"တခြားသူတွေ မခွဲခြားခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ခွဲခြားထားခဲ့တာပါ"လို့ လိင်တူချစ်သူ တစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်ကနေ ခွဲခြားဆက်ဆံခံရပုံကို ဖြိုးက အေးစက်စက်လေသံနဲ့ ဖွင့်ပြောလိုက်ပါတယ်။
"တခြားသူတွေ မခွဲခြားခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ခွဲခြားထားခဲ့တာပါ"လို့ လိင်တူချစ်သူ
တစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်ကနေ ခွဲခြားဆက်ဆံခံရပုံကို ဖြိုးက အေးစက်စက်လေသံနဲ့
ဖွင့်ပြောလိုက်ပါတယ်။
အခုချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်နေတဲ့ Colors
Rainbow အဖွဲ့အစည်းမှာ တက်ကြွတဲ့ ၀န်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ ဖြိုးက သူဖြတ်သန်းခဲ့
ရတဲ့ ဂေး (အမျိုးသားချင်းစိတ်ဝင်စားသူ) တစ်ယောက်ရဲ့ဘဝကို ပွင့်ပွင့်လင်းလင်း ပြောနေနိုင်ပါပြီ။
"ကျွန်တော်တို့ ငယ်ငယ်က လိင်တူဆက်ဆံသူတွေနဲ့ ပတ်သက်ပြီး ဘာမှ ဗဟုသုတ မရှိခဲ့ဘူးလေ။
ယောကျ်ားအချင်းချင်း ချစ်ကြိုက်ကြတာ မပြောနဲ့ ဖက်နေ၊ နမ်းနေတဲ့ ပုံမျိုးတွေတောင် တစ်ခါမှ
မတွေ့ဖူးခဲ့ဘူး။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်လည်း ချစ်ကြကြိုက် ကြပြီဆို မိန်းကလေးနဲ့
ယောကျ်ားလေးပဲ။ လက်ညှိုးထိုးပြစရာ ယောကျ်ားစုံတွဲဆိုတာ ရှိမှမရှိခဲ့တာ"လို့ လိင်တူဆက်ဆံသူ
တွေအကြောင်း ဗဟုသုတမရှိခဲ့တဲ့အကြောင်းကို အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဖြိုးက ပြောပြပါတယ်။
မြန်မာနိုင်ငံ တောင်ဖျားပိုင်း၊ တနင်္သာရီဒေသ၊ မြိတ်မြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ထားဝယ်သား ဖြိုးက
သူ့ငယ်ဘဝမှာ ဂေးတွေအကြောင်း ဗဟုသုတနည်းခဲ့ရတာကြောင့် ကိုယ်တိုင် ဂေးတစ်ယောက်
ဖြစ်နေတဲ့အတွက် အရမ်း စိတ်ပင်ပန်းခဲ့ရတယ်လို့ ပြောပြပါတယ်။
"ကျွန်တော် ကိုယ့်ကျန်းမာရေးအတွက်တောင် စိုးရိမ်လာတယ်။ ငယ်ငယ်လေးကတည်းက
ကောင်မလေးတွေကို မကြိုက်ဘူး။ ကောင်လေးတွေပဲ စိတ်ဝင်စားတယ်။ ဒါပေမဲ့ ကျွန်တော်
ကောင်မလေးတွေလိုတော့ မဝတ်ရဲဘူး။ ဒါဆို ကိုယ်က ဘာလဲပေါ့။ အဲဒီအတွေးတွေကြောင့်
ကြောက်ရင်း လန့်ရင်းနဲ့ ကျွန်တော် စိတ်ရောဂါဖြစ်နေတယ်လို့ ခံစားမိလာတယ်"လို့ ဖြိုးက
ပြောပါတယ်။
မိဘနဲ့ အစ်ကိုတွေရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေအပြင် သတိထားစောင့် ကြည့်မှုတွေကလည်း
သူ့အတွက် အလွန် ပင်ပန်းစေခဲ့တယ်လို့လည်း ရင်ဖွင့်ပါတယ်။
