ခါးသီးတဲ့ စစ်အတွေ့အကြံုကပဲ ကရင်ပြည်နယ်က ဒုက္ခသည်တွေအတွက် သူတို့မျိုးဆက်သစ်ရဲ့ ပညာရေးကို အလေးထားအားပေးဖို့ ဖြစ်လာကြလေသလား

ခါးသီးတဲ့ စစ်အတွေ့အကြံုကပဲ ကရင်ပြည်နယ်က ဒုက္ခသည်တွေအတွက် သူတို့မျိုးဆက်သစ်ရဲ့ ပညာရေးကို အလေးထားအားပေးဖို့ ဖြစ်လာကြလေသလား

"ငါတို့ မာဘွယ်ဓိုရွာ တစ်ရွာလုံး ၂၀၀၅ ခုနှစ်လောက်က အစိုးရနဲ့ ကေအန်ယူတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ရွာလုံးကျွတ်ကို ပြာပုံဖြစ်ခဲ့တော့ ရွာသားတွေအကုန်လုံး နီးစပ်ရာ တောတွေထဲ ပြေးလွှားတိမ်းရှောင်ခဲ့ရတာပေါ့" လို့ အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ နော်အေးဝေဖောက သူတို့မိသားစုရဲ့ အသစ်စက်စက် ...

"ငါတို့ မာဘွယ်ဓိုရွာ တစ်ရွာလုံး ၂၀၀၅ ခုနှစ်လောက်က အစိုးရနဲ့ ကေအန်ယူတပ်တွေရဲ့ တိုက်ပွဲ
တွေကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ရွာလုံးကျွတ်ကို ပြာပုံဖြစ်ခဲ့တော့ ရွာသားတွေအကုန်လုံး
နီးစပ်ရာ တောတွေထဲ ပြေးလွှားတိမ်းရှောင်ခဲ့ရတာပေါ့" လို့ အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့
နော်အေးဝေဖောက သူတို့မိသားစုရဲ့ အသစ်စက်စက် အိမ်ကလေးပေါ်မှာ ထိုင်နေရင်း ပြောပါတယ်။

သူ့မိသားစုအပါအဝင် တစ်ရွာတည်းသားတွေဟာ ကရင်ပြည်နယ်အတွင်းက တောတောင်တွေဆီ
မှာ ငါးနှစ်နီးပါး လှည့်လည် နေထိုင်ပြီးတဲ့နောက်မှာတော့ ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်
အစပ်က ရွာငယ် ဇနပုဒ်တွေဆီကို ရွှေ့ပြောင်းခိုလှုံခဲ့ကြပါတယ်။

"ပြီးခဲ့တဲ့ သုံး၊ လေးနှစ်လောက်က စပြီး တိုက်ပွဲတွေလည်း နည်းလာတော့ ရွာသားတချို့က ရွာကို
ပြန်ပြီး ကိုယ်ပိုင်တဲ့ ဥယျာဉ်ခြံကွက်လေးတွေကို ပြန်ဖော်၊ အသီးအရွက်လေးတွေ စိုက်ဖြစ်ကြတယ်။
ဒါပေမဲ့ တိုက်ပွဲမဖြစ်ဘူးလို့ ဘာအာမခံချက်မှ မရှိတော့ ရွာကို ပြန်နေဖို့ စိတ်မကူးကြဘူး"လို့
နော်အေးဝေဖောက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်မှာ ကရင်ပြည်နယ် သောက်ရေခပ်ချောင်း တစ်လျှောက်က ဖာဝယ်ဓိုးခို၊
လယ်ခိုဓိုးခို၊ သော့ခေါ်ဖော၊ စောလိုခို၊ ကဓာခီး စတဲ့ ရွာ ၁၆ ရွာ ဟာ ပြည်တွင်းစစ်ဒဏ်ကို လှိမ့်ခံခဲ့
ကြရပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရကာ ရွာသူရွာသားတွေဟာ တောတွင်းနေရာအနှံ့
ရွှေ့ ပြောင်း နေထိုင်ခဲ့ကြရပါတယ်။

"ရွာစွန်တွေမှာရှိတဲ့ အိမ်တချို့ကို တောင်းပန်ပြီး သူတို့ပိုင်တဲ့ ခြံဝင်းထဲမှာ တဲထိုး နေခဲ့ကြတယ်။
ယောကျ်ားကတော့ အရင်ရွာဟောင်းကို ပြန်ပြီး ကိုယ်ပိုင်တဲ့ မြေယာတွေကို ပြန်ရှင်း၊ ဖာလာလို
ဈေးကောင်းရတဲ့ အပင်တွေကို စိုက်တယ်။ တစ်နှစ်ပတ်လုံး ကုန်သည်တွေဆီက ပိုက်ဆံအတိုးနဲ့
ကြိုသုံးထားပြီး ဖာလာသီးခူးချိန်ရောက်မှ ရသမျှကို အကုန်ပေးပြီး အကြွေးချေလိုက်တယ်"လို့
အိမ်ခြေရာမဲ့အဖြစ် ရှင်သန်နေထိုင်ကြရပုံကို နော်အေးဝေဖောက ပြောပြပါတယ်။

ခင်ပွန်းယောကျ်ားတွေက ရွာပြန်၊ စိုက်ပျိုးပြီး ၀င်ငွေရှာကြပေမယ့် အိမ်ထောင်ရှင်မ ဇနီးတွေ
ကတော့ သားသမီးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် တည်းခိုနေထိုင်ရာ အိမ်တွေမှာပဲ
ကျန်ရစ်တတ်ကြပါတယ်။

"ကလေးတွေကို ဒီသံတောင်ကြီး မြို့မှာရှိတဲ့ မူလတန်းကျောင်းမှာပဲ ကျောင်းထားတာဆိုတော့
ယောကျ်ားနဲ့ ရွာကို လိုက်မပြန်တော့ဘူး။ ကလေးတွေရဲ့ ကျောင်းစရိတ်ကလည်း ကုန်ကျတော့
ရာသီပေါ်အသီးအနှံတွေနဲ့ မလောက်ရင် ယောကျ်ားက ချောင်းထဲမှာ ငါးရှာပြီး ငါးပိလုပ်ရောင်း
တယ်။ နောက်ပြီး ကွမ်းသီးကောက် ရောင်းတယ်"လို့ နော်အေးဝေဖောက ပြောပါတယ်။

အခုချိန်မှာတော့ အဖျက်ဆီးခံရတဲ့ ရွာ ၁၆ ရွာက ခိုကိုးရာမဲ့ ရွာသူရွာသား တွေအတွက် ဒုက္ခသည်
စခန်းအဖြစ် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်ကြီးမြို့မှာ 'သာစည်ကုန်း' လို့ ရွာလေး
တည်ပြီး နေအိမ် ၂၅ လုံးကို နော်ဝေနိုင်ငံအခြေစိုက် ဒုက္ခသည်များ ဆိုင်ရာကောင်စီရဲ့ ဦးစီးမှုနဲ့
ဆောက်လုပ်နေရာချထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်မိသာစုတွေဟာ ရာချီပြီး ရှိနေတာကြောင့် အိမ် ၂၅ လုံးဟာ ဆင်ပါးစပ်ကို
နှမ်းပက်သလို အဖြစ်မျိုးကို ကြံုတွေ့နေရပါတယ်။

"မနှစ်ကတော့ လူတချို့နဲ့ ဖာသာကြီး ဦးဆောင်ပြီး နေစရာမရှိတဲ့ သူတွေကို စာရင်းကောက်ပြီး
အိမ်တွေ၊ နေရာချထားပေးတယ်။ အခု အိမ်လေးနဲ့ နေရတာ လေးငါးလလောက်တော့ ရှိပြီ။
ကလေးတွေ ကျောင်းတက်ဖို့ မပူရတာကို ၀မ်းအသာဆုံးပဲ"လို့ အိမ်နံပါတ်(၄)မှာ နေထိုင်တဲ့
နော်အေးဝေဖောက ပြောပါတယ်။

အသက် ရ၃ နှစ်အရွယ် ကရင်အမျိုး သမီးကြီး ဒေါ်နော်ဓားအီကလည်း တစ်ယောက်နဲ့တစ်ယောက်
ဆက်သွယ်ဖို့ မြန်မာစကားနဲ့ မြန်မာစာတတ်ဖို့ လိုပြီး ပညာရေးက အရေးကြီးတယ်လို့ ထောက်ခံ
ပါတယ်။

"ငါ့မှာ မြေးတွေ အများကြီးရှိတယ်။ သူတို့ကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ပညာတတ်မှ
ကိုယ်တွေလို ဘဝတွေနဲ့ မပင်ပန်းတော့မှာ။ သား သမီးတွေ အလှည့်တုန်းကတော့ စစ်ကြောင့်
ပြေးလွှားနေရတာနဲ့ပဲ စာသင်ပေးဖို့ အခွင့်မရခဲ့ဘူး"လို့ တစ်ချိန်က သောက်ရေခပ်ချောင်းနံဘေးမှာ
ရှိခဲ့ဖူးတဲ့ 'သယ်ယာယူ'ရွာမှ ရွာသူ ဒေါ်နော်ဓါးအီက ပြောပါတယ်။

သူနဲ့ သူ့ခင်ပွန်း ဦးကယ်လယ်က ၂၀၀၃ ခုနှစ် ၀န်းကျင်က ရွာပျက်ခဲ့တာကြောင့် တောထဲကို
ရွှေ့ပြောင်းနေထိုင်ရင်း နောက်ဆုံးမှာ 'သာစည်ကုန်း' ဒုက္ခသည်စခန်းမှာ နေရာချထားခံရတဲ့
ဘိုးဘွားမောင်နှံပဲ ဖြစ်ပါတယ်။

"အခု နေစရာအတွက် မပူရတော့ဘူးဆိုတော့ စားစရာအတွက် ပူရပြန်ရော။ ငါတို့ကို အလှူရှင်
နည်းနည်းပါးပါး လောက်ပဲ လာလှူကြတော့ အဘိုးကြီးနဲ့ တိုင်ပင်ပြီး သမီးပို့ပေးတဲ့ ကြက်ကလေး
တွေ မွေးထားတယ်။ သူတို့ကြီးလာရင် စားမယ်လေ။ ငါ့မြေးတွေကိုတော့ ဒီလိုအလှူရှင်တွေကို
မျှော်ရတဲ့ ဒုက္ခ၊ ငတ်ပြတ်တဲ့ဒဏ်တွေကို မခံစားစေချင်တော့ဘူး။ ဒါကြောင့် သူတို့ကို ဘယ်လို
အခြေအနေပဲဖြစ်ဖြစ် ကျောင်းထားပေးပြီး စာသင်ဖို့သမီးကို ပြောနေရတယ်"လို့ သား၊သမီး ငါးဦး
မွေးထားတဲ့ ဒေါ်နော်ဓါးအီက ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ဦးကယ်လယ်ဟာ သူတို့တောထဲမှာ နေထိုင်ခဲ့စဉ်က အဖျားဒဏ်ကို အပြင်းအထန်
ခံစားခဲ့ရတာကြောင့် ဆွံ့အသွားခဲ့ရပြီး အခုချိန်မှာတော့ သူတို့ နှစ်ယောက်လုံးအတွက်
လတ်တလော ဖြစ်ချင်တဲ့ ဆန္ဒနဲ့ အနာဂတ်အိပ်မက်တွေပါ ပျောက်နေပြီလို့ ဆိုပါတယ်။

"အသက်က ကြီးလာပြီဆိုတော့ ငါတို့ ခြေကျင်လျှောက်ရင် နှစ်ရက်လောက် လျှောက်ရတဲ့ရွာကို
မပြန်နိုင်တော့ဘူး။ အပင်မစိုက်နိုင်တော့ ၀င်ငွေ မရှိဘူး။ သမီးတို့မိသားစုက တစ်ခါတလေ
ဆန်လေး၊ ဆားလေး လာပေးပေမယ့် သူတို့လည်း ဒုက္ခ ရောက်နေတဲ့ သူတွေပဲလေ။ အမြဲတမ်း
တော့ ဘယ်တတ်နိုင်ပါ့မလဲ" လို့ ဒေါ်နော်ဓားအီက ပြောပါတယ်။

ခါးသီးစရာ ကောင်းတဲ့ ပြည်တွင်း စစ်ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့သူ ပီပီ ဒေါ်နော်ဓါးအီက
သူ့အတွေ့အကြံုတွေကိုလည်း ပြန်ပြောင်း ပြောပြပါတယ်။

သူတို့ရဲ့ ရွာဟောင်းလေးဖြစ်တဲ့ 'သယ်ယာယူ'ရွာမှာ နေစဉ်အချိန်တုန်းက စစ်သားနဲ့ သူပုန် တွေ့ပြီ
ဆိုတာနဲ့ အပြေးအလွှား ပုန်းခဲ့ကြရပြီး နောက်ဆုံး ရွာကို ပြာကျတဲ့အထိ မီးရှို့ ခံခဲ့ရတာကြောင့်
လက်လျှော့ပြီး အပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

"အဲဒီအချိန်တွေ တုန်းကတော့ ကြောက်လွန်းလို့ ပြေးစရာမြေ မရှိခဲ့ဘူး။ စစ်သားနဲ့ သူပုန်ဆိုရင်
တွေ့ဖို့ မဆိုထားနဲ့ အသံကြားရုံနဲ့ ပြေးပုန်းကြခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ သူတို့ကို မကြောက်
တော့ဘူး။ ကိုယ်တွေနဲ့လည်း သူငယ်ချင်းလို ဖြစ်နေပါပြီ"လို့ ဒေါ်နော်ဓါးအီက ပြောပါတယ်။

"အခုချိန်မှာ တောထဲမှာ ဘယ်စစ်သားနဲ့ပဲ တွေ့တွေ့ အဖီး(အဘွား)တို့ကို နှုတ်ဆက်တယ်။ မုန့်ဖိုးနဲ့
အစားအစာ နည်းနည်းပါးပါးလည်း ပေးတတ်ကြတော့ သူတို့နဲ့တွေ့တဲ့ အချိန်ဆိုရင် ပျော်တောင်
လာတယ်"လို့ သူက ဆက်ပြောပါတယ်။

သံတောင်ကြီး မြို့စွန်က စိုက်ပျိုးရေး ခြံတစ်ခုထဲမှာ အကူအညီတောင်းပြီး နေထိုင်နေရတဲ့ ကလေး
ငါးယောက် မိခင် မအေးအေးအောင်ကလည်း သူ့ကလေးတွေ ပညာရေးအတွက် ဒုက္ခသည်စခန်း
က နေအိမ်တစ်အိမ်မှာ နေထိုင်ခွင့်ရအောင် စခန်းကော်မတီ အတွင်းရေးမှူးဆီ စာတင်ထားတယ်လို့
ဆိုပါတယ်။

"အစ်မယောကျ်ားနဲ့ အစ်မက တောထဲမှာ ဖာလာစိုက်ကြပြီး ကလေးတွေကိုတော့ အခု ခြံရှင်
မိသားစုဆီမှာပဲ အပ်ထားခဲ့ရတယ်။ သမီးအကြီးဆုံးက အခု နှစ်တန်း ရောက်နေပြီ။ ကလေးတွေကို
သူများနဲ့ ထားထားခဲ့ရတာ စိတ်မချပေမယ့် သူတို့တွေအကုန်လုံးကို ကျောင်းထားမှာဆိုတော့
ကြိုးစားပြီး ပိုက်ဆံရှာရတယ်။ အခု ဒုက္ခသည်စခန်းမှာ နေချင်တယ် ဆိုတာကလည်း ကျောင်းနဲ့
နီးလို့ပါ"လို့ မအေးအေးအောင်က ပြောပါတယ်။

သူက တောထဲမှာ ရွှေ့ပြောင်းနေထိုင်ရတာထက် ဒုက္ခသည်စခန်းမှာ နေထိုင်ခွင့်ရမယ်ဆိုရင် သူတို့
ဘဝ ပိုပြီး လုံခြံုစိတ်ချသွားမယ်လို့လည်း မျှော်လင့်ထားသူ ဖြစ်ပါတယ်။

"နောက် ကလေးတစ်ယောက်ကိုလည်း ဒီနှစ် ကျောင်းပို့ရမှာဆိုတော့ ယောကျ်ားနဲ့ တောထဲ
မလိုက်တော့ဘူး။ ၀င်ငွေလျော့ပြီး အလှူရှင်တွေရဲ့ ထောက်ပံ့ငွေကိုပဲ မျှော်စားရမယ် ဆိုပေမယ့်
ဒါကလေးတွေရဲ့ ပညာရေးအတွက်ပဲလေ"လို့ မအေးအေးအောင် ကပြောပြီး "သူများ ပေးကမ်းတာ
နဲ့ စားသောက်ရမယ်ဆိုတာ တွေးကြည့်ရုံ နဲ့တောင် ပင်ပန်းပေမယ့် အစ်မကလေး တွေရဲ့ဘဝက
ပိုအရေးကြီးပါတယ်။ တောထဲမှာနေရင် အချင်းချင်း ပြန်သင်ရုံနဲ့ စာရေးတတ် ဖတ်တတ်ရုံပဲ ရမှာ"
လို့ ဆက်ပြောပါတယ်။

သူက ဒုက္ခသည်စခန်းတွင်း အိမ်သစ်တွေ မကြာခင်မှာ ဆောက်လုပ်တော့မယ်လို့ ကြားနေရတာ
ကြောင့် ပျော်ရွှင်နေတယ်လို့လည်းဆိုပါတယ်။

"အခု ဟိုဘက် တောင်တစ်ကြောကို ရှင်းထားတာ အစ်မတို့အတွက် အိမ်သစ်တွေ ဆောက်ဖို့လို့
ကြားတာပဲ။ နေခွင့်သာ ရရင်တော့ ယောကျ်ား တောထဲသွားလည်း အစ်မ ကလေးတွေ နဲ့ ဒီမှာပဲ
နေရစ်ခဲ့မှာ"လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းရဲ့ အတွင်းရေးမှူး ဦးနေသန်းကတော့ အိမ်သစ်ဆောက်ဖို့ အစီအစဉ်မရှိသေးဘဲ
လတ်တလောမှာ သောက်သုံးရေနဲ့ စခန်းတွင်း စာသင်ကျောင်းဆောက်လုပ်ရန်သာ ပြင်ဆင်နေ
တယ်လို့ ပြောပါတယ်။

'သာစည်ကုန်း' ဒုက္ခသည်းစခန်း ရွာလေးကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်း အစိုးရပိုင်
စိုက်ပျိုးရေးမြေ ပေါ်မှာ ဆောက်လုပ်ထားတာ ဖြစ်ပြီး နော်ဝေနိုင်ငံအခြေစိုက် ဒုက္ခသည်များဆိုင်ရာ
ကောင်စီ (အင်န်အာရ်စီ)က ထောက်ပံ့မှုတွေ ပေးတယ်လို့ သိရပါတယ်။

စခန်းတွင်းမှာ တစ်လုံးကို ကျပ် ၂၇ သိန်းတန် သစ်သားအိမ် ၂၅ လုံး ဆောက်လုပ်ထားပြီးဖြစ်ပေ
မယ့် နေရာချဖို့ ဒုက္ခသည်မိသားစု ၂၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဦးနေသန်းက ပြောပါတယ်။

"အင်န်အာရ်စီက တာဝန်ရှိသူတွေက ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ဒီအိမ်တွေမှာ နေရာချထားဖို့
တချို့ကို ရွေးထုတ်ခဲ့ပါတယ်။ နေရာချပေးတဲ့ မိသားစုအရေအတွက်က အရမ်းနည်းနေပေမယ့်
နောက်ထပ်ကူညီဖို့လည်း ဘတ်ဂျက်က မရှိတော့ပါဘူး။ ဒါကြောင့် အလှူရှင်တွေနဲ့လည်းတွေ့ဖို့
စီစဉ်နေပါတယ်"လို့ သူကဆိုပါတယ်။

စခန်းတွင်းနေထိုင်သူတွေရဲ့ အဓိကဦးစားပေးကတော့ ပညာရေးဖြစ်ပြီး ကလေးရှိတဲ့ အိမ်တိုင်းလိုလို
ကလေးတွေကို ကျောင်းပို့ကြတယ်လို့လည်း သူက ပြောပါတယ်။

"ပညာရေးကို အရင်ကထက်စာရင် သူတို့ အများကြီး စိတ်ဝင်စားလာကြတယ်။ ပညာတတ်ဖြစ်မှ
လူရာဝင်မယ်လို့လည်း ခံစားမိလာကြတယ်။ အပြင်က ကျောင်းတွေက လစဉ်ကြေးအပါအဝင်
ကုန်ကျစရိတ်တွေကို သာမန်မိသားစုတွေနဲ့ တစ်ပြေးတည်း တောင်းတော့ သူတို့လည်း မတတ်နိုင်
ကြဘူးလေ။ ဒါကြောင့် စခန်းတွင်း ကျောင်းဆောက်ဖို့ စီစဉ်တာပါ"လို့ ဦးနေသန်းက ပြောပါတယ်။

လာမယ့် စာသင်နှစ်အမီ ကျောင်းဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် သေးပေမယ့် ဒုက္ခသည်
တွေရော စခန်း တာဝန်ရှိသူတွေကပါ ကလေးငယ်တွေ ကျောင်းတက် စာသင်ယူနိုင်ဖို့ကို အလေး
ထားပြင်ဆင်နေကြတာကြောင့် ဒီရင်သွေးငယ်တွေဟာ ကရင်ပြည်နယ်ကြီး အေးချမ်းပြီး ဖွံ့ဖြိုး
တိုးတက်ဖို့ အတွက် သူတို့ရဲ့ မျှော်လင့်ချက် အလင်းရောင်တစ်ခုပဲ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး