နိုင်ငံတကာဆုတွေရရှိထားတဲ့ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ 'ကယန်းအလှ' ရုပ်ရှင်ဇာတ်ကားကြီးဟာ ပြီးစီးခဲ့တာ ခြောက်နှစ်ကျော် သွားပြီးတဲ့နောက် ရန်ကုန်မြို့မှာ ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
နိုင်ငံတကာဆုတွေ ရရှိထားတဲ့ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ 'ကယန်းအလှ' ရုပ်ရှင်ဇာတ်ကားကြီး
ဟာ ပြီးစီးခဲ့တာ ခြောက်နှစ်ကျော် သွားပြီးတဲ့နောက် ရန်ကုန်မြို့မှာ ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါ
တယ်။
စတင်ရုံတင်ပြသမယ့်နေ့ကတော့ စင်တင်ဘာလ ၆ ရက်နေ့ပဲ ဖြစ်ပါတယ်။
"ဒီဇာတ်ကားကြီးကို ၂၀၀၆ မှာရိုက်ဖို့ စီစဉ်ခဲ့ပြီးတော့ ၂၀၀၇ ခုနှစ်မှာ ရိုက်ဖို့ခွင့်ကျတယ်။
ဇန်နဝါရီက စရိုက်တယ်။ ဧပြီလသင်္ကြန်မတိုင်ခင်မှာ ပြီးတယ်။ ရိုက်ကူးခဲ့တဲ့ နယ်မြေတွေကတော့
ကယားပြည်နယ်၊ ရှမ်းပြည်နယ်က မြို့တွေဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲနဲ့ ပန်ပဲ့ တို့မှာ ရိုက်တယ်။ တောင်ကြီး
မှာတော့ သုံးလခွဲကြာရိုက်တယ်။ အဓိကကတော့ အများသိကြတဲ့ ဒေသအခေါ်အဝေါ်နဲ့ 'ပဒေါင်
လူမျိုး'က မြန်မာနိုင်ငံရဲ့ တကယ့်တိုင်းရင်းသားအစစ်တွေ ဆိုတာကို သိစေဖို့ပါ" လို့ ဒါရိုက်တာ
အောင်ကိုလတ်က ပြောပါတယ်။
ကြေးပတ်သူများကို ရှမ်းဘာသာ စကားအရ ပဒေါင်လို့ခေါ်ပြီး ကယန်း တိုင်းရင်းသားတွေ ဖြစ်ကြ
ပါတယ်။
လဟွီ၊ လထာ၊ ကေခို၊ ကန်ငံ ဆိုပြီး ကယန်းတိုင်းရင်းသား လေးမျိုးရှိပြီး သူတို့တွေဟာ
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တစ်ဝိုက်မှာ နေထိုင်ကြကာ ၂၀၀၈ ခုနှစ်မတိုင်ခင်အထိ နှစ်ပေါင်း
များစွာကတည်းက လူပွဲစားရယ်၊ လူကုန်ကူးရယ်၊ မိမိဘာသာမိမိရယ် ဆိပ်ကမ်းကိုကျော်ဖြတ်ပြီး
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မင်းဟန့်ဆောင်ဆိုတဲ့ ထိုင်းအစိုးရတည်ပေးထားတဲ့ ရွာတွေမှာသွားပြီး
လုပ်ကိုင်နေထိုင် စားသောက်နေတာကြောင့် ကယန်းတိုင်းရင်းသားတွေဟာ မျိုးတုံးပျောက်ကွယ်
လုဖြစ်နေပါပြီ။
ဒါကို တိုင်းရင်းသား ယဉ်ကျေးမှုတစ်ခုအရ ကယန်းတိုင်း ရင်းသူလေးယောက်နဲ့ သရုပ်ဖော်ထားတဲ့
ဇာတ်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်ညွှန်းကို အမေရိကန်နိုင်ငံသား Mr Hector Carosso က ရေးသားပေးတာဖြစ်ပြီး ကယန်း
တိုင်းရင်းသူ အစစ်တွေဖြစ်ကြတဲ့ ခင်မာဝင်း(ဖယ်ခုံ)က မူဒန်းအဖြစ်နဲ့ နွယ်နီဝင်း(ဖယ်ခုံ)က မူလိုင်း
အဖြစ် ပါ၀င်ထားကာ မူဖောင်းအဖြစ် ဖယ်ခုံက နှင်းမိုင်နဲ့ မူရန်းအဖြစ် ရို့စ်မယ်ရီက သရုပ်ဆောင်
ထားကြပါတယ်။
မင်းသား ထွန်းလွင်အောင်ကတော့ ရဲမှူးအဖြစ် သရုပ်ဆောင်ထားပြီး တိုင်းရင်းသူ လေးဦးထဲက
တစ်ဦး လူကုန်ကူးခံရတာကို ကျန်တဲ့သုံးဦးက ပြန်လည်ကယ်တင်တဲ့ ပုံစံကို စွန့်စားမှုဆန်ဆန်
တင်ပြထားတာ ဖြစ်ပါတယ်။
အချိန်တစ်နာရီခွဲကြာ ကြည့်ရှုရမယ့် ဒီဇာတ်ကားထဲမှာ ကယန်းဘာသာနဲ့ ပြောကြတဲ့ ဇာတ်ဝင်ခန်း
တချို့ ပါ၀င်ပြီး မြန်မာစာတန်းထိုးပေးသွားမှာ ဖြစ်ပါတယ်။
"အမှန်အတိုင်းပြောရရင် ဒီကားနဲ့ ဒီမှာ ပထမဦးဆုံး ရုံတင်ပြဖူးတာပါ။ အခုလည်း ရုံတင်ရက်နီးလာ
တော့ ကုန်ကျစရိတ်တော်တော်များများလည်း ရှိလာပါပြီ။ ဒီတစ်ကားတည်းနဲ့ပဲ သူများရဲ့ဇာတ်ကား
၁၀ ကား၊ ၁၅ ကားစာလောက် ကုန်သွားပြီ။ မြတ်အောင် မလုပ်တတ်ဘဲနဲ့ ကောင်းအောင်ပဲ
လုပ်တတ်တော့ ဘေးကကြည့်တဲ့ တချို့သူတွေကတောင် ရူးနေကြတယ်လို့ ထင်တဲ့အထိပဲ။
ဒါပေမဲ့ ကျွန်တော်လုပ်ချင်တဲ့ အဆင့်အတန်းမီတဲ့၊ အရည်အသွေးမီတဲ့ကားမျိုးရှိတယ် ဆိုတာကို
ပြခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ဒီလောက်လုပ်နိုင်တာကလည်း ပံ့ပိုးတဲ့သူတွေရဲ့ ကျေးဇူးလည်း
ပါတယ်။ အစစ်အမှန်ကို ရိုက်ထားတဲ့အတွက် အစစ်အမှန်ကို ကြည့်ချင်တဲ့ သူတိုင်းလည်း
လာအားပေးကြပါလို့ ပြောချင်ပါတယ်"လို့ ဦးအောင်ကိုလတ် က ဆိုပါတယ်။
ဒီဇာတ်ကားကို နေပြည်တော်က အောင်သပြေရုပ်ရှင်ရုံမှာ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လထဲမှာ ရုံတင်
ပြသခဲ့ပေမယ့် ပရိသတ်ကြားမှာ လူပြောများတဲ့ ဇာတ်ကားတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်၊
မတ်လ ၂၈ ရက်နေ့မှာ မလေးရှားမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော် (AIFFA
2013) မှာတော့ special jury ဆုကို ရရှိခဲ့ပြီး နိုင်ငံတကာမှာလည်း ရုံတင် ပြသခဲ့ပါသေးတယ်။
ကင်မရာက Dolby 5.1 SR, Surrounding နဲ့ Drama/ Fictionအမျိုးအစားဖြစ်တာကြောင့်
နိုင်ငံတကာအဆင့်မီ ရုပ်ပိုင်းရော၊ အသံပိုင်းပါ ကွဲထွက်နေမှာဖြစ်သလို ဒါရိုက်တာ ကိုယ်တိုင်လည်း
အချိန်ယူဖန်တီးထားတဲ့ ဇာတ်ကားဖြစ်ပေမယ့် ရန်ကုန် ပရိသတ်တွေ အကြိုက်တွေ့ကြမလား
ဆိုတာကိုတော့ ဇာတ်ကားရုံတင်တဲ့ အချိန်ရောက်မှသာ သိရှိအဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။
















