ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အနေနဲ့ ကျင်းပမယ့် အနုပညာဖျော်ဖြေပွဲကြီး ကို ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အနေနဲ့ ကျင်းပမယ့် အနုပညာဖျော်ဖြေပွဲကြီး ကို ဇူလိုင် ၂၇ ရက်နဲ့
၂၈ ရက်တွေမှာ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲကြီးကို ဦးဆောင်စီစဉ်သူက တော့ စွယ်စုံရအနုပညာရှင် ဇာဂနာ (ဦးသူရ) ဖြစ်ပြီး သဘင်၊ ဂီတ၊
စာပေနဲ့ ရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာရှင်တွေလည်း ပါ၀င်တင်ဆက်ကြမှာ ဖြစ်ပါတယ်။
"ကျွန်တော်ရယ်၊ ဒေါက်တာ ကျော်ရန်နိုင် ရယ်၊ ကိုအောင်နိုင်ဦးတို့ သုံးယောက်က ဒီလိုမျိုး
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ပွဲ လုပ်ချင်နေတာ လွန်ခဲ့တဲ့ လေးငါးလလောက်ကတည်းကပါ။ အခုလို
နိုင်ငံရဲ့ အကူးအပြောင်းကာလမှာ ပြဿနာပေါင်းစုံ ပေါ်လာတတ်တယ်။ ပြဿနာအားလုံးရဲ့
အရင်းခံကို ကြည့်ရင် လိုအပ်ချက်က ငြိမ်းချမ်းရေးပါပဲ။ ရခိုင်မှာမှ၊ ကချင်မှာမှ ငြိမ်းချမ်းရေး မရှိတာ
မဟုတ်ပါဘူး။ ရန်ကုန်မှာရော၊ မန္တလေးမှာပါ မရှိပါဘူး။ ဒါကြောင့် ဒီလိုမျိုးအချိန်မှာ ငြိမ်းချမ်းရေးကို
ဂရုတစိုက် သတိတရရှိစေဖို့ ဒီပွဲကို လုပ်ရခြင်းဖြစ်ပါတယ်။ အားလုံး တညီတညွတ်တည်း ဖြစ်သွား
အောင်လို့ အနုပညာနယ်ပယ်အသီးသီးကိုလည်း ကူညီခိုင်းထားပါတယ်" လို့ ပွဲကျင်းပရတဲ့
ရည်ရွယ်ချက်ကို ဇာဂနာက ပြောပြပါတယ်။
ပွဲအစီအစဉ်ကို အပိုင်းလေးပိုင်း ခွဲခြားထားပြီး ကဗျာရွတ်ပွဲ၊ ရုပ်ရှင် အသိုင်းအဝိုင်းမှ တင်ဆက်မယ့်
ပြဇာတ်၊ တေးဂီတနဲ့ အော်ပရာအစီအစဉ်များ၊ ဂီတနယ်ပယ်မှလည်း ဂီတအမျိုးအစား စုံစုံလင်လင်
နဲ့ ငြိမ်းချမ်းရေးကို ဖော်ကျူးမယ့် သီချင်းအသစ်တွေကို တင်ဆက်သွားမှာဖြစ်တဲ့အပြင် မြန်မာ့ဇာတ်
သဘင်ကဏ္ဍကိုလည်း ထည့်သွင်း တင်ဆက်ထားတယ်လို့ သိရပါတယ်။
စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ ကာတွန်းပြပွဲ၊ ပန်းချီ၊ ပန်းပုပြပွဲတွေ၊ ငြိမ်းချမ်းရေးနဲ့
ဆက်စပ်တဲ့ တိုင်းရင်းသားရိုးရာ ပစ္စည်းအရောင်းဆိုင်တွေကိုပါ ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါ
တယ်။
"ဂီတပိုင်းမှာလည်း ဂီတအမျိုးအစား စုံသွားအောင် MHA (Myanmar Hip Hop Association)
ကိုလည်း အကူအညီတောင်းထားတာ သူတို့ဘက်က သီချင်းအသစ် လေးပုဒ်နဲ့ ကူညီပေးသွား
မှာပါ။ ပွဲအတွက် ပြင်ဆင်စရာ ရှိတာတွေအားလုံးကို အကြမ်းသဘောအားဖြင့် စီစဉ်ပြီးပါပြီ"လို့
ပွဲအတွက် ပြင်ဆင်ထားတာတွေကို ဇာဂနာကပြောပြပါတယ်။
ရန်ပုံငွေပွဲအတွက် ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)နဲ့ ပြဇာတ်တိုက်ဖို့ ပြင်ဆင်နေတဲ့
ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ (ဦး)လူမင်း ကလည်း ငြိမ်းချမ်းရေးအတွက် ကျင်းပမယ့် ပွဲနဲ့ပတ်သက်ပြီး
"နိုင်ငံတစ်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ငြိမ်းချမ်းရေးဆိုတာ အရေးကြီးပါ
တယ်။ ငြိမ်းချမ်းမှ တည်တည်ငြိမ်ငြိမ် နေထိုင်လို့ရမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ အနုပညာရှင်
တွေကလည်း ၀ိုင်းဝန်း ကူညီကြမယ်လို့ ယုံကြည်ပါတယ်။ ကမ်းလာတဲ့ လက်တွေကို ပုတ်ချ၊
ဆုတ်ခွာရမယ့် အချိန်မဟုတ်တဲ့အတွက် အားလုံးက ကူညီပေးကြပါ"လို့ ပြောကြားခဲ့ပါတယ်။
ပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ငြိမ်းချမ်းရေးအတွက် လိုအပ် မယ့် နေရာတွေကို လှူဒါန်း
သွားမှာ ဖြစ်ပါတယ်။















