ခြင်းခတ်ပညာဟာ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်လာ

ခြင်းခတ်ပညာဟာ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်လာ

ခြင်းဝိုင်းတွေကို အိမ်ရှေ့လမ်းမတွေမှာနဲ့ လမ်းထောင့်တွေမှာ တွေ့မြင်နိုင်ကြပြီး ခတ်ကစားကြသူတွေဟာ ယောကျ်ားသားတွေသာ ဖြစ်ကြပါတယ်။

ခြင်းဝိုင်းတွေကို အိမ်ရှေ့လမ်းမတွေမှာနဲ့ လမ်းထောင့်တွေမှာ တွေ့မြင်နိုင်ကြပြီး ခတ်ကစားကြသူ
တွေဟာ ယောကျ်ားသားတွေသာ ဖြစ်ကြပါတယ်။

အများစုဟာ ၀ါသနာကြောင့်နဲ့ ကျန်းမာရေးအတွက် ခတ်ကစားကြတာ ဖြစ်ပေမယ့် အမျိုးသမီး
ခြင်းခတ် အားကစားသမားတွေလည်း ရှိကြပါတယ်။

သူတို့ကတော့ အလှူမင်္ဂလာပွဲ၊ ဘုရားပွဲနဲ့ ဘုန်းကြီးပျံလို ပွဲမျိုးတွေမှာ ခတ်ကစား ပြသကြသူတွေ
ဖြစ်ကြပါတယ်။

မသူဇာလင်းဟာ ခြင်းလုံးခတ်ပညာ ရှင်တစ်ဦးအနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုရလိမ့်မယ်လို့
သူ့ဘဝ အစောပိုင်းတွေမှာ တစ်ခါမှကို မစဉ်းစားမိခဲ့သူ ဖြစ်ပါတယ်။

"အစ်မရဲ့ အစ်မကို ငယ်ငယ်တုန်းက ခြင်းလုံးဆရာတစ်ယောက်က ခြင်းခိုးသင်ပေးရင်းနဲ့ တတ်သွား
ပြီး ကျွန်မကိုသင်ပေးပါတယ်။ အမဆီက ခြင်းလုံး သင်ရင်းနဲ့ ခြင်းပညာကို စိတ်ဝင်စားပြီး ၀ါသနာ
ပါလာခဲ့ပါတယ်"လို့ ခုဆိုရင် အသက် ၃၀ ကျော်ဖြစ်ပြီဖြစ်တဲ့ မသူဇာလင်းက ပြောပြပါတယ်။

အဲဒီအချိန်မှာ သူ့အသက်က ခုနစ် နှစ်သာ ရှိပါသေးတယ်။

ခြင်းလုံးပညာနဲ့ မိသားစုကို ထောက်ပံ့ပေးနိုင်တယ်ဆိုတာ မယုံကြည်နိုင်စရာပဲလို့လည်းဆိုပါတယ်။

ဒါပေမဲ့ ခုဆိုရင် တကယ်ပဲ သူ့ရဲ့ဝင်ငွေနဲ့ မိသားစုကို အကူအညီပေးနေနိုင်ပြီလို့လည်း ဆိုပါတယ်။

သူ့ရဲ့အစ်မဖြစ်တဲ့ မဖြူဖြူဝင်းက နိုင်ငံတစ်ဝန်းမှာ ကျင်းပခဲ့တဲ့ ခြင်းလုံးပြိုင်ပွဲတွေမှာ ဆုတွေများစွာ
ဆွတ်ခူး နိုင်တဲ့သူဖြစ်ပြီး မျိုးဆက်သစ် အမျိုးသမီး ခြင်းလုံးကစားသူတွေအတွက် နည်းပြအဖြစ်
ဆောင်ရွက်ပေးနေပါတယ်။

"အရင်က အမေက ဈေးရောင်းပါတယ်။ ခုတော့ ညီအစ်မနှစ်ယောက်က ခြင်းလုံးပညာနဲ့ပဲ အသက်
မွေးဝမ်းကျောင်းပြုပြီး မိသားစုကို ထောက်ပံ့ နိုင်တဲ့အထိ ဖြစ်လာတယ်"လို့ ပြောပါတယ်။ ခြင်းခတ်
တဲ့အခါ ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ကို အသုံးပြုရတဲ့အတွက် သက်လုံကောင်းစေတဲ့အပြင် နှလုံး
ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့လည်း မသူဇာလင်းက ဆိုပါသေးတယ်။

မြန်မာခြင်းလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးရဲအောင် က အမျိုးသားတွေသာမကဘဲ
အမျိုးသမီးတွေလည်း ၀ိုင်းခတ်နဲ့ တစ်ပင်တိုင် အလှခတ် ခြင်းလုံးကစားနည်းကို ကစားကြတယ်လို့
ဆိုပါတယ်။

အမျိုးသမီး ၀ိုင်းခတ်မှာ အမျိုးသမီးခြောက်ယောက် သီးသန့် ကစားကြသလို၊ အမျိုးသမီးတစ်ဦးနဲ့
အမျိုးသားငါးဦး ၀ိုင်းဖွဲ့ ခတ်ကစားကြတာလည်း ရှိပါတယ်။

အမျိုးသမီးတစ်ကိုယ်တော်မှာတော့ ခြင်းလုံးကို မီးကွင်း၊ ကြိမ်ကွင်းတွေနဲ့ အလှပြခတ်ကစားကြပါ
တယ်။

"ခြင်းလုံးတစ်လုံးရဲ့ တန်ဖိုးက အားကစားပစ္စည်းအနေနဲ့ အရမ်းအဖိုး ချိုပါတယ်။ ခြင်းလုံးတစ်လုံးကို
၀ယ်ပြီး ခတ်ရင် တစ်လလောက် အေးအေးဆေးဆေး ခတ်လို့ရတယ်။ နေရာကျဉ်းကျဉ်းလေးမှာ
လည်း ကစားလို့ရတယ်။ နှစ်ယောက်တည်းလည်း ကစားနေလို့ ရတယ်။ ခြောက်ယောက်၊ ခုနစ်
ယောက်လည်း ၀ိုင်းဖွဲ့ကစားလို့ ရတယ်။ ခေါင်း၊ ခါး၊ ခြေ၊ လက်ကို အသုံးပြုပြီး ကစားရတဲ့အတွက်
ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်" လို့လည်း ဦးရဲအောင်က ပြောပါတယ်။

ဒါပေမဲ့ မသူဇာလင်းကတော့ ကျောင်းပညာရေးနဲ့ ခြင်းလုံးပညာကို တစ်ပြိုင်နက်တည်း သင်ယူဖို့
အတွက်ကျတော့ ခက်ခဲတယ်လို့ ဆိုပါတယ်။

"ခြင်းပညာက ခက်ခဲနက်နဲတဲ့အတွက် တချို့ဆို ကျောင်းပညာတွေ လစ်ဟင်းတယ်။ စီးပွားရေး
အဆင်ပြေတဲ့ သူကတော့ ကျောင်းပညာလည်းယူ ခြင်းပညာလည်း သင်ပေါ့။ စီးပွားရေး
အဆင်မပြေတဲ့သူကတော့ ကျောင်းပညာကိုဖယ်ပြီး ခြင်းပညာကို သင်ရတယ်။ အစ်မရော၊
ကျွန်မပါ ခြင်းပညာထဲကို ဘဝမြှုပ်နှံပြီး သင်ခဲ့ပါတယ်"လို့ ပြောပြပါတယ်။

ဦးရဲအောင်ကတော့ ခြင်းလုံးဟာ သမိုင်းအထောက်အထားတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၅၀၀
လောက်ကတည်းက ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။

 တစ်ပင်တိုင်ခတ်ကစားနေတဲ့ မသီတာဦး။ သီရိလု/မြန်မာတိုင်း(မ်)

"၁၉၂၆ ခုနှစ်က သရေခေတ္တရာ မြို့ဟောင်းက ရွာလေးတစ်ရွာမှာ စေတီပျက်တစ်ဆူကို တူးဖော်ရင်း
အထဲမှာ ဌာပနာထားတဲ့ ရွှေ၊ ငွေဆင်းတုတွေနဲ့ အတူ ခြင်းလုံးလေး တစ်လုံးကို တူးဖော်တွေ့ရှိခဲ့
ပါတယ်။ အဲဒီပစ္စည်းတွေကို ရှေးဟောင်းသုတေသနက စစ်ဆေးလိုက်တဲ့အခါမှာ ပျူခေတ်က
လက်ရာတွေဆိုပြီး သတ်မှတ်ပါတယ်။ မြန်မာ့ရိုးရာခြင်းလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၅၀၀ ခန့်
ကတည်းက စတင်ရှိနေခဲ့ပြီး မြန်မာ့ရိုးရာ စစ်စစ်ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်"လို့
ပြောပြပါတယ်။

မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ကို ၁၉၅၃ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီး ယခင်က အပျော်တမ်း အားကစား
နည်းဖြစ်တဲ့ မြန်မာ့ရိုးရာ ခြင်းလုံးပညာကို ပိုမိုသက်ဝင်လှုပ်ရှားလာအောင် ခရိုင်ပေါင်းစုံပြိုင်ပွဲတွေကို
ပုံမှန် ကျင်းပပေးခဲ့တယ်လို့လည်း ပြောပြပါတယ်။

ပုံမှန်အားဖြင့် ရိုးရာခတ်နည်းစနစ် နည်းပေါင်း ၃၀ ရှိပြီး ခက်ခဲနက်နဲတာကြောင့် နိုင်ငံတကာမှ
စိတ်ဝင်စားသူများ ပါ၀င်ခတ်ကစားနိုင်အောင် ရည်ရွယ်ပြီး ၂၀၀၉ ခုနှစ်မှစပြီး ခတ်နည်းတွေကို
လည်း လျှော့ချကာ ပိုပြီးတော့လည်း လွယ်ကူအောင် ပြင်ဆင်ခဲ့တယ်လို့လည်း ပြောပြပါတယ်။

"အမျိုးသမီးတွေလည်း ခြင်းလုံး ခတ်ကစားသင့်ပါတယ်။ ကျန်းမာရေးအရသော်လည်းကောင်း၊
ငွေရေးကြေး ရေးအရသော်လည်းကောင်း ခြင်းလုံးကို ခတ်ကစားသင့်ပါတယ်။ မိန်းကလေးအများစု
က သူတို့ရဲ့ ခြင်းလုံး အားကစားက ရတဲ့ဝင်ငွေနဲ့ မိသားစုတွေ ပြန်လုပ်ကျွေး နိုင်တယ်။ ရန်ကုန်မြို့
ကဟိုတယ်တွေမှာ တစ်ပင်တိုင်အလှခတ်နေတဲ့ အမျိုးသမီး ခြင်းလုံးအားကစားသမားတွေက
လက်မလည်အောင် ခတ်နေရပါတယ်" လို့လည်း ဦးရဲအောင်က ပြောပါတယ်။

"စီးပွားရေးပိုင်းကအစ အရမ်းအဆင်ပြေတယ်။ မြောက်ဥက္ကလာက အမျိုးသမီးခြင်းလုံးအားကစား
သမားဆိုသူ ခြင်းလုံး ခတ်ပြီးရလာတဲ့ ချွေးနှဲစာစစ်စစ်နဲ့ ကားတောင် ၀ယ်စီးနေပါပြီ"လို့လည်း
ဆိုပါသေးတယ်။

ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ညစဉ်တိုင်း မြန်မာမှုအစီအစဉ်မှာ တစ်ပင်တိုင်ခြင်း ခတ်ကစား
ပြသပြီး အသက်မွေးဝမ်းကျောင်းပြုနေတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ မသီတာဦးဟာလည်း ခုဆိုရင် သူမရဲ့
လုပ်အားခတွေစုပြီး ကားဝယ်စီးနိုင်ပြီလို့ ဆိုပါတယ်။

"တစ်ချိန်က ခြင်းလုံးခတ်တာဟာ အမျိုးသားတွေရဲ့ အလုပ်ပါလို့ ပြောနေကြပေမယ့်လည်း အခု
နောက်ပိုင်းမှာ အမျိုးသမီးတွေလည်း တော်တော်များများ ခတ်ကစားလာကြပါတယ်။ အမျိုးသမီး
ခြင်းလုံးပညာရှင် အများအပြား ပေါ်ထွက်လာနေပါပြီ" လို့ မသီတာဦးက ဆိုပါတယ်။

ခြင်းလုံးပညာကို သူမရဲ့အဒေါ်ထံ ကနေ အမွေဆက်ခံပြီး သင်ယူခဲ့တာလို့ ဆိုပါတယ်။

သင်ယူစမှာ တိုင်ခြေညီအောင် လေကျင့်ရတဲ့အတွက်ကြောင့် အရမ်းခက်ခဲပြီး ပင်ပန်းခဲ့ရပေမယ့်
နောက်ပိုင်းကျတော့မှ အဆင်ပြေသွားခဲ့တယ်လို့ ပြောပြပါတယ်။

"မီးကွင်းတွေနဲ့ အလှခတ်ပြတဲ့အခါ တစ်ခါတလေမှာ အသားတွေကို မီးလောင်သွားတာမျိုး ကြံုဖူး
တယ်။ တစ်ခါတလေမှာ ဆင့်ထားတဲ့ ဖန်ပုလင်းတွေကနေ ပြုတ်ကျပြီး ခြေထောက်တွေ ရှတာမျိုး
လည်း ကြံုရတယ်။ ဒါပေမဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်နေတာပဲ"လို့လည်း သူမအလုပ်ကို ကျေနပ်
ဟန်နဲ့ ဆိုပါတယ်။

"ခြင်းလုံး ခတ်တတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။ တစ်ပင်တိုင်အလှခတ်တာဟာ
စိတ်တည်ငြိမ်မှု လိုအပ်တဲ့အတွက် အမျိုးသမီးအများစုပဲ ခတ်ကြတာများတယ်။ ဒီသက်မွေးဝမ်း
ကျောင်းမှုတစ်ခုတည်းနဲ့ မိသားစုကိုလည်း ထောက်ပံ့ပေးနိုင်တဲ့အတွက် ဒါကိုပဲ ဇောက်ချ
လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်"လို့ မသီတာဦး က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး