သမ္မတသစ် ဦးသိန်းစိန် လက်ထက်မတိုင်ခင် စစ်အစိုးရလက်ထက် တစ်လျှောက်လုံးမှာ ပန်းချီဆရာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူတွေသာမကဘဲ နှင်းဆီပန်းတွေ ပန်ဆင်ထားတဲ့ ဘယ်လို အမျိုးသမီးတွေရဲ့ ပုံတူကိုမဆို ပြပွဲတွေမှာ ပြသခွင့် မရရှိခဲ့ကြပါဘူး။
သမ္မတသစ် ဦးသိန်းစိန် လက်ထက်မတိုင်ခင် စစ်အစိုးရလက်ထက် တစ်လျှောက်လုံးမှာ ပန်းချီ
ဆရာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူတွေသာမကဘဲ နှင်းဆီပန်းတွေ ပန်ဆင်ထားတဲ့
ဘယ်လို အမျိုးသမီးတွေရဲ့ ပုံတူကိုမဆို ပြပွဲတွေမှာ ပြသခွင့် မရရှိခဲ့ကြပါဘူး။
ဒါတွေတင်မကဘဲ နှင်းဆီနီ တွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး အရိပ်အမြွက်
ဖော်ပြဖန်တီးတာမျိုးလို့ အထင်ခံရတဲ့ ပန်းချီကားတွေကိုလည်း လူအများထံ ပြသခွင့်ကို ပိတ်ပင်ခဲ့
ကြပါတယ်။
ဒါပေမဲ့ အနုပညာတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့် ရလာပြီဖြစ်တဲ့ ခုလိုမျိုး ကာလမှာတော့
ပန်းချီပညာရှင်တွေဟာ သူတို့ဖန်တီးချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကို တင်ပြခွင့်ရလာ
ကြပြီလို့ဆိုတဲ့ ပန်းချီမြတ်ကျော့က သူပြောတဲ့စကားကို "Making New Myanmar" လို့အမည်
ပေးထားတဲ့ သူ့ရဲ့ (၁၃)ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲနဲ့ သက်သေထူခဲ့ပါတယ်။
ပြပွဲကို ဇွန်လ ၂၂ ရက်ကနေ ၂၄ ရက် နေ့အထိ ယောမင်းကြီးလမ်းထဲက Gallery 65 မှာကျင်းပ
ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆံပင်ပုံစံနဲ့ သူရဲ့ ထင်ရှားတဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ပန်းပန်တဲ့ပုံစံကို
စီးရီးလိုက် ခေတ်ပြိုင်ဟန် ပုံဖော်တင်ဆက်ထားတဲ့ ပန်းချီကားပေါင်း ၃၀ ကို ပရိသတ်နဲ့ မိတ်ဆက်
ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူမျိုးစုံကို contemporary portrait ပုံစံရေးဆွဲထားပြီး သူတို့
ရဲ့ ဆံပင်ပုံစံတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်ပုံစံအတိုင်း ဖန်တီးပေးထားပြီး ပန်းတွေလည်း
ပန်ဆင်ပေးထားပါတယ်။
ပန်းတွေနဲ့ ဝေနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်သူကြီး ဗန္ဓုလဝတ်စုံ နဲ့ ဦးထုပ်ဆင်မြန်းပေးထား
ပြီး မြင်းစီးနေတဲ့ဟန်ကို တစ်ကိုယ်လုံး ရေးဆွဲထားတဲ့ပုံနဲ့ ပန်းတွေနဲ့ ဦးခေါင်းထက်မှာ စစ်ဦးထုပ်
ဆောင်းပေးထားတဲ့ ကိုယ်တစ်ပိုင်းပုံတွေဟာ ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။
ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိပုံဖော်ထားတဲ့ ပန်းချီမြတ်ကျော့ရဲ့ လက်ရာတွေဟာ
ပရိသတ်တွေ ရင်ထဲကို ရောက်ရှိခဲ့ပါတယ်။
"ဗန္ဓုလပုံကို ကြည့်ရင်းနဲ့ အမေစုမျက်နှာကို ကျွန်တော် မြင်လာတယ်။ အမေစုက ယောကျ်ားကြီး
တစ်ယောက်လို မမောနိုင်မပန်းနိုင် လုပ်နေတာကို တွေ့ရပါတယ်။ အဲဒါကို ပြောချင်တဲ့ အတွက်
ကြောင့် ဒီပန်းချီကားလေးဖြစ်လာတာပါ"လို့ ပန်းချီမြတ်ကျော့က ဒေါ်အောင်ဆန်းစုကြည်ကို
ဗန္ဓုလဝတ်စုံနဲ့ ဖန်တီးထားတဲ့ သူ့စိတ်ကူးကို ပြပွဲဖွင့်ပွဲနေ့မှာ ပြောပြခဲ့ပါတယ်။
အခြားပုံတွေထဲကမှ စာရေးသူကို စွဲဆောင်နိုင်တာကတော့ အပေါ်ပိုင်း ကိုယ်လုံးတီးနဲ့ အမျိုးသား
တစ်ယောက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်လို ဆံပင်ပုံစံနဲ့ ပန်းတွေ ပန်ပေးထားတဲ့ပုံပဲ ဖြစ်ပါ
တယ်။ နောက်ထပ်အကြိုက်တွေ့မိတဲ့ ကားတစ်ကားကတော့ နှင်းဆီပန်းတွေနဲ့ ကလေးငယ်တွေရဲ့
ပုံပဲ ဖြစ်ပါတယ်။ အဲဒီကားထဲမှာ အရွယ်စုံကလေးငယ်တွေဟာ မတူညီတဲ့ မျက်နှာ အမူအရာမျိုးစုံ
နဲ့ လက်ပိုက်ရပ်နေကြပြီး သူတို့ရဲ့ နောက်ခံ ပုံရိပ်ကိုလည်း နှင်းဆီပန်းတွေနဲ့ ပုံဖော်ထားပါတယ်။
"စစ်အစိုးရရဲ့ ချုပ်ချယ်မှုအောက်မှာ အကြောက်တရားနဲ့ နေရလာခဲ့ရတော့ ပန်းချီဆရာတွေဟာ
နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖန်တီးတာတွေကို ရှောင်ပြီး ဘာသာရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေနဲ့
တခြားအကြောင်းအရာတွေကို ဖန်တီးခဲ့ကြတယ်။ ဒီတော့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့
အကြောင်းအရာတွေပေါ်မှာ လူမှုရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေနဲ့ အနုပညာရှင်တွေရဲ့ တီထွင်နိုင်မှု
အရည်အချင်းဟာလည်း အားနည်းလာခဲ့ပြီး ပြဿနာကင်းတဲ့ လက်ရာမျိုးတွေကိုသာ ဖန်တီးလာ
ကြတော့တယ်"လို့ ပန်းချီမြတ်ကျော့က ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာစံနှုန်းအရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ contemporary အနုပညာဟာ
နောက်မှာ အတော်လေး ကျန်နေကျန်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
