"မိန်းကလေးလို အရမ်းဝတ်ချင်တဲ့အချိန်တွေဆို အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန် ခိုးဝတ်တယ်။
ဒါပေမဲ့ တစ်ယောက်ယောက် တွေ့သွားမှာ အရမ်း စိုးရိမ်ခဲ့ပါတယ်။ အမေတို့ရှေ့မှာ ရိုးရိုးပုဆိုး
၀တ်ထားလို့ ပုဆိုးက တိမ်းစောင်းပြီး ထဘီလို သပ်သပ်ရပ်ရပ် ပြားချပ်နေရင်၊ လမ်းလျှောက်လို့
နည်းနည်းနွဲ့သွားရင်၊ သနပ်ခါးလိမ်းလို့ မှန်ကြည့်ပြီး နဖူးပေါ်က ဆံပင်လေးသပ်တင်လိုက်ရင်တောင်
တစ်အိမ်လုံးက ချက်ချင်း ပြန်ဝတ်ခိုင်း၊ လမ်းပြန်လျှောက်ခိုင်းနဲ့ ဆူငေါက်ရိုက်ပုတ်တော့တာပါပဲ"လို့
ငယ်ငယ်က အကြောင်းတွေကို ပြန်တွေးရင်း ဖြိုးက တစ်လုံးချင်း ပြောပါတယ်။
ဒီလို မိန်းကလေးတစ်ယောက်ပုံစံ အပြင်ကို မထုတ်ပြခဲ့တာကြောင့်လည်း မိန်းကလေးပုံစံဝတ်ဆင်
တဲ့ တခြား ဂေးတွေလောက် ခွဲခြား မခံခဲ့ရဘူး လို့လည်း ဆိုပါတယ်။
ဒါပေမဲ့လည်း ဘယ်တော့များ သူ့ရဲ့ လိင်စိတ်ခံယူမှုအမှန်ကို သူများတွေ သိသွားမလဲဆိုတဲ့စိတ်
ကြောင့် မသက်မသာ မလုံခြံုစွာနဲ့ဘဲ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်တဲ့။
"သူငယ်ချင်းတွေ သိသွားမှာ အရမ်းကြောက်တယ်။ ကိုယ့်ကို 'အခြောက်မ' လို့ အော်ခေါ်ခံရ
မှာလည်း သေမလောက်ပဲ။ ဒါပေမဲ့ ကိုယ်က မိန်းမလို မဝတ်တော့ တခြားမိန်းမလျာတွေလောက်
ခွဲခြားမခံခဲ့ရဘူး။ ဥပုသ်စောင့် ဘုရားသွားတာကအစ မသိသာဘူးလေ။ သူတို့ (မိန်းမပုံဝတ်ထားသူ
တွေ) ဆိုရင်တော့ မောင်းထုတ်ခံရတာမျိုး၊ ဘုန်းကြီးကျောင်းထဲ အဝင်မခံတာမျိုးတွေ ရှိတယ်"လို့
ဖြိုးက ပြောပြပါတယ်။
ဖြိုးတစ်ယောက် စီးပွားရေးမေဂျာနဲ့ ဘွဲ့ရပြီးချိန်မှာတော့ ကိုယ့်ဘဝအမှန်ကို နေခွင့်မရတဲ့
ပတ်ဝန်းကျင်ကနေထွက်ခွာပြီး ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းမြို့မှာရှိတဲ့ အင်န်ဂျီအိုတစ်ခုမှာ
၀န်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီမှာပဲ လိင်တူချစ်သူတွေအကြောင်းနဲ့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးဆိုင်ရာဗဟုသုတတွေကို
သင်တန်းတစ်ခုမှာ တက်ရောက်ခွင့်ရခဲ့ပြီး သူ့ဘဝအတွက် အပြောင်းအလဲ ဆုံးဖြတ်ချက်တစ်ခုကို
ချနိုင်ခဲ့ပါတယ်။
"အဲဒီဆုံးဖြတ်ချက်က ကျွန်တော်က ဂေးတစ်ယောက်အဖြစ် ထုတ်ပြောနိုင်ပြီး ကိုယ်တိုင်ဂေးတွေရဲ့
ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ ခွဲခြားဖိနှိပ်ခံ ရမှုတွေအတွက် ပါ၀င်လုပ်ဆောင်ပေးဖို့ပါပဲ"လို့ ဖြိုးက
ပြောပါတယ်။
ဒါကြောင့် ယောကျ်ားလျာ၊ မိန်းမလျာ၊ ယောကျ်ား၊ မိန်းမ နှစ်မျိုးစလုံး စိတ်ဝင်စားသူတွေနဲ့
