ခွင့်ပြုချက်မတောင်းလို့ တိုင်တန်းခံရတဲ့ ယာဉ်ထိန်းရဲရဲ့ကကွက်ဆန်းနဲ့ ဗီတာမင်စီကြော်ငြာ

ခွင့်ပြုချက်မတောင်းလို့ တိုင်တန်းခံရတဲ့ ယာဉ်ထိန်းရဲရဲ့ကကွက်ဆန်းနဲ့ ဗီတာမင်စီကြော်ငြာ

ကြော်ငြာရိုက်ကူးရာမှာ ယာဉ်ထိန်းရဲဝတ်စုံကို ခွင့်ပြုချက်မရှိဘဲ ၀တ်ဆင် အသုံးပြုခဲ့တာကြောင့် ကြော်ငြာပစ္စည်းကုမ္ပဏီ၊ ရိုက်ကူးသူဒါရိုက်တာနဲ့ ပါ၀င်သရုပ်ဆောင်သူတွေကို ကျောက်တံတားမြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကြော်ငြာရိုက်ကူးရာမှာ ယာဉ်ထိန်းရဲဝတ်စုံကို ခွင့်ပြုချက်မရှိဘဲ ၀တ်ဆင် အသုံးပြုခဲ့တာကြောင့်
ကြော်ငြာပစ္စည်းကုမ္ပဏီ၊ ရိုက်ကူးသူ ဒါရိုက်တာနဲ့ ပါ၀င်သရုပ်ဆောင်သူတွေကို ကျောက်တံတား
မြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Mango ကုမ္ပဏီမှ တင်သွင်းဖြန့်ချိတဲ့ ဗိုက်တာမင်စီ ကြော်ငြာကို ဒါရိုက်တာ ဇော်ကိုကိုက ပြီးခဲ့တဲ့
ဇူလိုင်လ ၁၃ ရက်နေ့၊ မနက် ၉ နာရီခွဲက အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းဆုံရှိ မီးပွိုင့်
လမ်းဆုံလမ်းခွမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး Dancer မင်းမင်းထွန်းက ယာဉ်ထိန်းရဲဝတ်စုံဝတ်ဆင်ကာ
မိုက်ကယ်ဂျက်ဆင်အကကို ကပြသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တခြားပါ၀င်ကြတဲ့ သရုပ်ဆောင်တွေကတော့ Bobby Soxer၊ ရှိုင်းဝေယံ၊ M ဆိုင်းလူနဲ့ ဆန်းတိုးနိုင်
တို့ဘဲ ဖြစ်ကြပါတယ်။

ရိုက်ကူးနေတဲ့ ကြော်ငြာတစ်ပိုင်းတစဟာ ဗီဒီယိုအဖြစ် 'ယာဉ်ထိန်းရဲရဲ့ကကွက်ဆန်း' ခေါင်းစဉ်နဲ့
အင်တာနက်ပေါ် ရောက်ရှိသွားတာကြောင့် ချက်ချင်းဆိုသလို လူအများကြားမှာ ရေပန်းစားတဲ့
ဗီဒီယိုတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ဒီအတွက်ကြောင့် ယာဉ်ထိန်းရဲ ၀တ်စုံကို ခွင့်ပြုချက်မရှိဘဲ ၀တ်ဆင်အသုံးပြုမှုနဲ့ အမှတ် (၆)၊
ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှုး (ရန်ကုန်) ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှုးသာဌေးက 'ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်
အယောင်ဆောင်၍ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်မှု' နဲ့ ကျောက်တံတားရဲစခန်းမှာ တရားလို
ပြုလုပ်ပြီး တိုင်တန်းထားတယ်လို့ သိရပါတယ်။

တိုင်တန်းမှုကြောင့် ာညေါသ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်သက်ခိုင်၊ ဒါရိုက်တာ ဇော်ကိုကိုနဲ့
သရုပ်ဆောင် မင်းမင်းထွန်းတို့ကို ကျောက်တံတားမြို့မရဲစခန်းက (ပ) ၂၄၄/၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ ၁၇၁/၅၀၀/၁၁၄ နဲ့ ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ ညနေပိုင်းမှာဘဲ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့လည်း
သိရပါတယ်။

"ဒီကြော်ငြာကို mango စီစဉ်တာပါ။ ပြည့်ပြည့်စုံစုံလေး ကြည့်မယ်ဆိုရင် ခိုင်ခိုင်မာမာ စနစ်တကျ
ရိုက်ကူးထားတဲ့ ကြော်ငြာပုံစံကို တွေ့ရမှာပါ။ ယာဉ်ထိန်းရဲ တစ်ယောက်အနေနဲ့ နေပူမရှောင် မိုးရွာ
မရှောင် ယာဉ်သွားယာဉ်လာ အဆင်ပြေအောင် ပင်ပန်းစွာ လုပ်ဆောင်ရတာတွေကို အပြုသဘော
ဆောင်တဲ့ ပုံစံနဲ့ လုပ်ထားတာပါ။ တမင်တကာ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ အဲဒီနေ့က
ပထမဆုံး scence စရိုက်တာကို လမ်းသွားလမ်းလာ တစ်ယောက်က ရိုက်ပြီးတော့ အင်တာနက်
ပေါ် တင်လိုက်တာပါ။ အွန်လိုင်းပေါ်က ခေါင်းစဉ်နဲ့ တစိတ်တပိုင်းက အဓိပ္ပာယ်တစ်မျိုးသက်ရောက်
သွားတာကြောင့် နားလည်မှုလွဲသွားတဲ့သဘောပါပဲ"လို့ ဒါရိုက်တာ ဇော်ကိုကိုက ပြောပါတယ်။

"ရဲဝတ်စုံကို ခွင့်ပြုချက်မရှိဘဲ အယောင်ဆောင်ဝတ်ဆင်ပြီး အသရေဖျက်တယ် ဆိုပြီးတော့ စွဲဆို
ထားတာပါ"လို့လည်း ဆိုပါတယ်။

"ကျွန်တော်အနေနဲ့က ဒီလိုမျိုးသုံးရင် ခွင့်ပြုချက်တောင်းရတယ်ဆိုတာကို မသိဘူး။ ကြော်ငြာ
တစ်ခုရိုက်ရင် ရုပ်ရှင်အစည်းရုံးကို ခွင့်ပြုချက်တင်၊ ရိုက်ကူး၊ ပြီးမှ ဆင်ဆာတင်၊ ပြန်ကြားရေးဌာနကို
တင်ရတယ်၊ အဲဒီကနေ ကျန်တဲ့အဆင့်တွေကို ဆောင်ရွက်ရတယ်။ ပြခွင့်မရရင် မရဘူးလို့ပဲ
နားလည်ထားတာပါ။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ခွင့်ပြုချက်ယူရတယ်ဆိုတာကို သိလိုက်ရတော့
စိတ်လည်းမကောင်းသလို တောင်းလည်းတောင်းပန်ပါတယ်"လို့လည်း ဇော်ကိုကိုက ပြောပါတယ်။

အမှုကို ကျောက်တံတားရဲစခန်းမှာပဲ ဆောင်ရွက်လျှက်ရှိပြီး တရားရုံး မတင်ရသေးဘူးလို့လည်း
ဆိုပါတယ်။

ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးခင်ဇော်(မရမ်းကုန်း)က အဝတ်အစား ၀တ်ဆင်ရုံနဲ့ အယောင်ဆောင်တယ်
လို့ ပြောလို့မရဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာမှာ တော့ ခွင့်ပြုချက်တောင်းခံဖို့တော့ လိုအပ်တာပေါ့လို့ ဆိုပါတယ်။

"ဥပဒေက ၀တ်စုံဝတ်ရုံနဲ့ တနည်းအားဖြင့် ကိုင်ဆောင်ယုံနဲ့ ပြစ်မှုမြောက်တာ မဟုတ်ဘူး။
မြောက်တာက သူ့ကို သူတစ်ပါးက ရဲလို့ထင်ဖို့ လက်ထိပ်တွေ ယူပြတာ ဆိုရင်တော့ တစ်မျိုးပေါ့။
အခုက ၀တ်ဆင်ရုံမျှနဲ့ ပြစ်မှုကျူးလွန်ရာမရောက်ပါဘူး။ ရည်ရွယ်ချက်က ကွာပါတယ်။
ရည်ရွယ်ချက်က ပြစ်မှုကျူးလွန်ဖို့ ဆိုရင်တော့ ပုဒ်မ ၁၇၀ အရ အယောင်ဆောင်မှု ပြစ်မှုမြောက်
တာပေါ့"လို့ ပြောပါတယ်။

"သူ့ရဲ့  intention (ကြံရွယ်ချက်)ကိုက သရုပ်ဆောင်တာ။ သက်ဆိုင်ရာမှာတော့ ခွင့်ပြုချက်
တောင်းဖို့ လိုတာပေါ့။ စစ်သားခန်းရိုက်ရင် စစ်ဘက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းရတယ်၊ ရဲခန်း
ရိုက်ရင် သက်ဆိုင်ရာရဲတပ်ဖွဲ့မှာ ခွင့်ပြုချက်တောင်းရသလိုမျိုးပေါ့။ လွန်လွန်ကျူးကျူးပြင်းထန်တဲ့
ပြစ်မှုကျူးလွန်ခြင်းမျိုး မဟုတ်ပါဘူး။ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားတာပါ"လို့လည်း ဦးခင်ဇော်က
ဆိုပါတယ်။

"အသရေဖျက်မှုဆိုတာ တစ်စုံတစ်ယောစက်ရဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သိကာ ကျဆင်းအောင်ပြုလုပ်
တာ၊ အခုက အဲဒီလိုမဟုတ်ဘူး။ သရုပ်ဆောင်ကြောငြာရိုက်တာ။ ဒါကအသရေဖျက်တာလည်း
မဟုတ်သလို၊ အယောင်ဆောင်တာလည်း မဟုတ်ဘူး။ အယောင်ဆောင်တယ်ဆိုတာက
ရည်ရွယ်ချက်တစ်ခုခုနဲ့ အယောင်ဆောင်တာ။ အဲဒါမှ အမှုမြောက်တာ။ ဒါပေမယ့် အသိတော့ပေး
ရတာပေါ့။ ရည်ရွယ်ချက်က သရုပ်ဆောင်တာဆိုတဲ့အတွက် ကြီးတဲ့အမှုငယ်စေ၊ ငယ်တာ
ပပျောက်စေဆိုပြီး နောက်နောင်မလုပ်ဖို့ ဆိုဆုံးမလုပ်တယ်၊ ခံဝန်ထိုးတယ်ဆို လုံလောက်ပါတယ်။
အကျယ်ကြီးချဲ့ပြီးတော့ အရေးယူလောက်ဖွယ်ရာတော့ မဟုတ်ပါဘူး။ မှားယွင်းချက်က ခွင့်ပြုချက်
မတောင်းတာပါ "လို့လည်း ထပ်ပြောပါတယ်။

တရားလို ပြုလုပ်တိုင်တန်းခဲ့တဲ့ ရဲမှူးသာဌေးကို မြန်မာတိုင်း(မ်)က စာတင်၍တစ်ဖုံ၊ လူကိုယ်တိုင်
တစ်မျိုး သွားရောက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတရာ ပြန်လည်ဖြေကြားတာမျိုး မရရှိ
ခဲ့ပါဘူး။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ (၂) ဖြစ်တဲ့ ဦးအေးကြူလေးကတော့ "ကြောငြာတစ်ခု
ရိုက်ရင် မင်းသား၊ မင်းသမီး၊ ဒါရိုက်တာနဲ့ ရိုက်မယ့်ရက်ကိုပဲ ပေးရတယ်။ ဆက်စပ်အကြောင်းအရာ
တွေကို တင်စရာမလိုပါဘူး။ ရိုက်ပြီးတဲ့အခါ ကျမှသာ ဆင်ဆာအဖွဲ့ကို တင်ရတယ်။ ကျန်တာတွေ
ကတော့ ကြော်ငြာပဲဖြစ်တာကြောင့် မစစ်ဆေးပါဘူး"လို့ ကြော်ငြာရိုက်ကူးရာတွင် ပြုလုပ်ရတဲ့
လိုအပ်ချက်တွေကို ပြောပြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး