အရှေ့တောင်အာရှက မှတ်တမ်းနဲ့ ဇာတ်လမ်းတို ဖန်တီးသူတွေအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ Viddsee ဝက်ဘ်ဆိုက်

အရှေ့တောင်အာရှက မှတ်တမ်းနဲ့ ဇာတ်လမ်းတို ဖန်တီးသူတွေအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ Viddsee ဝက်ဘ်ဆိုက်

မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုတွေ ကို နိုင်ငံတကာမှာ လူသိများခဲ့တာ ကြာခဲ့ပြီဆိုပေမယ့်
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်ကမှစပြီး ရင်းနှီးခွင့်ရရှိလာတာဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်တွေ ရှိလာသလို ဒီအပေါ်ကို စိတ်ဝင်စားတဲ့ သူတွေလည်း တိုးပွာလာချိန်မှာ မြန်မာ
ဒါရိုက်တာတွေအတွက် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်လာနိုင်တဲ့ Viddsee ဝက်ဘ်ဆိုက်ကို 
ရုပ်ရှင်ဖန်တီးသူ စင်ကာပူနိုင်ငံသားတစ်ဦးနဲ့ မလေးရှား နိုင်ငံသား လူငယ်နှစ်ယောက်က 
အရှေ့ တောင်အာရှမှ ဝါသနာတူသူများအတွက် ဒီနှစ် ဇန်နဝါရီလမှစတင်ပြီး မိတ်ဆက်ပေးခဲ့
ပါတယ်။

"Viddsee ကို ဇာတ်လမ်းတိုနဲ့ မှတ်တမ်းရုပ်ရှင်တွေအတွက် အွန်လိုင်း စင်မြင့်တစ်ခုအဖြစ် ဖန်တီး
ထားတာပါ။ ပရိသတ်တွေက ဝက်ဘ်ဆိုက်ထဲက စိတ်ဝင်စားရာ ဇာတ်လမ်းတိုတွေကို ကြည့်နိုင်ပြီး 
ဇာတ်လမ်းရဲ့ သရုပ်ဆောင်ပိုင်း၊ အသံ၊ ကင်မရာအယူ အဆနဲ့ ဇာတ်လမ်းဖွဲ့စည်းပုံတွေအပေါ်
မှာလည်း ပရိသတ်ကိုယ်တိုင်က အမှတ်ပေးလို့ ရနိုင်တယ်။ အသုံးပြုသူကော ဝင်ကြည့်သူတွေ
အတွက်ပါ အဆင်ပြေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တယ်"လို့ ဝက်ဘ်ဆိုက်တည်ထောင်သူနှစ်ဦးမှ 
မလေးရှားနိုင်ငံသားဖြစ်တဲ့ Mr Ho Jia Jian က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အဲဒါတွေအပြင် Viddsee  မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေဖြစ်တဲ့
ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့မှာလည်း ပြန်တင်ပေးလို့ ရနိုင်တယ်လို့လည်း Jian က ပြောပြပါတယ်။

သူနဲ့အတူ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှစတင်ပြီး ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့သူကတော့
စင်ကာပူနိုင်ငံသား Mr Derek Tan ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလထဲမှာ တရားဝင် မိတ်ဆက်ပြီး 
စတင်အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် ဒီဝက်ဘ်ဆိုက်ကို တည်ထောင်ဖြစ်ပုံကို Jian က "ကျွန်တော်တို့ နှစ်ယောက်
ကိုယ်တိုင်ကလည်း filmmaker တွေလေ။ ကျွန်တော်တို့ ဖန်တီးထားတဲ့ ဇာတ်လမ်းတိုတွေထဲက
Cashless ဆိုတဲ့ ဇာတ်လမ်းကို ရုပ်ရှင်ပွဲတော်တွေမှာ ပြသပြီးတဲ့နောက်မှာ အွန်လိုင်းမှာ တင်ဖို့ 
စီစဉ်ဖြစ်တယ်။

အဲဒီတော့ ဒီလိုမျိုးတင်နိုင်တဲ့ ဝက်ဘ်ဆိုက်က Youtube နဲ့ Vimeo တို့ရှိတယ်။

အဲဒီနောက်မှာတော့ ကျွန်တော်တို့ ရုပ်ရှင်ကို Youtube မှာပြန်ရှာတဲ့အခါ ကြောင်ဗီဒီယိုနဲ့ 
ဂန်နမ်စတိုင်လို ဟာသဆန်တဲ့ ဗီဒီယိုဖိုင်တွေကြားမှာ ရောက်နေတယ်။

Vimeo ကျတော့လည်း အမေရိကန်နဲ့ ဥရောပဘက်က ဇာတ်လမ်းတိုတွေကို ပိုပြီးအားပေးတဲ့
လူများတယ်။

အဲဒီအချိန်မှာ စဉ်းစားမိတာက ကမ္ဘာရဲ့တခြားနေရာမှာ ရှိနေတဲ့ ကျွန်တော်တို့လို filmmaker
တွေလည်း ဒီလိုမျိုးအဖြစ်အပျက်တွေကို ရင်ဆိုင်နေရမှာပဲပေါ့။

ဘယ်လိုနည်း လမ်းမျိုးက အရှေ့တောင်အာရှက filmmaker တွေရဲ့ ဖန်တီးမှုလက်ရာတွေကို 
လွယ်ကူစွာဖော်ထုတ်နိုင်မလဲ၊ ရှာတွေ့နိုင်မလဲဆိုတာကို စဉ်းစားရင် ဒီ Viddsee ကို တည်ထောင်
ဖြစ်တာပါ"လို့ ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ တစ်မူထူးခြားတဲ့ ဇာတ်လမ်းကောင်းတွေ အများကြီးနဲ့ 
အရည်အချင်းရှိတဲ့ လူတွေအများကြီးရှိပြီး သူတို့ရဲ့ ဖန်တီးမှုလက်ရာတွေကို ကမ္ဘာကလူတွေ
အလွယ်တကူ သိနိုင်စေရန်နဲ့ ကျယ်ပြန့်တဲ့ ဇာတ်လမ်းတို ဈေးကွက်ကြီးတစ်ခု ဖြစ်စေချင်တယ်
လို့လည်း သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။

"Filmmaker တွေအနေနဲ့ သူတို့ လက်ရာတွေကနေတစ်ဆင့် သူတို့အတွက် တန်ဖိုးတစ်ခု ပြန်ရစေ
ချင်ပြီး ပရိသတ်တွေဆီကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လမ်းဖြစ်ဖို့ရန်အတွက် ရည်ရွယ်တယ်"
လို့လည်း Jian က ဆိုပါတယ်။

ဝက်ဘ်ဆိုက် စတင်တည်ထောင်လာတဲ့နေ့ကစပြီး ၉၈ နိုင်ငံကျော်မှ လူဦးရေ ၇၅,၀၀၀ ကျော်
အသုံးပြုလျက်ရှိပြီး သူတို့တွေရဲ့ ဗီဒီယိုဖိုင်တွေကိုလည်း တစ်ကမ္ဘာလုံးက သိနှင့်နေပြီ ဖြစ်တယ်
လို့လည်း ဆိုပါတယ်။

"အခုဆို အရှေ့တောင်အာရှက နိုင်ငံတော်တော်များများ ပါဝင်နေပေမယ့် မြန်မာနိုင်ငံက 
အရည်အချင်းရှိတဲ့သူတွေ ပါဝင်နှုန်းကတော့ နည်းနေပါသေးတယ်။ ဒီထက်ပိုပြီး မြန်မာနိုင်ငံက 
လူတွေရဲ့ ဇာတ်လမ်းတိုတွေကို Viddsee မှာမြင်တွေ့ချင်ပါတယ်"လို့ Derekက ပြောပါတယ်။

Viddsee ကနေတစ်ဆင့် filmmaker တွေအတွက် ရှိလာနိုင်တဲ့ အကျိုးအမြတ်အနေနဲ့ကတော့ 
မိမိတို့ ရဲ့ ဖန်တီးမှုလက်ရာတွေကို တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူတွေအကုန်လုံးကို ချပြနိုင်ပြီး 
အကောင်းဆုံးဇာတ်လမ်းတိုတွေကိုလည်း ပုံမှန်ရွေးထုတ်ပေးသွားမှာ ဖြစ်တယ်လို့ Jian က ဆိုပါ 
တယ်။

ဝင်ငွေရနိုင်မယ့် အလုပ်မျိုးတွေအတွက် filmmaker တွေကို ဆက်သွယ်လာတယ်ဆိုရင်
အကုန်လုံးကို အကြောင်းကြားပေးမယ်လို့လည်း ပြောပါတယ်။

ဝက်ဘ်ဆိုက်မှာ ဇာတ်လမ်းတွေကို တင်ချင်တယ်ဆိုရင်တော့ www.viddsee.com ဆီကိုသွားပြီး
submit ဆိုတဲ့နေရာမှာ မိမိတို့ရဲ့ လက်ရာတွေကို အလွယ်တကူ တင်နိုင်ပါတယ်။

ကွန်ပျူတာမှာတင်မဟုတ်ပဲ ဖုန်းဆော့ဖ်ဝဲ တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။

"Submit လုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေကို အရည်အသွေး၊ ဇာတ်လမ်းနဲ့ ဖန်တီးမှုလက်ရာတွေကို
ကျွန်တော်တို့ ပြန်ရွေးပြီးတော့ တင်ပေးတာပါ။ လာသမျှ အကုန်လုံး လက်ခံတာတော့ မဟုတ်
ပါဘူး။ ဒါပေမဲ့ တော်တော်ဆိုးဆိုးဝါးဝါးတွေကို ပယ်တာများပါတယ်"လို့ Derek က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်