တစ်ဦးတစ်ယောက်ကြောင့် တစ်လောကလုံးကို သိမ်းကျုံး မပြောစေချင်ဘူးလို့ ရုပ်ရှင် ဒါရိုက်တာနှစ်ဦး ပြောကြားပြီ

တစ်ဦးတစ်ယောက်ကြောင့် တစ်လောကလုံးကို သိမ်းကျုံး မပြောစေချင်ဘူးလို့ ရုပ်ရှင် ဒါရိုက်တာနှစ်ဦး ပြောကြားပြီ

ခုတလောမှာ အမှုပွေလွန်းလှတဲ့ မင်းသား ရဲတိုက်တစ်ယောက် ဇူလိုင်လ ၄ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့မှာ မူးယစ်ဆေးဝါးမှုနဲ့ အထိန်းသိမ်းခံခဲ့ရတဲ့ သတင်းဟာ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သတင်းတစ်ပုဒ် ဖြစ်နေပါတယ်။

ခုတလောမှာ အမှုပွေလွန်းလှတဲ့ မင်းသား ရဲတိုက်တစ်ယောက် ဇူလိုင်လ ၄ ရက်နေ့က ပဲခူးတိုင်း၊
ကျောက်တံခါးမြို့မှာ မူးယစ်ဆေးဝါးမှုနဲ့ အထိန်းသိမ်းခံခဲ့ရတဲ့ သတင်းဟာ လူတိုင်းပါးစပ်ဖျားမှာ
ရေပန်းစားတဲ့ သတင်းတစ်ပုဒ် ဖြစ်နေပါတယ်။

ဒီသတင်း ထွက်လာပြီးတဲ့နောက်မှာ 'အနုပညာရှင်တွေထဲက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို
မြန်မာနိုင်ငံ မူးယစ် အထူးနှိမ်နင်းရေးတပ်ဖွဲ့က အရပ်ဝတ်နဲ့ စောင့်ကြည့်နေတယ်' ဆိုတဲ့ သတင်း
တစ်ပုဒ်ကိုလည်း ၀က်ဘ်ဆိုက်တစ်ခုကနေ ဖော်ပြခဲ့တာကြောင့် အဲဒါကလည်း လူပြောများတဲ့
သတင်းဖြစ်နေပြန်ပါတယ်။

အနုပညာရှင်တွေနဲ့ မူးယစ်ဆေးဝါး ပတ်သက်မှုက ကမ္ဘာမှာ လူသိရှင်ကြား ပြစ်မှုတွေအဖြစ်
မကြာခဏ ကြားသိနေရသလို မြန်မာနိုင်ငံမှာလည်း လတ်တလော ပရိသတ်စိတ်ဝင်စားခံရဆုံး
သတင်းတွေထဲက တစ်ခုဖြစ်နေတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။

"ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်တဲ့ လင်ဆေးလိုဟန်တို့လို မူးယစ်ဆေးသုံးစွဲသူတွေရဲ့ သတင်း
တွေက သိပ်မထူးဆန်းတော့ပေမယ့် ကိုယ့်မြန်မာ နိုင်ငံအတွင်းမှာကျတော့ ဒါက အထူးအဆန်း
ကိစ္စလို ဖြစ်နေတယ်။ ဒါကလည်း အနုပညာရှင်ဆိုတာ လူအများ စိတ်ဝင်စားပြီး အားကျခံရတဲ့သူ
ဆိုတော့ သာမန်လူတွေနဲ့မတူဘဲ သူတို့ ဘာလုပ်လုပ်ထင်ရှားနေကြလို့ပါ"လို့ ပြောပါတယ်။

"ဒါပေမဲ့ အနုပညာတစ်ခု ဖြစ်ပေါ်ဖို့ အတွက် မူးယစ်ဆေးဝါးပေါ်မှာ မမှီခိုဘဲ သီးသန့်ရပ်တည်နိုင်မှ
အနုပညာသမားကောင်းတစ်ယောက် ဖြစ်ပါလိမ့်မယ်"လို့လည်း သူက ဆက်ပြောပါတယ်။

အနုပညာရှင်တွေနဲ့ မူးယစ်ဆေးဝါးကို ပူးတွဲသိမ်းကျုံး ဖော်ပြတာဟာ အရိုးစွဲနေတဲ့ မြန်မာတွေရဲ့
အကျင့်လို ဖြစ်နေတာကြောင့် မူးယစ်ဆေးမသုံးတဲ့ အနုပညာရှင်တွေအနေနဲ့လည်း နစ်နာရပါတယ်
လို့လည်း ဆိုပါတယ်။

"ဒီလို သိမ်းကျုံးပြောကြတာက အကျင့်လိုဖြစ်နေပြီ။ မူးယစ်ဆေးမပြောနဲ့ စပွန်ဆာရှာတဲ့ကိစ္စ
တောင် အပြင်မှာ တစ်လောကလုံး လုပ်နေကြပေမယ့် အနုပညာရှင်တွေထဲက ရှိတဲ့တစ်ယောက်၊
နှစ်ယောက်လုပ်တာနဲ့ ပုတ်ခတ်ရေးသား ပြောဆိုကြတာပါပဲ။ တကယ် သီးသီးသန့်သန့်နဲ့
နာမည်ပျက် မရှိတဲ့ ခိုင်သင်းကြည်တို့၊ မေသ ဉ္ဇာဦးတို့၊ မို့မို့မြင့်အောင်တို့လို လူတွေတောင် ရမ်းသန်း
အပြောခံရတာပါ။ ဒီတော့ အခု မူးယစ်ဆေးကိစ္စနဲ့ပတ်သက်ပြီး ခြေမ မကောင်းခြေမ၊ လက်မ
မကောင်းလက်မ သီးသန့်ပဲ ပြောစေချင်ပါတယ်"လို့ မောင်မျိုးမင်းက ပြောပါတယ်။

ဒါရိုက်တာ ၀ုိင်းကလည်း အနုပညာရှင်တွေအားလုံးအပေါ် ပရိသတ်အထင်မှားလောက်တဲ့
သိမ်းကျုံးပြောဆို စွပ်စွဲရေးသားမှုမျိုးတွေ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

"အနုပညာသည်လည်း လူပါပဲ။ ပြီးတော့ မူးယစ်ဆေးဝါးကို အနုပညာသည်တစ်မျိုးတည်းက
သုံးတာမဟုတ်ဘဲ သုံးချင်တဲ့သူတိုင်းက သုံးကြတာပါ။ ပြီးတော့ အနုပညာသည်တွေထဲမှာ မူးယစ်
ဆေးဝါးမသုံးတဲ့ သူတွေလည်း တစ်ပုံကြီးပါပဲ။ ဒီတော့ ခွဲခွဲခြားခြား မပြောဘဲ အနုပညာရှင်နဲ့ မူးယစ်
ဆေးဝါးကို ပူးတွဲပြောဆိုတာတွေအတွက်တော့ လက်မခံနိုင်ပါဘူး"လို့ ပြောပါတယ်။

အရပ်ဝတ် ၀တ်ဆင်ပြီး အနုပညာရှင်တွေထဲမှာ ဖြစ်ပေါ်နေတဲ့ မူးယစ် ဆေးဝါး ပြဿနာတွေကို
ဖော်ထုတ်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒါရိုက်တာဝိုင်းက "အနုပညာရှင်
ဆိုတာ မြန်မာနိုင်ငံသားပါပဲ။ လူသားထဲက လူသားတစ်ယောက်ပါပဲ။ ဒီတော့ ကျွန်တော်တို့
အနုပညာရှင်တွေနောက်ကို တကောက်ကောက်လိုက်မယ့်အစား မူးယစ်ဆေးအများဆုံး ထွက်နေ
တဲ့ ရှမ်းပြည်နယ်က ဘိန်းခင်းတွေဆီကို သွားပြီး ထိထိရောက်ရောက် အရေးယူသင့်ပါတယ်"လို့
ဆိုပါတယ်။

ဒါရိုက်တာမောင်မျိုးမင်းက သုံးစွဲသူတွေအပြင် ရောင်းဝယ်ဖြန့်ဖြူးသူပါ ထိထိရောက်ရောက်
အရေးယူသင့်တယ်လို့ ပြောဆိုပါတယ်။

"အခုက 'ကုလားမနိုင် ရခိုင်မဲ'ဆိုတဲ့ စကားပုံလိုတောင် ဖြစ်နေပြီ။ မူးယစ် ဆေးဝါးတွေ ဘယ်နေရာ
မှာ အလွယ်တကူရနိုင်တယ်ဆိုတာ ခုခေတ်လူငယ်တွေ တော်တော်သိကြတော့ အဲဒီနေရာတွေကို
အဓိက မဖမ်းကြဘူးလားဆိုတာ မေးစရာပါပဲ"လို့လည်း မေးခွန်းထုတ် လိုက်ပါတယ်။

သူက လတ်တလော အထိန်းသိမ်းခံထားရတဲ့ မင်းသားရဲတိုက်အပေါ်မှာတော့ အနုပညာရှင်
တစ်ယောက်အနေနဲ့ အလွန်နှမြောတယ်လို့ ပြောပါတယ်။

"ရဲတိုက်က သရုပ်ဆောင် အရမ်းကောင်းတယ်။ ပြီးတော့ ဒီလိုနေရာကို လွယ်လွယ်နဲ့ ရောက်လာ
တာမဟုတ်ဘူး။ သူကိုယ်တိုင် ကြိုးစားလွန်းလို့ အောင်မြင်မှုတွေ ရလာတာ။ ဒါပေမဲ့ သူ မဆင်ခြင်
ဘူး။ သူ့ကို အရမ်းနှမြောတယ်"လို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။

ဒါရိုက်တာ ၀ိုင်းကတော့ "ဟာကွာ.. မိုက်လိုက်တာ"လို့ ရဲတိုက်အပေါ် သူ့ခံစားချက်ကို မချိတင်ကဲ
ရေရွတ်လိုက်ပါတယ်။

ဧရာဝတီဝက်ဘ်ဆိုက်ရဲ့ ရဲတိုက်သတင်းမှာတော့ သရုပ်ဆောင်ရဲတိုက်ကို စင်တင်ပေးခဲ့သူလို့ ဆိုနိုင်
တဲ့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ရဲတိုက်နဲ့ ဆက်ပြီး လက်တွဲသွားမယ်လို့ ရေးသားထားပါ
တယ်။

"သူနဲ့ လက်တွဲခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းက စခဲ့တာပါ။ ဆက်လက် လက်မတွဲတော့ဘူး ဆိုတာ
လည်း မဟုတ်ပါဘူး။ လက်ရှိကတော့ တစ်ကား ကျန်နေပါသေးတယ်"လို့ ဆာတိုရီ ရုပ်ရှင်
ထုတ်လုပ်ရေးမှ ကိုမျိုးဇော်က ဧရာဝတီကို ပြောထားပါတယ်။

ရဲတိုက်ဟာ ပြီးခဲ့တဲ့ မေလထဲမှာလည်း ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီ ဘုရားကျောင်းဝင်းထဲမှာ
တစ်ကိုယ်တော် ဆန္ဒပြသမှုကြောင့် ထိန်းသိမ်းခံခဲ့ရပြီး အာမခံနဲ့ နေထိုင်ရာက ခုလိုမျိုး ပြဿနာ
ထပ်ကြံုရတာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး