လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို စာပေ၊ ပန်းချီနဲ့ ကာတွန်းဆရာများ အစပြု ထူထောင်ခဲ့ကြလေသလား

လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို စာပေ၊ ပန်းချီနဲ့ ကာတွန်းဆရာများ အစပြု ထူထောင်ခဲ့ကြလေသလား

နိုင်ငံတကာမှာ စာပေအနုပညာရှင်များနဲ့ ပန်ချီ၊ ကာတွန်းစတဲ့ အနုပညာရှင်များ ဆုံရပ်ဖြစ်တဲ့ ကလပ်တွေ ရှိကြသလို မြန်မာနိုင်ငံမှာလည်း အများအပြား ရှိပါတယ်။

နိုင်ငံတကာမှာ စာပေအနုပညာရှင်များနဲ့ ပန်ချီ၊ ကာတွန်းစတဲ့ အနုပညာရှင်များ ဆုံရပ်ဖြစ်တဲ့
ကလပ်တွေ ရှိကြသလို မြန်မာနိုင်ငံမှာလည်း အများအပြား ရှိပါတယ်။

သူတို့ဆီက ကလပ် တွေကတော့ အဖျော်ယမကာတွေ ရရှိနိုင်တဲ့ နေရာတစ်ခု ဖြစ်ပေမယ့် ဒီမှာ
ကတော့ မြို့လယ်ကောင်က လက်ဖက်ရည်ဆိုင်တွေဟာ အနုပညာရှင်တွေ စုစည်းကြရာ မြန်မာ
ကလပ်တွေပဲ ဖြစ်ပါတယ်။

အနုပညာရှင်တွေအတွက် လက်ဖက်ရည်ဆိုင်တွေဟာ စိတ်အပန်းဖြေကြရာ နေရာတစ်ခုဖြစ်သလို
အလုပ်ခန်းအဖြစ်လည်း အသုံးဝင်ပါတယ်။

ပြောဆိုဆွေးနွေးချင်တဲ့ အကြောင်းအရာ၊ ကိစ္စတွေကို ဆွေးနွေးဖလှယ်ကြရာ နေရာတွေလည်း
ဖြစ်ကြပါတယ်။

ဒီအစဉ်အလာဟာ စာပေနဲ့ ပန်းချီ ကာတွန်းအနုပညာရှင်တွေကြားမှာ လက်ဖက်ရည်ဆိုင်
ယဉ်ကျေးမှု အစပျိုးစဉ်ကာလကတည်းက စတင်ခဲ့တယ်လို့ ၀ါရင့်ကာတွန်းသရုပ်ဖော်ရေးဆွဲသူ
တစ်ဦးဖြစ်တဲ့ ဦးရွှေမင်းသားက ပြောပြပါတယ်။

"ဆုံမှတ်တွေပေါ့။ တကယ်လို့ ရှုမဝမဂ္ဂဇင်းလို ထိုင်စရာနေရာရှိတဲ့ တိုက်ဆိုရင်တော့ အဲဒီမှာဆုံတာ
ပေါ့။ ထိုင်စရာနေရာမရှိတဲ့ အခါကျတော့ ဆုံမှတ်ချိန်းလိုက်တာပေါ့။ လက်ဖက်ရည်ဆိုင် ဖြစ်မယ်။
တစ်နေရာရာဖြစ်မယ်။ ဒါပေမဲ့ အဲဒီတစ်နေရာရာကလည်း များသောအားဖြင့် အအေးတို့၊
လက်ဖက်ရည်တို့၊ ကော်ဖီတို့ရတဲ့နေရာမျိုးပဲ။ အဲဒီလိုနေရာမျိုးမှာ ဆုံတယ်"လို့ အသက် ၅၀ ကျော်
ကာတွန်းဆရာကြီးက တစ်ချိန်က သူတို့ဆုံမှတ် ဖန်တီးဖြစ်ပုံကို ပြန်ပြောင်းပြောပြပါတယ်။

"ဦးတို့ငယ်ငယ်ကတည်းက အစဉ်အလာ ဖြစ်တာပေါ့။ ကာတွန် ၀င်းမောင် ရှိတယ်။ ကာတွန်း
မောင်မောင် ရှိတယ်။ ကာတွန်း ကိုသော်က ရှိတယ်။ ဆုံမယ်ဆိုရင် "ဘယ်မှာဆုံမလဲ။"
"ရွှေကြည်အေးမှာ ဆုံမယ်ဆိုရင်" အဲဒီမှာက ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေ
ထိုင်ကြတယ်"လို့ အတိတ်က ပုံရိပ်တွေကို သတိရဟန်နဲ့ ကာတွန်းဆရာကြီးက ဆက်ပြောပြ
ပါတယ်။

"လမ်းဘေးဆိုင်ဆိုတော့ သွားရ လာရ လွယ်ကူတယ်။ ဆိုင်ကြီးကနားကြီးကျတော့ ၀င်ရထွက်
ရတာ ပင်ပန်းတာပေါ့။ ဒီလိုဆိုင်ကျတော့ ဖျတ်ခနဲ ထသွားလို့ရတယ်။ အဲဒီဆုံမှတ်မှာ အလုပ်လာ
အပ်တယ်။ အလုပ်လက်ခံတယ်။ သတ်မှတ်ထားတဲ့နေကိုရောက်ရင် အလုပ်ကို ပြန်ပေးတယ်။
အဲဒီမှာပဲ ငွေပေးငွေယူလည်း လုပ်တယ်။ အခန်းငှားပြီး လုပ်တာမဟုတ်ဘဲ လက်ဖက်ရည်ဆိုင်
ထိုင်ဖြစ်တယ်။ ထိုင်ရင်းနဲ့ အလုပ်လုပ်ဖြစ်ကြတာပေါ့"လို့လည်း ဆက်ပြောပြပါတယ်။

သူတို့ နုပျိုစဉ်အချိန်အခါက ထိုင်ခဲ့ကြတဲ့ 'ရွှေကြည်အေး' လက်ဖက်ရည်ဆိုင်ဟာ မြို့လယ်ကောင်
၃၃ လမ်းထိပ်မှာ ရှိခဲ့ဖူးတဲ့ ဆိုင်ဖြစ်ပြီး ပိတ်သွားခဲ့တာ တော်တော်လေးကြာသွားခဲ့ပြီလို့လည်း
ပြောပြပါတယ်။

အချိန်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ သူတို့တစ်ချိန်က ထိုင်ခဲ့ဖူးတဲ့ ဆိုင်တွေတော်တော်
များများဟာ မရှိကြတော့ပေမယ့် ဆုံမှတ်တွေထဲက တစ်နေရာဖြစ်တဲ့ မြို့ထဲ ၃၃ လမ်း၊ အပေါ်
ဘလောက်က 'လေထန်ကုန်း' လက်ဖက်ရည်ဆိုင်လေးကတော့ ဒီနေ့ထိ ဖွင့်နေဆဲ ဖြစ်ပြီး
သူလည်းပဲ သွားနေဆဲလို့ ဦးရွှေမင်းသားက ပြောပါတယ်။

နောင်မှာ 'လေထန်ကုန်း' လို့ အမည်တွင်လာမယ့် လက်ဖက်ရည်ဆိုင်လေးကို ၃၃ လမ်းထိပ်၊
အပေါ်ဘလောက်က တိုက်နှစ်လုံးရဲ့ နံရံနှစ်ဖက်ကြားမှာ ၁၉၈၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါလို့
ဆိုင်ရှင်ဖြစ်တဲ့ ကိုငယ်လေး (ကိုသန်းသိန်း) က ပြောပြပါတယ်။

သူ့ဆိုင်လေးဟာ နာမည်ကျော် စာပေပညာရှင်၊ ပန်းချီ၊ ကာတွန်းပညာရှင် တွေနဲ့ စည်ကားပြီး
သူတို့ရဲ့အနုပညာ ဖန်တီးမှုတွေထဲမှာ တစ်စိတ်တစ်ဒေသအဖြစ် ပါ၀င်လာလိမ့်မယ်လို့လည်း
ဆိုင်ဖွင့်စအချိန်တုန်းက ယောင်လို့တောင် မစဉ်းစားမိခဲ့ဘူးလို့ ပြောတဲ့ သူ့ဟန်ပန်က ကိုင်းအနက်
ရောင် ပါ၀ါမျက်မှန်ကို ၀တ်ဆင်ထားပြီး စွပ်ကြယ်အဖြူ လက်တိုအကျႌကို ဘောင်းဘီတို နဲ့ ပေါ့ပေါ့
ပါးပါး တွဲဝတ်ထားပြီး နှစ်လိုဖွယ်ရာ ကောင်းလှပါတယ်။

"မူလပထမက ၃၃ လမ်းထိပ်မှာ ၁၉၈၈ အရေးအခင်းကာလအပြီးထိ ရွှေကြည်အေး လက်ဖက်ရည်
ဆိုင်ရှိတယ်။ ကျွန်တော့ဆိုင် မဖွင့်ခင်ကတည်းက စာရေးဆရာတွေက အဲဒီမှာ ထိုင်ကြတယ်။
ပိုင်ရှင်က နိုင်ငံခြားပြန်ဖို့ ပိတ်လိုက်တဲ့အချိန်မှာ ကျွန်တော်က အဲဒီအချိန်မှာ လေထန်ကုန်း မဖြစ်
သေးပါဘူး။ ဒီအတိုင်းပဲ ဖွင့်နေတဲ့အချိန်။ အဲဒီဘက်က စာရေးဆရာတွေက "ဪ...ဒီကြားထဲမှာ
သွားထိုင်မယ်"ဆိုပြီး ရွှေ့လာတာ"လို့ ပြောပြပါတယ်။

ဒီလိုနဲ့ သူ့ဆိုင်လေးဟာ အနုပညာရှင်တွေရဲ့ ဆုံစည်းရာ နေရာတစ်ခု ဖြစ်လာပြီး တစ်ခါတလေမှာ
လူစုံကြပြီဆိုရင် အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးကြရင်းကနေ ငြင်းခုံကြတာမျိုး တွေလည်း
ဖြစ်လေ့ရှိတယ်လို့ သူ့ဆိုင်လေးရဲ့ပုံရိပ်တစ်ခုကို ပြောပြပါတယ်။

"အငြင်းအခုံတွေလည်း ဖြစ်တယ်။ အယူအဆပေါ့။ ထပြီးလည်ပင်းညစ်တာတောင် ရှိတယ်။
တစ်ချိန်လုံးတော့ ဖြစ်တာမဟုတ်ဘူးနော်။ တစ်ခါတလေ topic တစ်ခုတည်ပြီးရင် သွားဖြစ်ကြ
တယ်။ အဲလိုမျိုးလည်း ကြံုရပါတယ်"လို့ ကိုငယ်လေးက ပြောပြပါတယ်။

သူ့ဆိုင်လေးဟာ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖွင့်လှစ်ထားတယ်ဆိုပေမယ့် အချိန်ကာလကြာတဲ့
အခါမှာ အနုပညာရှင်တွေနဲ့ သူ့ဆိုင်လေးဟာ အပြန်အလှန် သံယောဇဉ်ကြီးလာခဲ့တယ်လို့လည်း
အားပါးတရပြံုးရင်း ပြောလိုက်ပြန်ပါတယ်။

ဒါကြောင့် စာရေးဆရာတွေ တစ်ယောက်နဲ့ တစ်ယောက် သတင်းစကားပါးချင်တာကို မှတ်ထားပြီး
ပြန်ပြောပေးရတာမျိုး၊ ကာတွန်းဆရာတွေဆီက သတင်းစာတိုက်တွေအတွက် ပေးရမယ့် ကာတွန်း
ပုံတွေကို ယူထားပေးပြီး တစ်ဆင့်ပြန် ပေးတာမျိုး စတဲ့အလုပ်တွေကိုလည်း အခမဲ့ အကျိုးဆောင်
ပေးရပါတယ်လို့လည်း ဆိုပါတယ်။

"လေထန်ကုန်းလက်ဖက်ရည်ဆိုင်မှာ စာရေးဆရာတွေက လက်ဖက်ရည်ဆိုင်ထိုင်ရုံ သက်သက်ပဲ
မဟုတ်ဘူး။ ဘယ်လိုလဲဆိုတော့ ဥပမာ - ဘယ်မဂ္ဂဇင်းတိုက်နဲ့ ချိန်းထားလို့ "အငယ်လေးရေ ဆရာ
ကတော့ မအားဘူးကွာ။ ဒီစာမူကို ဘယ်မဂ္ဂဇင်းတိုက်က လာယူရင် မင်းပေးပေးပါ" ကျွန်တော်က
အဲလိုတွေလည်း အကျိုးဆောင်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်က အကျိုးဆောင်ချင်တာပါ။
ကျွန်တော့် ၀ါသနာပေါ့နော်"လို့ သူ့ဆိုင်လေးမှာ ခင်းထားတဲ့ ပလတ်စတစ်ခုံပုလေးတစ်လုံးမှာ
ထိုင်ရင်း ကိုငယ်လေးက ဆက်ပြော ပြန်ပါတယ်။

သူ့ဆိုင်လေးကို 'လေထန်ကုန်း'လို့ ဘယ်သူ နာမည်ပေးလိုက်တာ သေချာမသိပေမယ့် ဒီနာမည်ကို
သူသိအောင် ပြောပြခဲ့သူကတော့ ကဗျာဆရာ မောင်ခိုင်မာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီနာမည်ကို ဘယ်သူပေးလိုက်တယ်။ ဥပမာ - စာရေးဆရာ ကိုဖြူက ပေးလိုက်တယ်။ ကိုနီက
ပေးလိုက်တယ်မရှိဘူး။ ခုထိလည်း သေသေချာချာ မသိဘူး။ သို့သော် ကျွန်တော့်နားထဲ
ရောက်လာတာက ကဗျာဆရာမောင်ခိုင်မာ ခုတော့ ဆုံးသွားပါပြီ၊ သူက တစ်ရက်မှာ ၁၉၉၀
စွန်းစွန်းမှာ ကျွန်တော့်လမ်းကြားလေးထဲ ၀င်လာပြီး

"ဟေ့ကောင် အငယ်လေးတဲ့ မင်းဆိုင်ကို ဉာဏ်ပေါ်က လေထန်ကုန်းလို့ ပြောလိုက်တယ်ကွ။
အဲဒီနာမည်လေး တော်တော်သဘောကျတယ်ကွာ"တဲ့။

"ကိုဉာဏ်ပေါ်ဆိုတာ စာရေးဆရာ မင်းလူ။ အဲဒီအချိန်မှာ စာရေးဆရာမင်းလူတို့က ဘယ်မှာ
ထိုင်လဲဆိုတော့ ဘားလမ်းအလယ်လမ်း (မြန်မာမွတ် စလင်ဆေးရုံဘေး)မှာ 'ကိုထွန်းရီ' ဆိုတဲ့
လက်ဖက်ရည်ဆိုင်ရှိတယ်။ သူတို့ အုပ်စုတွေက အဲဒီဘက်မှာ ထိုင်ကြတယ်။ ထိုင်ပြီးတော့

"ဆရာမောင် ခိုင်မာ ဘယ်သွားမလို့လဲ" "လက်ဖက် ရည်ဆိုင်သွားမလို့" "ဘယ်ဆိုင်လဲ"
"၃၃ လမ်းကွာ တိုက်ကြားလေးထဲက" "ဪ...လေထန်ကုန်းကို သွားမလားဆိုပြီးတော့"
ဖြစ်လာတာ။

"အဲဒီနာမည်လေးကို ကြားလိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးလေးပဲ။ အရမ်းကို သဘောကျသွား
တာ"လို့ သူ့ဆိုင်လေး နာမည်ရလာပုံကို ပြောပြပါတယ်။


လေထန်ကုန်းရဲ့ပဲ့ကိုင်ရှင် ကိုငယ်လေး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

'လေထန်ကုန်း' ဆိုတဲ့အမည်က ကမ္ဘာကျော် Wuthering Heights ၀တ္ထုကို ဆရာကျော်လှိုင်ဦး
မြန်မာပြန်ဆိုထားတဲ့ စာအုပ်ခေါင်းစဉ်ဖြစ်တယ်လို့ စာရေးဆရာ ချစ်ဦးညိုက ပြောပြပါတယ်။

"လေထန်ကုန်းလို့ အမည်ပေးတာက စာရေးဆရာ မောင်ရန်ပိုင်လို့လည်း ပြောကြတယ်။ စာရေး
ဆရာ မင်းလူ ပေးတယ်လို့လည်း ပြောကြတယ်။ ဒါပေမဲ့ စာရေးဆရာ မင်းလူ ပေးတာ ဟုတ်ပုံ
ရပါတယ်"လို့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်က လေထန်ကုန်းမှာ အထိုင်များခဲ့တဲ့ (ဦး)ချစ်ဦးညို
က ပြောပြပါတယ်။

"စာရေးဆရာတွေ အဲဒီလက်ဖက်ရည်ဆိုင်မှာ စုဝေးပြီး လေထန်ကြလို့ ဆရာမင်းလူက
လေထန်ကုန်းလို့ ပေးခဲ့ပုံရပါတယ်။ အဲဒီ လက်ဖက်ရည်ဆိုင်မှာပဲ စာရေးဆရာ၊ ကဗျာဆရာ၊
ထုတ်ဝေသူနဲ့ ကာတွန်းဆရာတွေ ချိန်းပြီး ကဗျာအကြောင်း၊ စာရေးဆရာတွေအကြောင်း၊ မဂ္ဂဇင်း
တိုက်တွေအကြောင်း ပြောကြတယ်။ အဲဒီမှာပဲ စာမူအပေးယူတွေ လုပ်ကြတယ်"လို့လည်း
ထပ်ပြောပါတယ်။

သစ်သားခုံ ပုလေးတွေ ခင်းထားတဲ့ လေထန်ကုန်းမှာ ဆရာသော်တာဆွေ၊ မြသန်းတင့်တို့
ဖင်ပူအောင် ထိုင်ခဲ့ဖူးကြတယ်လို့လည်း အတိတ်က ပုံရိပ်တွေကို ဆရာချစ်ဦးညိုက ပြန်ပြောင်း
ပြောပြပါတယ်။

ဆိုင်းဘုတ်ရယ်လို့လည်း ချိတ်မထားပေမယ့် လူတိုင်းကတော့ လေထန်ကုန်းဆိုရင် သိကြပါတယ်
လို့လည်း ကိုငယ်လေးက ထပ်ပေါင်းပြီး ပြောပါတယ်။

သူ့လမ်းဘေးဆိုင်လေးကို ၁၉၉၁ ခုနှစ် လောက်ကဆိုရင် ဆရာကြီး ဒဂုန်တာရာ လာထိုင်ဖူးတာ
အမှတ်တရပါပဲ လို့လည်း ပြန်ပြောင်းပြောပြပါတယ်။

"အဲဒီအချိန်မှာ စာရေးဆရာတွေ အားလုံးစုလာပြီး ဘေးနားကနေ ဆရာကြီးကို စကားပြောကြ
တာပေါ့။ နောက်တော့ ဆရာကြီးက မဂ္ဂဇင်းတစ်ခုမှာ လေထန်ကုန်းမှာ သူ့နားကို စာရေးဆရာတွေ
၀ိုင်းဖွဲ့ပြီးရောက်လာတာကို 'ပျားအုံခံစားမှု'ဆိုပြီး ရေးတယ်။ အဲဒီလိုမျိုး ကိုယ့်ဆိုင်လေးနဲ့
ပတ်သက်ပြီး ဖတ်ရတော့ ၀မ်းသာတာပေါ့"လို့ ၃၃ လမ်းထဲမှာ နေလာတာ နှစ်ပေါင်း ၄၀ ကျော်ပြီ
ဖြစ်တဲ့ ကိုငယ်လေးက ပြောပြပါတယ်။

ဒီဆိုင်လေးရဲ့ ရွှေရောင်ကာလလို့ ပြောရမယ့် ၁၉၈၉ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်လောက်အထိ
မွန်းလွဲ ၁ နာရီလောက်နေ ညနေ ၅ နာရီလောက်အထိ အနုပညာရှင်တွေဟာ တစုတဝေးကြီး
သူ့ဆိုင်မှာ ရှိနေတတ်ကြတယ်လို့လည်း ဆိုပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်ဖက်ရည်ဆိုင်အသစ်တွေ ပေါ်လာကြသလို သူ့ဖောက်သည်တွေဟာ
လည်း ဆိုင်အသစ်တွေဆီ မျှပြီးရောက်သွားကြတယ်လို့ ဆိုပါတယ်။ လေထန်ကုန်း တည်ရှိရာ
ဘေးက ကိုလိုနီခေတ်အဆောက်အအုံကြီးဟာလည်း ဖြိုချခံလိုက်ရသလို ဆိုင်နေရာဟာလည်း
လမ်းကြားထဲကနေ ၃၃ လမ်းပေါ်တည့်တည့်ကို ရောက်ရှိလာပါတော့တယ်။ ဒါပေမဲ့ အနုပညာရှင်
တွေရင်ထဲမှာ လေထန်ကုန်း အမြဲတမ်းရှိနေသလို ခုချိန်မှာ သူ့ဆိုင်ရဲ့အမြဲတမ်း ပုံမှန်လာတဲ့
ဖောက်သည်တွေကတော့ ကာတွန်း ဆရာတွေပဲလို့ ဆိုပါတယ်။

"ခုခေတ်ကတော့ တစုတဝေးတည်းတော့ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကာတွန်းဆရာတွေကတော့
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေဆို နေ့လယ် ၃ နာရီခွဲလောက်ကနေ ၅ နာရီခွဲလောက်အထိ
ပုံမှန်ထိုင်ကြတယ်"လို့ ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ လက်ဖက်ရည်ဆိုင်တွေ ခပ်များများမရှိခင်အခါက လေထန်ကုန်းမှာ ချိန်းထိုင်ခဲ့ကြ
ပေမယ့် ခုနောက်ပိုင်းမှာတော့ စာပေဗိမာန်ရှေ့က လေအံကုန်း(ဆင်မင်းမောင် လက်ဖက်ရည်ဆိုင်)၊
၃၈ လမ်းထိပ်က လေဆန်ကုန်းနဲ့ ၃၄ လမ်းထိပ် (ဗိုလ်ချုပ် ဘလောက်၊ ၀ဇီရာရုပ်ရှင်ရုံအောက်မှာ)
ဖွင့်လှစ်ထားတဲ့ လပြည့်ဝန်းလက် ဖက်ရည်ဆိုင်တွေမှာ ဖြန့်ကြက်ထိုင်လာကြတယ်လို့ ကဗျာဆရာ
စာရေးဆရာ တစ်ဦးဖြစ်တဲ့ (ဦး)သစ္စာနီက ပြောပါတယ်။

"အရင်ကတော့ လေထန်ကုန်းမှာ ထိုင်ပါတယ်။ ရနံ့သစ်မဂ္ဂဇင်းက လမ်း ၅၀ ဘက်ကို ပြောင်းလာ
တော့ ၃၈ လမ်းထဲက အရှည်ကြီးဆိုင်မှာ ပြောင်းထိုင်ဖြစ်တယ်"လို့ သူက ဆိုပါတယ်။

စာပေမိတ်ဆွေဖြစ်တဲ့ ကဗျာဆရာ မောင်ချောနွယ်က လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို စာရေး
ဆရာ၊ ကဗျာ ဆရာတစ်သိုက်က ထူထောင်ခဲ့တယ်လို့ အမြဲတမ်းပြောလေ့ရှိတယ်လို့လည်း သူက
ပြောပြပါသေးတယ်။

"တို့ငယ်ငယ်တုန်းက လက်ဖက်ရည်ဆိုင်ထိုင်တာကို မိဘတွေက ကန့်ကွက်ပါတယ်။ အလုပ်မရှိ၊
အကိုင်မရှိ ကလေ ကချေတွေသာ လက်ဖက်ရည်ဆိုင်ထိုင်တာလို့ ဆူလေ့ရှိပါတယ်။ တို့အဖေနဲ့
အဘိုးတွေ လက်ဖက်ရည်ဆိုင် ထိုင်လေ့မရှိပါဘူး။ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်ရဖို့အတွက် တို့တွေ
တိုက်ပွဲဝင်ခဲ့ကြရတာပါ"လို့လည်း ဆရာသစ္စာနီက ပြောပြပါသေးတယ်။

ခုခေတ်မှာ မိန်းကလေးတွေလည်း ဘီယာဆိုင်ထိုင်နေကြတာမို့ သူ့တို့ ခေတ်က အကြောင်းပြန်
ပြောရရင် ရယ်စရာဖြစ်နေလိမ့်မယ်လို့လည်း ဆရာက ဆိုပါတယ်။

"တို့တွေ လက်ဖက်ရည်ဆိုင်ထိုင်ခါစက တစ်ခွက်တစ်မတ်။ တစ်မတ်နဲ့ ကလောင်စုံစုပြီး
စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးကြတာ"လို့လည်း သူ့တို့ခေတ်က ပုံရိပ်တစ်ခုကို ပြောပြပါ
တယ်။

သူတို့ရဲ့ ကဗျာတွေ၊ စာတွေမှာလည်း လက်ဖက်ရည်ဆိုင်အကြောင်းတွေကို ထည့်သွင်းကာ ဖွဲ့နွဲ့
ရေးသားကြသလို အဲဒီအထဲကမှ ထင်ရှားတဲ့လက်ရာတစ်ခုက ဆရာမြသန်းတင့် ရေးခဲ့တဲ့
'လက်ဖက်ရည်' အက်ဆေးပဲဖြစ်တယ်လို့လည်း ပြောပြပါတယ်။

လက်ဖက်ရည်ဆိုင်ဟာ ကလပ်အသေးစားလေးဖြစ်ပြီး အခကြေးငွေ များများမကုန်ဘဲ တစ်နေကုန်
လွတ်လွတ်လပ်လပ် ထိုင်လို့ရတယ်လို့လည်း ဆိုပါသေးတယ်။

"သူများအိမ်မှာ ၀ိုင်းဖွဲ့ စကားပြောရင် အားနာစရာကောင်းတယ်။ လက်ဖက်ရည်ဆိုင်မှာကျတော့
လွတ်လပ်တယ်။ ပြောချင်တဲ့စကား ကို ကျယ်ကျယ်လောင်လောင် ပြောလို့ရတယ်။ ရေနွေးကြမ်း
တစ်အိုးပြီး တစ်အိုးသောက်မယ်။ ဆေးလိပ်လေး ဖွာမယ်ပေါ့။ အဲဒီရည်ရွယ်ချက်နဲ့ ထိုင်ကြတာပါ"
လို့လည်း ဆရာသစ္စာနီက ပြောပြပါတယ်။

သူကတော့ မြို့ထဲရောက်တယ်ဆိုရင် ၃၈ လမ်းထဲမှာရှိတဲ့ အရှည်ကြီးရဲ့ လေဆန်ကုန်း
လက်ဖက်ရည်ဆိုင်လေးမှာ ပိုပြီးအထိုင်များတယ်လို့ ဆိုပါတယ်။

"လက်ဖက်ရည်ဆိုင်မှာပဲ စာမူအပေးအယူလုပ်တယ်။ အယ်ဒီတာတွေကလည်း ဒီမှာပဲ လာယူ
တယ်။ ဆိုင်ရှင်ကလည်း သဘောကောင်းတော့ ရေနွေးဆိုလည်း တစ်အိုးပြီးတစ်အိုး ချပေးတယ်။
တစ်နေကုန် ထိုင်နေလည်းရတယ်။ ကိစ္စမရှိဘူး။ ဆိုင်ရှင်တွေက စာပေသမားတွေကို နားလည်မှု
ရှိလို့လည်း ပါတာပေါ့။ ဆိုင်အခင်းအကျင်းအပြင်အဆင်က မကောင်းပေမယ့် ဆိုင်ရှင်က
နားလည်မှုရှိလို့ ထိုင်ဖြစ်တာ"လို့ ဆိုပါတယ်။

လေဆန်ကုန်း လက်ဖက်ရည်ဆိုင်ဟာ အာရှပလာဇာဟိုတယ်ဘေးမှာ တည်ရှိပြီး စာသင်ကျောင်း
နံရံကို အမီဆွဲပြီး ဖွင့်လှစ်ထားတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

သန့်ရှင်းမှုပိုင်းမှာ အားနည်းပုံရပေမယ့် ဆိုင်ရှင်ရဲ့ စိတ်ရှည်သဘောကောင်းမှုကြောင့်ပဲ ထင်ပါရဲ့။
ဆရာ သစ္စာနီတို့လို လူကြီးပိုင်းတွေသာမကပဲ လူငယ်စာပေသမားတွေပါ တပျော်တပါးကြီး
အထိုင်များတာကို တွေ့ရပါတယ်။

အလုပ်ချိန်အတွင်းမှာ လက်ဖက်ရည်ဆိုင်မှာ စုတတ်ကြပေမယ့် နေစောင်းလာပြီဆိုရင်တော့
သောက်တတ်သူတွေဟာ ယမကာဆိုင်တွေဆီ ရွှေ့သွားတတ်ကြတယ်လို့ ကိုငယ်လေး က
ဆိုပါတယ်။

ဒါကြောင့် သူ့ဆိုင်ကို စာရေးဆရာ တစ်ယောက်က လေယာဉ်ကွင်းနဲ့ တင်စားပြီးပြောဆိုတယ်
လို့လည်း ပြောပြပါတယ်။

"ကျွန်တော့်ဆိုင်က ညနေစောင်းပြီဆိုရင် လေယာဉ်ကွင်းလိုပဲတဲ့။ လာဆုံပြီး အသီးသီးပြန်လည်
ထွက်ခွာသွားကြတယ်လို့ အဲဒီစာရေးဆရာက ပြောဖူးတယ်"လို့ ပြောပြရင်း ကျေနပ်ဟန်နဲ့
ပြံုးလိုက်ပြန်ပါတယ်။

သူကတော့ စာပေသမားတွေ သူ့ဆိုင်ကို ဘယ်လိုပဲ နာမည်ပေးပေး ပြံုးပျော် ကျေနပ်နေမယ့်
ပုံစံပါပဲ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး