မမေ့အပ်တဲ့ ဇူလိုင် ၁၉ ရက်က 'အာဇာနည်နေ့'

မမေ့အပ်တဲ့ ဇူလိုင် ၁၉ ရက်က 'အာဇာနည်နေ့'

"မှတ်မိသေးတော့သလေ သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ... တို့ ဗိုလ်ချုပ်အောင်ဆန်းလေ... တို ့ဗိုလ်ချုပ်အောင်ဆန်းလေ... ရာဇဝင်သမိုင်းတစ်ခေတ် ဆန်းသစ်လှပေ... ရာဇဝင်သမိုင်းတစ်ခေတ် ဆန်းသစ်လှပေ...တို့ပြည်...(တို့ပြည်) တို့မြေ...(တို့မြေ).. နားမျက်စိတွေဖွင့်လှစ်ခဲ့ပေ...လွတ်လပ်တဲ့ထွတ်မြတ်စံဌာနေ..." ဆိုတဲ့ ကြားရသူကို ...

"မှတ်မိသေးတော့သလေ သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ... တို့ ဗိုလ်ချုပ်အောင်ဆန်းလေ...
တို ့ဗိုလ်ချုပ်အောင်ဆန်းလေ... ရာဇဝင်သမိုင်းတစ်ခေတ် ဆန်းသစ်လှပေ...ရာဇဝင်သမိုင်း
တစ်ခေတ် ဆန်းသစ်လှပေ...တို့ပြည်...(တို့ပြည်) တို့မြေ...(တို့မြေ).. နားမျက်စိတွေ
ဖွင့်လှစ်ခဲ့ပေ...လွတ်လပ်တဲ့ထွတ်မြတ်စံဌာနေ..." ဆိုတဲ့ ကြားရသူကို ဇာတိသွေး၊ ဇာတိမာန်စိတ်
တွေ နိုးထတက်ကြွလာစေတဲ့ 'အာဇာနည်နေ့မမေ့အပ်ပေ' သီချင်းကို အဆိုတော် (ဒေါ်)မေလှမြိုင်
က ၁၉၅၀ ၀န်းကျင်ကတည်းက သီဆိုခဲ့တာပါ။

ဒါပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ပရိသတ်နဲ့ ကင်းကွာနေခဲ့တာ ဆယ်စုနှစ် ငါးခု
လောက်ရှိနေပါပြီ။ အဆိုတော်(ဒေါ်)ခင်ညွန့်ရည်ကလည်း အာဇာနည်နေ့သီချင်းများကို မူရင်း
အဆိုတော်ရဲ့ သံစဉ်စာသားတွေအတိုင်း ပြန်ဆိုထားပြီး ၁၉၈၈ ခုနစ်မတိုင်ခင်က ဇာတိမာန်သီချင်း
အနေနဲ့ အခွေထုတ်ခဲ့ဖူးပါတယ်။

ဒီနှစ်မှာတော့ အက်ဖ်အမ်လိုင်းတွေကနေ ဗိုလ်ချုပ် ဂုဏ်ပြုသီချင်းများကို အာဇာနည်နေ့မှာ
ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

"အာဇာနည်နေ့မှာ ကျွန်မ သီချင်းတွေကို ရေဒီယိုကနေ အသံလွှင့်ပေးတဲ့အတွက် အရမ်းကို၀မ်းသာ
ပီတိဖြစ်ရပါတယ်"လို့ပြောတဲ့ (ဒေါ်)ခင်ညွန့်ရည် က "ကျွန်မရဲ့သီချင်းတွေကို အသံမလွှင့်ဖြစ်တာ
နှစ်ပေါင်း ၃၀ ကျော်လောက်ရှိပြီ။ အခုပြန်လွှင့်ပေးမယ်ဆိုတော့ အရမ်းပျော်တာပေါ့။
၈၈ အရေးအခင်းမှာ ဆန္ဒပြတဲ့ကျောင်းသားတွေက ကျွန်မရဲ့ သီချင်းတွေ ဖွင့်ပြီး ဆန္ဒပြခဲ့တာကြောင့်
အဲဒီနောက်ပိုင်း အသံမလွှင့်ရတော့ဘူး။ ဘီဘီစီ၊ ဗီအိုအေတို့ကတော့ နှစ်တိုင်းလိုလို အသံလွှင့်ပေး
တယ်"လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"လူကြီးတစ်ယောက်က ကျွန်မကိုမေးဖူးတယ်။ ဘာကြောင့် ဗိုလ်ချုပ်သီချင်းတွေကိုမှ ပြန်ဆိုတာလဲ
လို့။ ကျွန်မကလည်း ပြန်ဖြေလိုက်ပါတယ်။ ဗိုလ်ချုပ်ကို ချစ်လို့ လေးစားလို့ပါ။ သူက ရိုးသားတယ်၊
ကြိုးစားတယ်၊ လူငယ်တွေအတုယူဖို့အတွက် ကျေးဇူး ပြန်ဆပ်တာပါ"လို့ (ဒေါ်)ခင်ညွန့်ရည်
ဗိုလ်ချုပ်သီချင်းတွေ ပြန်ဆိုဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

(ဒေါ်)ခင်ညွန့်ရည်က အလွမ်းသီချင်းတွေကို အများဆုံးသီဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဇာတိမာန်
သီချင်းတွေကို ပြန်ဆိုရတဲ့အခါ အားနဲ့ မာန်နဲ့ သီဆိုရတဲ့ သီချင်းတွေဖြစ်တဲ့အတွက် ဇာတိမာန်
သီချင်းတစ်ပုဒ် သီဆိုပြီးရင် အရမ်းပင်ပန်းတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးတော့ မလုပ်တတ်ဘူး၊ နိုင်ငံကိုတော့ တိုးတက်စေချင်တယ်လို့ ပြောတဲ့ (ဒေါ်)ခင်ညွန့်ရည်
က "ကျွန်မ မြန်မာပြည်မှာတော့ ဇာတိမာန်သီချင်းတွေကို ၈၈ နောက်ပိုင်းကစပြီး တစ်ခါမှ မဆိုဖြစ်
ခဲ့ပါဘူး။ ဒါပေမဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) လုပ်တဲ့ နှင်းဆီအငြိမ့် နဲ့အတူ စင်ကာပူမှာ
တော့ တစ်နှစ်တစ်ခါလောက် ပြန်ဆိုဖြစ်တယ်။ အဲဒီမှာက လွတ်လပ်တယ်"လို့ သူက ပြောပါတယ်။

"ဥဩဆွဲသံ မကြားရပေမယ့် အခုလို အက်ဖ်အမ်တွေက ကျွန်မသီချင်းတွေကို ပြန်လွှင့်ပေးမယ်
ဆိုတော့ ဗိုလ်ချုပ်ကို အလွမ်းပြေတာပေါ့။ အားလုံးလည်း အလွမ်းပြေကြမှာပါ" လို့လည်း
သူ့သီချင်းတွေကို ပြန်လွှင့်ပေးတာနဲ့ ပတ်သက်ပြီး ခံစားရပုံကို ပြောပါတယ်။

အာဇာနည်နေ့ နီးလာတိုင်း ကြားရတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်း
တွေနဲ့ အာဇာနည်နေ့ကို အသိပေးနှိုးဆော်နေတဲ့အတွက် လူတိုင်းရဲ့ ရင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း
နဲ့ အာဇာနည်သူရဲကောင်းတို့ ကျဆုံးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ကို ပြန်မြင်ယောင်ပြီး အမှတ်ရနေ
ကြမှာပါ။

မေလှမြိုင် သီဆိုထားတဲ့ အာဇာနည်နေ့ မမေ့သင့်ပေ သီချင်းထဲက "နှစ်လ ရာသီ အခါရာသီရွေ့
ပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့နိုင်ပါ" ဆိုတဲ့ သီချင်းစာသားလေးအတိုင်း အာဇာနည်နေ့
ကိုတော့ ဗိုလ်ချုပ်ကို ချစ်တဲ့ မြန်မာနိုင်ငံသားတိုင်း အောက်မေ့သတိရနေရင်း ၆၆ နှစ်မြောက်
အာဇာနည်နေ့ကို ဂုဏ်ပြုလိုက်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး