မိုဘိုင်းဖုန်းက ထွက်ပေါ်လာတဲ့ သံစဉ်နဲ့အပြိုင် "အဲဒါ အမေ့ဖုန်းပဲ။ မြန်မြန်လုပ်၊ ငါ ..စည်းဝေးခန်းထဲမှာလို့ ပြောလိုက်။ ဒီကိုရောက်နေတာ အမေ မသိစေနဲ့"လို့ အခန်းထဲမှာ အမျိုးသားတစ်ယောက်က အလန့်တကြားနဲ့ အော်လိုက်ပါတယ်။
မိုဘိုင်းဖုန်းက ထွက်ပေါ်လာတဲ့ သံစဉ်နဲ့အပြိုင် "အဲဒါ အမေ့ဖုန်းပဲ။ မြန်မြန်လုပ်၊ ငါ ..စည်းဝေးခန်း
ထဲမှာလို့ ပြောလိုက်။ ဒီကိုရောက်နေတာ အမေ မသိစေနဲ့"လို့ အခန်းထဲမှာ အမျိုးသားတစ်ယောက်
က အလန့်တကြားနဲ့ အော်လိုက်ပါတယ်။
ကျွန်မတို့ ရောက်နေတဲ့ နေရာကတော့ အလုံမြို့နယ်မှာ တည်ရှိတဲ့ Mandalay Ink ဆိုတဲ့
တက်တူးထိုး ခန်းထဲမှာပါ။
ပက်လက်ကုလားထိုင်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ ကျောမှာ တက်တူး အထိုးခံနေတဲ့
အမျိုးသားရဲ့ မျက်နှာကတော့ နာလို့ ရှုံ့မဲ့နေပါတယ်။
ဒါပေမဲ့ ဖုန်းမြည်သံကြားတဲ့အခါ သူ့ပုံကြည့်ရတာ နာတာထက် ကြောက်လန့်တကြား ဖြစ်နေတဲ့
ပုံပေါ်နေပါတယ်။
သူ့ကျောမှာ ထိုးနေတဲ့ တက်တူးပုံက အကွေ့အကောက်တွေ ပါတဲ့အတွက် ဖြည်းဖြည်းချင်း
အနုစိတ်ဆွဲနေရတာမို့ တက်တူးထိုးတဲ့ စက်ရဲ့အသံက တိုးသွားလိုက် ကျယ်သွားလိုက်နဲ့ သံစဉ်
အနိမ့်အမြင့်နဲ့ သွားနေပါတယ်။
"အပြင်ထွက်ပြောပါကွ။ စက်သံကို အမေကြားသွားဦးမယ်"လို့ တက်တူး အထိုးခံနေတဲ့သူက
သူ့အစား ဖုန်းနားထောင်ပေးနေတဲ့ သူငယ်ချင်းကို လှမ်းအော်လိုက်ပါတယ်။
တက်တူးအထိုးခံနေတဲ့ သူကတော့ ကြော်ငြာဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၃၁ နှစ်
အရွယ် ကိုချမ်းသာဦး ဆိုတဲ့သူပါ။
တက်တူး ထိုးတာကို အရူးအမူး နှစ်သက်ပြီး တက်တူးထိုးစက်အသံကို ကြားတာနဲ့တင် အလကား
နေရင်း နောက်ထပ်ပုံတွေ ထပ်ထိုးချင်နေတတ်တယ်လို့ ဆိုပါတယ်။
"သူငယ်ချင်းတွေ တက်တူးထိုးသွားတဲ့အခါ အဖော်အဖြစ်ပဲ လိုက်သွားတယ်ဆိုပေမယ့် ကျွန်တော်
လည်း နောက်ထပ်တစ်ပုံလောက် ထပ်ထိုးချင် စိတ်ဖြစ်လာတယ်"လို့ သူက ပြောပါတယ်။
"ပထမဦးဆုံး ညာဘက်လက်မောင်း အပေါ်ပိုင်းမှာ တက်တူးတစ်ပုံ ထိုးလိုက်တယ်။ နောက်တော့
လက်မောင်းအတွင်းပိုင်းမှာ တစ်ပုံထပ်ထိုး ဖြစ်တယ်။ အဲဒီပုံကနေ ရင်ဘတ်ပိုင်းကို ဆက်ပြီးထိုးဖြစ်
သွားတယ်။ အခုတော့ ကျောမှာ ထပ်ထိုးတာပေါ့။ ကျွန်တော်က တက်တူးထိုးတာ အရမ်း ၀ါသနာ
ပါတယ်"လို့လည်း ဆက်ပြောပါတယ်။
ဒါပေမဲ့ သူက လက်မောင်းကနေ လက်ဖျံတစ်လျှောက်ကိုတော့ တက်တူး မထိုးပါဘူးတဲ့။ လက်မှာ
တက်တူး ထိုးထားတာကိုတွေ့ရင် တချို့က တစ်မျိုး မြင်တတ်တာမို့ သူ့အလုပ်သဘောအရ အလုပ်
လာအပ်တဲ့သူတွေ မကောင်းမြင်သွားနိုင်တာကြောင့် ခုလို ရှောင်ထားရတာလို့ ကိုချမ်းသာဦးက
ပြောပါတယ်
မြန်မာလူငယ်တွေကြားမှာ တက်တူးထိုးတာ ရေပန်းစားလာပေမယ့် လူကြီး သူမတွေ အများစု
ကတော့ မနှစ်သက်ကြတာကြောင့် တက်တူးထိုးထားတဲ့ လူငယ်တွေခမျာ သူတို့တက်တူးကို
သိပ်ပြီး လူမြင်လူထင် မပြရဲကြပါဘူး။
အထူးသဖြင့် မိဘဘိုးဘွားတွေရှေ့မှာပါ။ ဒါပေမဲ့ အခုတော့ အမြင်တွေ ပြောင်းလဲလာနေတာကို
ရန်ကုန်မှာ တက်တူးဆိုင်တွေ တဖြည်းဖြည်းများပြားလာနေပြီး အောင်မြင်မှုတွေလည်း ရနေကြ
တာက သက်သေပြနေပါတယ်။
ကိုချမ်းသာဦးဟာ တက်တူးထိုး ဆရာ ကိုတွတ်ပီနဲ့ ပန်းချီပြပွဲတစ်ခုမှာ လွန်ခဲ့တဲ့တစ်နှစ်လောက်က
စပြီးသိခဲ့ကြတာပါ။
ကိုတွတ်ပီက ရန်ကုန်နဲ့ မန္တလေး နှစ်နေရာခွဲပြီး တက်တူးထိုး ပေးနေတဲ့အတွက် သူ့ဆီမှာ တက်တူး
ထိုးချင်ရင် သုံးလလောက် ကြိုတင်ပြီး ဘွတ်ကင်ယူရပါတယ်။
သူအခုလို ခပ်စောစော တက်တူးထိုးခွင့်ရတာဟာ သူအရမ်း ကံကောင်းလွန်းလို့သာရတာလို့
ကိုချမ်းသာဦးက ပြောပါတယ်။
"တစ်ယောက်ယောက်က ချိန်းထားပြီးမှ မလာဖြစ်တော့တဲ့အတွက် ခုလို နှစ်ပတ်လောက်ပဲ စောင့်
လိုက်ရတာပါ။ ကိုတွတ်ပီဆီမှာ တက်တူးထိုးဖို့ အတွက် ပုံမှန်ဆို သုံးလလောက် စောင့်ရပါတယ်"
လို့ ပြောပြပါတယ်။
ကိုတွတ်ပီကတော့ အပြင်ထွက်လည်း အမြဲ စွပ်ကျယ်လက်ပြတ် ၀တ်တတ်ပေမယ့် သူ့အလုပ်
သဘောအရ လက်ဖျံမှာ တက်တူးထိုးထားလည်း စိတ်ပူစရာ မရှိပါဘူး။ သူ့လက် မောင်းမှာရော၊
လက်ဖျံမှာပါ တက်တူးတွေ ထိုးထားပါတယ်။ တက်တူးတွေနဲ့ သူ့ပုံစံက ခံ့ခံ့ထည်ထည်ကြီး ဖြစ်နေ
ပေမယ့် သူက စကားပြောညင်သာပြီး အနက်ရောင်ကိုင်းနဲ့ မျက်မှန်ထူထူ ကြီးကလည်း တပ်ထား
ပါသေးတယ်။
"ကျွန်တော့် အသက် ၁၉ နှစ်လောက်မှာ ၀ါးတံလေးနဲ့ ထိုးတဲ့ တိုင်းရင်းသားရိုးရာ ဆေးမှင်ကြောင်
ထိုးနည်းကို လေ့လာခဲ့ပါတယ်။ နောက်တော့ အရောင်သုံးတာတွေကို စိတ်ဝင်စားလာခဲ့ပြီး
အခုခေတ် တက်တူးထိုးနည်း ပညာတွေကို ကျွန်တော် စိတ်ဝင်စားသွားပါတယ်"လို့ ကိုတွတ်ပီက
ပြောပါတယ်။
သူ့ရဲ့ အနောက်တိုင်းစတိုင် တက်တူး ထိုးကွက်တွေဟာ သူ့ဟာသူ ကိုယ်တိုင် လေ့လာသင်ယူခဲ့
ရတာပါလို့လည်း ပြောပါတယ်။
စာအုပ်တွေဖတ်ပြီး ပုံစံတွေနဲ့ နည်းပညာတွေကို လေ့လာခဲ့သလို တက်တူးထိုးစက် တပ်ဆင်
အသုံးပြုပုံကိုလည်း စာတွေဖတ်ပြီး နားလည်သဘောပေါက်ခဲ့တာလို့လည်း ဆိုပါတယ်။
"၀ါးနဲ့ ဆေးမင်ကြောင်ထိုးတဲ့ နည်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ အနောက်တိုင်း
နည်းကို စမ်းကြည့်ချင်တာနဲ့ သူငယ်ချင်းဆီက တက်တူးထိုးစက်ကို ခဏ ငှားခဲ့ပါတယ်"လို့ သူက
ပြောပါတယ်။
"ရေးဟန်တွေ ပြောင်းလဲသွားပြီး ကျွန်တော်ဆွဲနိုင်တဲ့ ပုံတွေလည်း အနုစိတ် လက်ရာမြောက်လာ
ပါတယ်" လို့လည်း ဆက်ပြောလိုက်ပါသေးတယ်။
သူ တက်တူးထိုးတဲ့ပုံစံက သက်ရှိပုံ တွေရဲ့ ပုံကြမ်းကောက်ကြောင်းကို အရင်ဆွဲပြီးမှ လိုသလို
ဖြည့်ပြီးရေးတဲ့ ရေးဟန်မျိုးပဲ ဖြစ်ပါတယ်။
ကိုချမ်းသာဦးက ဒီလို ရေးဆွဲနည်းမျိုးကို ကြိုက်သလို ဒီရေးဆွဲနည်းဟာ ကိုတွတ်ပီကို အခုလို
နာမည်ကြီးစေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။
"ဒီလိုရေးဆွဲတဲ့နည်းက လူတွေအတွက်တော့ ထူးခြားပါတယ်။ တကယ်တော့ ဒီလိုဆွဲတဲ့နည်းက
လက်တန်း ဆွဲတဲ့ပုံတွေထက် အမှားနည်းပါတယ်။ တကယ်လို့ တစ်ခုခု ချော်သွားတာမျိုး ဖြစ်သွား
ရင်လည်း အလွယ်တကူ ပြန်ပြင်နိုင်ပါတယ်"လို့ ကိုတွတ်ပီက ပြောပါတယ်။

ကိုချမ်းသာဦး တစ်ယောက် သူ့ဆိုင်မှာ တက်တူးထိုးဖြစ်သွားစေတဲ့ နောက်ထပ်အချက် တစ်ချက်
ကတော့ သန့်ရှင်းမှုနဲ့ ရောဂါဘေးကင်းရေးမှာ အဆင့်အတန်းမီတာကြောင့်ပဲ ဖြစ်ပါတယ်။
"ကိုတွတ်ပီဆီမှာ ကျွန်တော် တက်တူး သွားမထိုးဖြစ်ခင် ကျွန်တော့် သူငယ်ချင်းတစ်ယောက်
တက်တူးသွားထိုးတာကို လိုက်ကြည့်ဖြစ်ပါတယ်။ သူ့ အလုပ်ခန်းမှာ အားလုံးက သန့်ရှင်းပြီး
ရောဂါမကူးစက်အောင်လည်း ကာကွယ်မှုတွေ အများကြီး လုပ်ပေးထားတာ တွေ့ရပါတယ်။
ဒါကြောင့် ကျွန်တော်လည်း စိတ်ချလက်ချနဲ့ တက်တူးထိုးဖြစ်သွားတာပါ"လို့ ကိုချမ်းသာဦးက
ပြောပါတယ်။
"လူတိုင်းကို အပ်အသစ်နဲ့ပဲ ထိုးပေးပြီး ဆေးလည်းအသစ်ပဲ သုံးပါတယ်။ ဒါကြောင့် ဒီမှာ တက်တူး
ထိုးဖို့ ကျွန်တော် ဆုံးဖြတ်ဖြစ်သွားပါတယ်။ ပြီးတော့ သူက နာမည်ကြီးပြီး စိတ်ချရပါတယ်"
လို့လည်း ဆိုပါတယ်။
အမှန်တကယ်လည်း ကိုတွတ်ပီရဲ့ အလုပ်ခန်းက တကယ့်ကို အပြစ်ပြော စရာမရှိပါဘူး။ တက်တူး
ထိုးပေးနေတဲ့ နေရာနားမှာ ဆေးလိပ်သောက်ခွင့်လည်း မရှိပါဘူး။ သူက တင်းတင်းကျပ်ကျပ်
တားမြစ်ထားပါတယ်။ ကြမ်းပြင်တွေ၊ နံရံတွေမှာဆိုရင်လည်း ဆေးကွက်တွေ စွန်းနေတာမျိုး
မရှိပါဘူး။
ဆေးမင်ကြောင်ထိုးတဲ့ မှင်တွေကို အမေရိကန်နိုင်ငံကနေ မှာပြီး အပ်တွေကတော့ တရုတ်နိုင်ငံက
မှာထားတာတွေပါ။
ပြီးတော့ ဆေးတွေ၊ အပ်တွေကို တစ်ယောက်အတွက် သုံးပြီးရင် နောက်ထပ်လူအတွက် ထပ်မသုံး
ပါဘူး။ ဖောက်သည်တွေက သူ့ရဲ့လက်ရာကို ယုံကြည်မှု ရှိကြပါတယ်။ သူ့ဆီမှာ ဘေးကင်းစိတ်ချ
ရတယ်ဆိုတာကို သိလို့ သူတို့ နောက်ထပ် လာထိုးဖြစ်ကြတာပါလို့လည်း ကိုတွတ်ပီက ပြောပါ
တယ်။
ဟုတ်ပါတယ်။ တက်တူးထိုးတာ ရေပန်းစားလာတာနဲ့အမျှ တက်တူးထိုးခန်းတွေဟာ
ရောဂါဘေးကင်းရေးကို ပိုပြီး သတိထားလာကြပါတယ်။ သူ့ဆီမှာ တက်တူးလာထိုးသူတွေနဲ့
ပတ်သက်ပြီး မေးကြည့်တဲ့အခါ နာမည်ကျော် အနုပညာရှင်တွေနဲ့ပတ်သက်ပြီး မဖြေပေမယ့်
သူ့ဆီမှာ တက်တူးထိုးဖို့ တန်းစီစာရင်းပေးထားတဲ့ သူတွေထဲမှာ ယောက်ျားလေးတွေချည်းပဲ
မဟုတ်ဘဲ၊ မိန်းကလေးတွေလည်း၊ တော်တော်များပါတယ်လို့ ပြောပြပါတယ်။
မိန်းကလေး တော်တော်များများ တက်တူးထိုးလာကြတယ်ဆိုတဲ့ အချက်ကို လက်မောင်းမှာ
တက်တူးထိုးထားတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ မဖြူသဇင်စိုးက သက်သေပြနေ
ပါတယ်။
သူလည်းပဲ တခြားနေရာမှာ တက်တူးထိုးဆိုင်ဖွင့်ထားပြီး သူ့ဆီမှာလည်း တက်တူးထိုးခံဖို့ စောင့်နေ
တဲ့သူတွေ အများကြီး ရှိပါတယ်။
"ကျွန်မဆီမှာ တက်တူးလာထိုးတဲ့ သူ အများဆုံးကတော့ မိန်းကလေးတွေပါ"လို့ မဖြူသဇင်စိုးက
ပြောပါတယ်။
"သူတို့နဲ့အတူ သူတို့ချစ်သူတွေလည်း ဆိုင်ကိုပါလာတော့ သူတို့လည်း ကျွန်မဆီမှာ တက်တူးထိုး
ဖြစ်သွားကြပါတယ်။ ကျွန်မဆိုင်မှာ မိန်းကလေးတွေကိုပဲ တက်တူးထိုးပေးမယ်လို့ မသတ်မှတ်ထား
ပါဘူး"လို့လည်း ပြောပါတယ်။
ရှက်တတ်ပြီး သိမ်မွေ့ပုံရတဲ့ မဖြူသဇင်စိုးက သူ့သူငယ်ချင်းတွေ တက်တူးထိုးဖို့ သွားတုန်းက
အဖော်လိုက်ရင်းနဲ့ သူလည်း တက်တူးထိုးချင်သွားတယ်လို့ ပြောပြပါတယ်။
အဲဒီကမှ တစ်ဆင့် ကိုယ်ပိုင်ဆိုင် ဖွင့်ချင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ တက်တူးထိုးပေးတဲ့သူ
ဖြစ်ချင်တယ်ဆိုတာကို ကိုယ်တိုင်သိလာတဲ့အခါ Myanmar Ink Tattoo Studio က တက်တူး
ဆရာ ရိုးသစ်နွယ်ဆီမှာ တက်တူးထိုး နည်းတွေ သွားသင်ခဲ့ပါတယ်။
အဲဒါက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ။ "ဆရာ့ကြောင့်သာ မဟုတ်ရင် ကျွန်မလည်း တက်တူးထိုး
တဲ့သူ ဖြစ်လာမှာ မဟုတ်ပါဘူး။ တက်တူးထိုးတဲ့ ပညာရပ်ကတော့ မြန်မာနိုင်ငံမှာ မိန်းကလေး
တစ်ယောက် သင်ဖို့ မလွယ်ကူတဲ့ ပညာရပ်မျိုးပါ။ ဆရာက စိတ်ရှည်ပါတယ်"လို့ မဖြူသဇင်စိုးက
ပြောပါတယ်။
ဒါပေမဲ့ သူတက်တူးထိုးနည်း သွားသင်မှာကို သူ့မိဘတွေကတော့ သဘောမတူခဲ့ကြပါဘူး။
"တက်တူးထိုးပညာကို အမေတို့က ပေးမသင်တော့ လူကြီးတွေ မသိအောင် အိမ်က ခိုးထွက်ပြီး
ဆရာ့ အိမ်မှာသွားသင်ပါတယ်။ တစ်ခါတလေ အတန်းပျက်သွားတာမျိုး ရှိပါတယ်။ နောက်တော့
လည်း သူတို့ တတ်နိုင်သလောက် ကျွန်မကို ကူညီပေးကြပါတယ်"လို့ ပြောပြပါတယ်။
မဖြူသဇင်စိုးဟာ သူ့ကိုယ်ပိုင်ဆိုင် မဖွင့်ဖြစ်သေးခင်မှာ Myanmar Ink မှာ တစ်နှစ်လောက်
အလုပ်လုပ်ခဲ့ပါတယ်။
အခုတော့ တောင်ဥက္ကလာက သူ့မိဘတွေအိမ်မှာ ကိုယ်ပိုင် တက်တူးထိုးခန်းလေး ဖွင့်ထားပါတယ်။
အလုပ်ခန်းကို အနက်ရောင်သုံးပြီး ပြင်ဆင်ထားပါတယ်။ အခန်းလေးက သန့်သန့် ရှင်းရှင်း၊
သပ်သပ်ရပ်ရပ်ရှိပြီး တက်တူးထိုးရာမှာ သုံးတဲ့ပစ္စည်းတွေကိုလည်း စနစ်တကျ ထားသိုထားပါ
တယ်။
တက်တူးထိုးတဲ့သူတွေ ရောဂါပိုး မကူးစက်အောင် တစ်ခါသုံးအပ်ကို အသုံးပြုတဲ့ ကိုတွတ်ပီနဲ့
မဖြူသဇင်စိုးတို့ရဲ့ စည်းကမ်းလေးကို ကျွန်မလည်း သဘောကျမိပါတယ်။
အလုပ်သစ်တစ်ခုကို စလုပ်တဲ့သူတိုင်း စိတ်ဖိစီးမှုရှိကြသလို မဖြူသဇင်စိုးလည်းပဲ အစပိုင်းမှာတော့
သူ့ကိုယ်သူ ယုံကြည်မှု မရှိသေးတဲ့အတွက် အမှားလုပ်မိမှာကို စိတ်ပူပန်ခဲ့တယ်လို့ ပြောပြပါတယ်။
"တက်တူးထိုးတာက အမှားမခံတော့ အစပိုင်းမှာ ကျွန်မ စိတ်ပူနေမိပါတယ်။ ဒါပေမဲ့ အခုတော့
မကြောက်တော့ပါဘူး။ အခု ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပါပြီ"လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ခုချိန်ထိ သူဆွဲပေးနေရတဲ့ ပုံတွေက သူ့အကြိုက်တွေ မဟုတ်ဘူးလို့ ဆိုပါတယ်။
"ကျွန်မက အရင်ခေတ်က တက်တူးပုံမျိုးတွေကို ကြိုက်ပေမယ့် အဲဒါမျိုးတွေကို ထိုးပေးဖို့ ကျွန်မကို
ဘယ်သူကမှ မပြောပါဘူး။ သူတို့အကြိုက်ပုံတွေပဲ ထိုးပေးနေရပါတယ်"လို့ မဖြူသဇင်စိုးက ပြောပါ
တယ်။
ဘာပဲဖြစ်ဖြစ် သူကတော့ တက်တူးလာထိုးတဲ့သူတွေကို သူတတ်နိုင်သလောက် အကောင်းဆုံး
ထိုးပေးနေပါတယ်။
ဒါကြောင့်လည်း သူအခုလို အောင်မြင်နေတာပါ။ "လူတိုင်းကတော့ ကိုယ်လုပ်ချင်တဲ့ အရာကိုပဲ
လုပ်ချင်ကြပါတယ်။ ဒီအလုပ်ကလည်း ကျွန်မနှစ်သက်တဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ်လုပ်ရတာ
ပျော်ပါတယ်။ တခြားသူတွေ ဘယ်လိုထင်ထင် ကျွန်မ ဂရုမစိုက်ပါဘူး"လို့လည်း သူက ပြောပါ
တယ်။
ဒါကြောင့် တက်တူးထိုးခံနေတဲ့ အချိန်မှာ အမေ့ဆီက ဖုန်းလာလို့ ကြောက်လန့်တကြား ဖြစ်သွား
တတ်သူမျိုးတွေ အတွက်ပဲဖြစ်ဖြစ်၊ မဖြူသဇင်စိုးလို ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်
လုပ်ခွင့်ရသွားတဲ့ သူမျိုးအတွက်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းလေးကတော့ တစ်ယောက်ယောက်ရဲ့ စရိုက်မှန်
ကို ဖော်ပြနိုင်ဖို့ ယုံကြည်မှုရှိစေတဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လွင်မာထွန်း ဖြည့်စွက်ရေးသားသည်။
သီရိမင်းထွန်း ဘာသာပြန်သည်။
















