဆရာ ဆွန်ထုန်ဖူးကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းအထောက်အထားအရ ကုန်းဘောင်ခေတ်ဦး၊ အလောင်းမင်းတရားကြီးရဲ့
စတုတ္ထမြောက်သားတော်ဖြစ်တဲ့ ဗဒုံမင်းလက်ထက် မြန်မာနိုင်ငံမှာ နာမည်ကြီး စာဆိုတော်များ
ဖြစ်ကြတဲ့ လက်ဝဲသုန္ဒရအမတ်ကြီး၊ ရာမရကန်ဦးတိုး၊ ရွှေတောင်နန္ဒသူတို့နဲ့ ခေတ်ပြိုင်ဖြစ်တယ်လို့
သိရပါတယ်။
ဒီလို ထိုင်းနိုင်ငံရဲ့ ဂန္ထဝင်ကဗျာဆရာကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်ချီးမြှင့်တဲ့ဆုကို ရရှိတဲ့အပြင်
ဆယ်စုနှစ်များစွာအတွင်း သူရေးစပ်ခဲ့တဲ့ ကဗျာတွေ အများကြီးထဲက သူအမြတ်နိုးဆုံး၊ တန်ဖိုး
အထားဆုံး ကဗျာနဲ့ ဆုရရှိခဲ့တဲ့အတွက် အလွန်ဂုဏ်ယူတယ်လို့ ဆရာမောင်သွေးသစ်က ပြောပါ
တယ်။
"ဒီကဗျာကတော့ ရှင်းရှင်းပြောရရင် ဆရာ့ဘဝမှာ အမွန်အမြတ်အထားဆုံးပေါ့။ ဘာဖြစ်လို့လဲဆို
တော့ ဒီကဗျာက အပယ်ခံလူတန်းစားကို ကိုယ်စားပြုထားလို့ပါ။ သူတို့နဲ့ ထဲထဲဝင်ဝင်နေဖူးမှ
သူတို့ဘဝကို မျှဝေခံစားလို့ရမယ်။ ဒါကြောင့်မို့လည်း ဒီကဗျာကို ရေးဖြစ်တာပါ။ တကယ့်
မျက်မှောက်ဘဝမှာ ရှိနေဆဲ အပယ်ခံလူတန်းစားရဲ့ကောင်းမှု၊ သာသနာ့ဘောင်ဝင်ခွင့်ရတဲ့ ဘွဲ့ကို
ရေးထားတာဖြစ်ပြီး ဒီကဗျာနဲ့ ဆုရတာ ဖြစ်တဲ့အတွက် ပိုပြီးဂုဏ်ယူတယ်။ ဒီကဗျာကတော့
ဆရာ့ဘဝမှာ ဆရာမောင်သိန်းဆိုင်စကားနဲ့ ပြောရမယ်ဆိုရင် 'မောင်သွေးသစ် ခင်ဗျား သေပျော်
ပါပြီ'လို့ ပြောလို့ရတဲ့ ကျွန်တော့် ကိုယ်ပိုင်ဖန်တီးမှုတွေထဲက ကျွန်တော့် အနှစ်သက်ဆုံး ကဗျာ
လေးပါ" လို့ ဆရာမောင်သွေးသစ်က ပြောပါတယ်။
'ဘုရားပရဝဏ်ထဲ အနူမဝင်ရ'ဆိုတဲ့ အားနည်းသူအပေါ် ဖိနှိပ်မှု၊ လူပြက်တွေရဲ့ 'အနူလက်နဲ့ ရွှေခွက်
မှအားမနာ' ဆိုတဲ့ ပြက်လုံးမျိုး၊ အနူပုံစံလုပ်ပြီး လူရွှင်တော်တွေ ပြက်တာမျိုးစတဲ့ အားနည်းတဲ့
လူတန်းစားကို သရော်မှုများကို စာနာခံစားတဲ့စိတ်နဲ့ ရေးဖွဲ့သီကုံးခဲ့တဲ့ 'သာသနာ့တံတိုင်းနဲ့ နံ့သာ
မြိုင်စခန်း လှခဲ့ပြီ' ကဗျာကို ၂၀၀၃ ခုနှစ်မှာ ရေးစပ်ခဲ့တာလို့လည်း ဆိုပါတယ်။
"ခေတ်မီဆေးဝါးကို မမီလိုက်တဲ့ အသက် လေးဆယ်ကျော် ငါးဆယ်အရွယ် အနာကြီးရောဂါသည်
တွေက ရုပ်အဆင်းအင်္ဂါတွေ ပျက်တယ်။ ခြေထောက်တွေ၊ ဒူးဆစ်တွေ ပြတ်တယ်။ လက်ဆိုရင်
လည်း လက်ချောင်းတွေ မရှိတော့ဘူး။ ဒါပေမဲ့ သူတို့သားသမီးတွေက အကောင်းတွေ ဖြစ်တယ်။
သူတို့ကို ရှင်ပြုပေးချင်တယ်ဆိုပြီး ဖိတ်စာရိုက်ပေးပါဆိုလို့ ဖိတ်စာရိုက် ပေးရင်းကနေ သူတို့
အကြောင်းတွေကိုလည်း သိနေတဲ့အခါကျတော့ ဒီကဗျာကို ရေးဖြစ်သွားတာပါ"လို့လည်း ကဗျာ
ရေးဖြစ်ပုံကို ပြောပြပါတယ်။
စာပေဟောပြောပွဲတွေမှာ ဒီကဗျာကို ရွတ်ပြတိုင်း ကိုယ်တိုင်လည်း ရင်ဆို့ ရသလို၊ ပရိသတ်တွေ
လည်း ရင်ဆို့ကြရပြီး အဲဒီရောဂါသည်တွေ ကိုယ်တိုင်လည်း ကြားရတဲ့အခါ မျက်ရည်ဖြိုင်ဖြိုင်
ကျလေ့ရှိတယ်လို့လည်း ဆရာမောင်သွေးသစ်က ပြောပြပါတယ်။
"စိတ်ကူးနဲ့ရေးလိုက်တဲ့ ဆရာ့ကဗျာထဲက အခင်းအကျင်းတွေအားလုံးက သူတို့ရှင်ပြုတဲ့အခါကျ
တော့ ဆရာ့ ကဗျာထဲကအတိုင်းပဲ လုပ်တယ်။ ဆိုကြပါစို့ ဗမာမှာက ရှင်ပြုတဲ့အချိန်မှာ ကိုယ့်သား
သမီးရဲ့ဆံပင်ဟာ မြေကြီး ပေါ်မကျအောင် ပိတ်ဖြူကို မိဘနှစ်ပါးက ကိုင်ပြီး ခံရတယ်။ ဒါပေမဲ့
သူတို့မှာ လက်တွေမရှိတော့ ဘယ်လိုဆံချမလဲဆိုတာကို ဆရာက စိတ်ကူးထဲကနေ ဖန်တီးလိုက်
တယ်။ သား၊ သမီးတွေရဲ့ ဆံကေသာ မြေမကျရအောင် ပိတ်ဖြူစကို ပါးစပ်နဲ့ နှုတ်ခမ်းနဲ့ တင်းတင်း
ကိုက်ပြီး ဆံချတယ်လို့ ရေးလိုက်တယ်။ အဲဒီအတိုင်းပဲ အနာကြီးရောဂါသည်တွေက သူတို့သား
သမီးတွေကို ရှင်ပြုတဲ့အခါ အဲဒီအတိုင်းပဲ ဆံချကြတယ်"လို့လည်း ပြောပါတယ်။
ကဗျာဆရာ မောင်သွေးသစ်ဟာ ၁၉၆၂ ခုနှစ်ထုတ် ကာနယ်ဇင်းမဂ္ဂဇင်းမှာ 'ယုံကြည်ချက်' ကဗျာ
ကနေ အစပြုပြီး စာပေလောကထဲကို ၀င်ရောက်လာခဲ့သူဖြစ်ပါတယ်။
ဂျာနယ်၊ မဂ္ဂဇင်းတော်တော်များများမှာ အယ်ဒီတာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခုလက်ရှိမှာတော့
မြန်မာတိုင်း(မ်)ဂျာနယ်မှာ အကြီးတန်း စာတည်းအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိပါတယ်။
'သာသနာ့တံတိုင်းနဲ့ နံ့သာမြိုင်စခန်း လှခဲ့ပြီ' ကဗျာမှာ စာပိုဒ်ဆယ်ပိုဒ်ပါရှိပြီး အထွတ်အထိပ်နှစ်ပိုဒ်
ကို ဖော်ပြပေးလိုက်ပါတယ်။
'သာသနာ့တံတိုင်းနဲ့ နံ့သာမြိုင်စခန်း လှခဲ့ပြီ'
* ရောဂါသည်...တဲ့လား၊
ဘယ်သူတွေ စံထား ...
သတ်မှတ် သတ်မှတ်
ဘယ်သူတွေ ကံ၊ ကတ္တား ခွဲခွဲ
ဒို့လည်း "လူထဲက လူ" ပဲ
ဒို့က အရေပြားရောဂါနဲ့
ခန္ဓာဗေဒ ၀ဋ်ကြွေးထူသူ
စိတ်သဘောထား၊(နူ)၊သူ..မဟုတ်၊
ဒို့မှာ အလှူဒါန လုပ်ခွင့်ရှိတယ်
ဒို့မှာ နိဗ္ဗာန်ကို မျှော်မှန်းနိုင်ခွင့် ရှိတယ်
ဒို့မှာ တရားနာကြားခွင့် ရှိတယ်
ဒို့မှာ ရေစက်ချခွင့် ရှိတယ်
ဒို့မှာ သာဓုခေါ်ဆိုခွင့် ရှိတယ်
အပါယ်ငရဲတံခါးကို မင်းတုပ်ချ
ပိတ်ဆို့ခွင့် ရှိတယ်။
* ပလုတ်ဗြုန်းရယ်နဲ့
ကြေးစည်သံ ဝေစည်စည်
နေခြည်စောင်းပြီ
ရွှေရည်သွန်းလောင်းဆဲ
ဆံချပွဲမှာ
ဟောဒီ ဆံချပွဲကြီးမှာ
ပိတ်ဖြူလွှာကို
အဖေ...ဘယ်သို့ ကိုင်ရပါ့
ပိတ်ဖြူလွှာကို
အမေ...ဘယ်သို့ ကိုင်ရပါ့
ရုပ်ဘဝနာသူ
အပူရတက်မီး...
လှိုက်ဆို့တက်တယ်
ဟယ် ..တတ်နိုင်ဘူး၊တော်တို့ရေ
ဟယ် ..တတ်နိုင်ဘု၊ဗျာတို့ရေ
သားဆံခွေ မြေမခရအောင်
ဟောဒီချစ်သားလေး ဆံကေ
မြေမကျရအောင်
နှုတ်ခမ်းနှစ်လွှာနဲ့ တင်းတင်း
ဖိကိုက်ထားပါလို့
ဆံချ အခါတော်ကြီးကိုတဲ့
အထမြောက်စေခဲ့တယ်။ ။
