ဆန့်ကျင်ဘက်လိင်အတိုင်း ပြောင်းလဲ ၀တ်ဆင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက်
လုပ်ဆောင်နေတဲ့ Colors Rainbow မှာ အလုပ်ဝင်လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဂေးတစ်ယောက်အဖြစ် လုံးဝ လက်ခံပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်ချိန်မှာ
အရင်က ဆုံးရှုံးခဲ့ရတဲ့ ခွန်အားတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပြန်ရလာတယ်လို့လည်း
သူက ပြောပြပါတယ်။
"လူတွေနောက်မှာပဲ တစ်ချိန်လုံး နေခဲ့တာကနေ ဂေးတွေအတွက် ဟိုးအရှေ့ဆုံးထိ ထွက်လာရဲပြီ။
ဒါပေမဲ့ အတိုက်အခိုက်တွေ အများကြီးကို ကြံုခဲ့ရတယ်။ လမ်းသွားရင်တောင် ဘယ်သူ ထဆဲမလဲ။
ဘယ်လိုလာ စော်ကားဦးမလဲပေါ့။ တစ်ယောက်တည်း ငိုခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်"လို့
ပြောသလို "ကျွန်တော်တို့ ဂေးဖြစ်နေတယ်ဆိုတာ အမှားတစ်ခုမဟုတ်ဘူးပေါ့နော်"လို့လည်း
ဖြိုးက ဆိုလိုက်ပါတယ်။
သူက ဘဝတူတွေကို တစ်ယောက်ချင်းစီနေထိုင်တာထက် ကိုယ်နဲ့စိတ်တူတဲ့ သူငယ်ချင်းတွေ
စုစည်းနေထိုင်တာက ပိုလုံခြံုမှုဖြစ်စေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားဖို့၊ တန်ဖိုးထားဖို့၊
လက်ရှိကြံုတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကို လျော့ပါး ပျောက်ကွယ်သွားအောင် ကြိုးစားသွား
ဖို့လည်း အကြံပေးပါသေးတယ်။
မိတ်ကပ် စိမ့်စိမ့်ကလည်း ဂေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အထူးလိုအပ်
တယ်လို့ ထပ်လောင်း ပြောဆိုလိုက်ပါတယ်။
သူကိုယ်တိုင်လည်း ကြံုခဲ့ရတဲ့ ငယ်ဘဝ အခက်အခဲ၊ ပတ်ဝန်းကျင်က လက်မခံမှုတွေကို စိတ်ဓာတ်
မာမာနဲ့ ကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
"အမေနဲ့ အစ်မတွေချည်းနဲ့ပဲ နေခဲ့တာဆိုတော့ အိမ်မှာက ကိစ္စမရှိဘူး။ ဒါပေမဲ့ ဘကြီးတွေနဲ့
အစ်ကို ၀မ်းကွဲတွေက ကိုယ့်ကို ဘယ်လိုမှ ကြည့်မရခဲ့ဘူးလေ။ ဆယ်တန်းအောင်တဲ့ အချိန်မှာ
ကိုယ့်ကို ပုံစံပြောင်းမယ်ဆိုပြီး သစ်တောထဲမှာ အလုပ်လုပ်နေကြတဲ့ အစ်ကိုတွေက သူတို့နဲ့
အလုပ်လုပ်ရမယ်ဆိုပြီး လာခေါ်သွားတာ။ ဟိုမှာ ငိုယိုပြီး ဆန္ဒတွေပြလိုက်တာ ၁၀ ရက် လောက်
ကြာတော့ လက်လျှော့လိုက်ကြပြီး အိမ်ပြန်ပို့လိုက်ကြတယ်"လို့ စိမ့်စိမ့်က အပြံုးနဲ့ ပြောပြပါတယ်။
မွေးကတည်းကပါလာတဲ့ လိင်တူချစ်တဲ့ သူ့ရဲ့စိတ်ကို ဘယ်သူကမှ မပြောင်းလဲနိုင်ဘူးလို့လည်း
ပြောပြရင်း ဒီအတွက် တခြားဘဝတူတွေလိုပဲ သူလည်း ခွဲခြားဆက်ဆံမှုကို ခံခဲ့ရတယ်လို့လည်း
ရင်ဖွင့်ပါတယ်။
"ခွဲခြားမှုတွေကတော့ အများကြီးပဲ။ ကိုယ်ပေါင်းတဲ့ မိန်းကလေးသူငယ်ချင်းက ယောကျ်ားလျာလို
ပုံစံလေးဆိုတော့ ပိုဆိုးသေးတယ်။ ကျားလျားနေတဲ့ မိန်းကလေးနဲ့ ပျော့နွဲ့တဲ့ယောကျ်ားလေး
ဆိုတော့ အပြောတော့ တော်တော် ခံခဲ့ရတာပါပဲ"လို့ စိမ့်စိမ့်က ပြောပြပါတယ်။
ခုချိန်မှာ နာမည်ရနေပြီဖြစ်တဲ့ မိတ်ကပ်ဖန်တီးရှင် တစ်ယောက် ဖြစ်နေပေမယ့်လည်း ဂေး
တစ်ယောက်ဖြစ်နေတဲ့အတွက် အလုပ်စကားပြောချိန်မှာ မလေးစားတဲ့ အပြုအမူတွေကြံုတွေ့
ရတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ ကြံုနေရတုန်းပါပဲလို့လည်း ဆိုပါသေးတယ်။
"မိတ်ကပ်ဆရာက မိန်းမဖြစ်ဖြစ်၊ မိန်းမလျာဖြစ်ဖြစ် သူ့ရဲ့အလုပ်ကို တန်ဖိုးထားကြတာပဲလေ။
ဒါပေမဲ့ လူတချို့ကတော့ ကိုယ့်မိတ်ကပ်ဖန်တီးမှုကို ဘယ်လောက်ကြိုက်ကြိုက် ကိုယ်နဲ့စကားပြော
ရင် "ဟင်..အခြောက်မ ပါလား" ဆိုတဲ့ပုံစံနဲ့ အထင်သေးသလိုလို အမူအရာတွေက ပြောင်းကြ
တယ်။
မြန်မာနိုင်ငံမှာက ခုချိန်ထိ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မခွဲခြားတတ်ကြသေးဘူးလို့ စိမ့်
ကတော့ ထင်တယ်"လို့ သူ့ထင်မြင်ချက်ကိုလည်း ပြောပြပါတယ်။
ဒါပေမဲ့လည်း နိုင်ငံတကာ အတိုင်းအတာနဲ့ နာမည်ကျော်လာတဲ့ လိင်တူ လက်ထပ်ခွင့်အခွင့်အရေး
အတွက်ကိုတော့ သိပ်ဘဝင်မကျလှဘူးလို့ သုံးသပ်ပါတယ်။
"ငယ်ငယ်ကတော့ စိတ်ကူးယဉ်ခဲ့တာပေါ့လေ။ ဒါပေမဲ့ ခုချိန်မှာ ယောကျ်ား၊ မိန်းမယူကြပြီဆိုတာနဲ့
တစ်ဝက်လောက်က အိမ်ထောင်ပြန် ကွဲကြတာပဲလေ။ ဂေးတွေဆို ပိုဆိုး မယ်ထင်တယ်။
တစ်ယောက်တည်းကို စွဲစွဲမြဲမြဲချစ်တဲ့ ဂေးဆိုတာ ရှိပေမယ့် တစ်ရာမှာ တစ်ယောက်လောက်ပဲဆို
တော့ တကယ်လို့ လက်ထပ်ခွင့်သာ ပေးရင် အိမ်ထောင်ဆက်တော်တော်များတဲ့ ဂေးတွေ
ထွက်လာမှာသေချာတယ်"လို့သူ့အမြင်ကို အရွှန်းဖောက်ရင်း ရယ်ရယ်မောမော ပြောပါတယ်။
ဒါပေမဲ့ အလုပ်ခွင်မှာ ဂေးတွေကို ခွဲခြားဆက်ဆံတာတွေ လျော့ပါးသယောင်ဖြစ်လာပေမယ့်
မိသားစုတွေ ကိုယ်တိုင်က လက်မခံသေးတာကြောင့် ဂေးနဲ့ပတ်သက်တဲ့ အခွင့်အရေးဆိုင်ရာ
ဗဟုသုတတွေကို ဂေးတွေရဲ့ မိသားစုဝင်တွေကိုပါ မျှဝေသင့်တယ် ဆိုတာကို ရယ်မောလို့အပြီးမှာ
စိမ့်စိမ့် က အလေးအနက်ထားပြီး ပြောဆိုလိုက်ပါတယ်။
"အိမ်က လက်မခံသေးလို့ အပြင်မှာပဲ ပွင့်ပွင့်လင်းလင်းနေရဲတဲ့ ဂေးတွေရှိတယ်။ ဘယ်လောက်ပဲ
မိန်းကလေးတစ်ယောက်လို ၀တ်ဆင်ပြောဆိုနေပါစေ။ သူတို့ အိမ်ပြန်တဲ့အချိန်မှာတော့
ယောကျ်ားလေးအတိုင်း ပြန်နေကြရတယ်။ အဲဒီလို ဖုံးကွယ်ထားတဲ့ ဂေးတွေကျတော့ စိတ်ဖိစီးမှု
အရမ်းများပြီး အမှားပိုကျူးလွန်တတ်ကြတယ်" လို့ သူက ဆက်ပြောပါတယ်။
လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး အခွင့်အရေးနဲ့ ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းတွေကို
လုပ်ဆောင်နေတဲ့ Colors Rainbow အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ကိုလှမြတ်ထွန်းကတော့
လုပ်ငန်းလည်ပတ်ဖို့အတွက် ပညာတတ်ပြီး ပွင့်လင်းတဲ့ ဂေးတွေ တော်တော် လိုအပ်နေသေးတယ်
လို့ ပြောပါတယ်။
"မြန်မာနိုင်ငံမှာ လက်ရှိအောင်မြင်နေတဲ့ ရုပ်ရှင်၊ အဆိုတော်၊ ဆရာဝန် အစရှိတဲ့ အလွှာအသီးသီး
မှာ ဂေးတွေ ရှိပါတယ်။ ဒါပေမဲ့ လူရှေ့ထွက်လာရဲတဲ့သူ မရှိသလောက်ရှားတယ်။ အခုလို လိုအပ်
နေတဲ့နေရာတွေမှာ ၀င်ဖြည့် ပေးလိုက်ရင် ကျွန်တော်တို့ ကြိုးစားနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု
တွေက ပိုထိရောက်မယ်လို့ ယုံကြည်ပါတယ်"လို့ တိုက်တွန်းပြောလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ မီဒီယာအပါအဝင် နေရာတိုင်းလိုလိုမှာ ဂေးတွေကို ခွဲခြားမှုဖြစ်ပေါ်စေတဲ့
အသုံးအနှုန်းတွေ ရှိနေဆဲလို့ ကိုယ်တိုင်ဂေးဖြစ်ကြောင်း ထုတ်ပြောထားတဲ့ ကိုလှမြတ်ထွန်းက
ပြောပါတယ်။
"တချို့မီဒီယာတွေမှာ လွဲမှားနေတဲ့ အသုံးအနှုန်းတွေသုံးနေကြတုန်းပါပဲ။ မေးခွန်းမေးတာတောင်
အစ်ကိုတို့ လိင်တူဆက်ဆံသူတွေ အနေနဲ့' ဆိုတော့ ကြားလိုက်တဲ့သူတွေက အိပ်ရာထဲပဲ
ပြေးပြေးမြင်ကြတယ်။
ပြီးတော့ ကျွန်တော်တို့ အခုလို ကြိုးစားမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ လိင်တူဆက်ဆံဖော်
တွေများလာဖို့ မဟုတ်ပါဘူး။ လူ့အခွင့်အရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ခွဲခြားဖိနှိပ်မှုတွေ မရှိစေဖို့
အတွက်ပါ"လို့ ကိုလှမြတ်ထွန်းက ပြောပါတယ်။
မုန်းတီးခံရတဲ့ လိင်စိတ်ခံယူမှုကွဲ ပြားသူတွေဟာ မိဘ၊ မိသားစုနဲ့ စာသင်ကျောင်းတွေမှာလည်း
ခွဲခြားခံရမှုတွေ ရှိနေပါသေးတယ်လို့ သူက ပြောပါတယ်။
"လူတွေက ကျွန်တော်တို့ကို ပြောင်းလဲလို့ ရလိမ့်မယ်လို့ပဲ ထင်နေကြတယ်။ အမှန်တော့ အဲဒီလို
အတင်း ၀ုိင်းပြောင်းလဲကြရင်းမှ ပိုဆိုးတဲ့ အခြေအနေတွေ ဖြစ်လာကြတာပါ။ ဥပမာ- ကျောင်းထွက်
ရတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ တစ်သက်လုံး စိတ်အားငယ်သွားတာမျိုးပေါ့" လို့
ဆက်ပြောပါတယ်။
လူ့အခွင့်အရေး တန်းတူရနိုင်ရေး လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့အစည်းရဲ့
အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက လတ်တလော မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှုကွဲပြား
သူတွေရဲ့အခွင့်အရေးအတွက် လုပ်ဆောင်တဲ့ အဖွဲ့အစည်းငယ်တွေများပြားလာပေမယ့် လမ်းပေါ်
ရောက် မိန်းမလျာတွေရဲ့ လုံခြံုမှုအတွက်ကိုတော့ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါ
တယ်။
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေဆဲဖြစ်တဲ့ (သဘာဝမကျတဲ့ လိင်ဆက်ဆံမှုကျူးလွန်ခြင်း ပုဒ်မ
၃၇၇ အရ) မိန်းမလျာတွေကို ဖမ်းဆီးအရေးယူနေဆဲဖြစ်ပြီး ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေတဲ့
အတွက် ဖမ်းဆီးအရေးယူသူတွေကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတတွေ မျှဝေသင့်တယ်
လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ဥပဒေနည်းလမ်းအရ ဖမ်းဆီးချင်တယ်ဆိုရင် ဖမ်းပါ။ ဒါပေမဲ့ နှိပ်စက် အကြမ်းဖက်တာတွေ၊
သက်သေမခိုင်လုံဘဲ အရေးယူတာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေအတွက်တော့
လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်နေ သူတစ်ယောက်အနေနဲ့ အပြင်းအထန်ကို ရှုတ်ချပါတယ်"
လို့ ဆိုပါတယ်။
အပြစ်တစ်စုံတစ်ရာမရှိဘဲ ကွဲပြားတဲ့ လိင်စိတ်ခံယူမှုက ဥပဒေတစ်ရပ်ကို ကျူးလွန်နေတာ
မဟုတ်တဲ့အပြင် လိင်တူချစ်သူတွေကလည်း လူသား တွေပဲဖြစ်တာကြောင့် သူတို့အတွက်
ကာကွယ်ပေးမယ့် ဥပဒေတစ်ရပ်လည်း ရှိသင့်တယ်လို့ သူကဆိုပါတယ်။
"ကျွန်တော်တို့က ဂေးဖြစ်ချင်ပါတယ်ဆိုပြီး မွေးဖွားလာကြတာ မဟုတ်ပါဘူး။ ပြီးတော့ အခု
လုပ်ဆောင်နေတာကလည်း တစ်နိုင်ငံလုံး ဂေးတွေ ဖြစ်အောင် လုပ်နေကြတာပါလို့ အထင်
မရောက်စေချင်ပါဘူး။ ဂေးဆိုတာလည်း လူသားပဲမို့ လူသားတစ်ယောက်ရဲ့ အခွင့်အရေးအတွက်
လုပ်ဆောင်နေကြတာပါ။ ဘာအပြစ်မှမရှိဘဲ လမ်းပေါ်မထွက်ရဲတဲ့၊ ရဲတွေ့ရင် ကြောက်နေရတဲ့
လူတွေ မဖြစ်စေချင်ပါဘူး။ တကယ်လို့ ဂေးတွေအတွက် ကာကွယ်ပေးဖို့ ဥပဒေမရှိရင်တောင်
အရေးယူမယ့်ဥပဒေက ဘက်မလိုက်တဲ့၊ မျှတတဲ့၊ မုန်းတီးမှုအစွဲကင်းတဲ့ ဥပဒေမျိုးပဲ ဖြစ်စေချင်
ပါတယ်"လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မိန်းမလျာဆိုရင် နတ်ကတော်နဲ့ ရှောက်သီးဆေးပြားသည်အဖြစ်သာ လက်ခံခဲ့ကြ
ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အလှဖန်တီးရှင်၊ ဒီဇိုင်နာစတဲ့ မိန်းမလျာတွေရဲ့ အလုပ်
အကိုင်တွေ ပြောင်းလဲလာကြသလို ခုချိန်မှာတော့ အလွှာအသီးသီးမှာ အောင်မြင်နေတဲ့
ပညာတတ် မိန်းမလျာတွေလည်း ပေါ်ပေါက်နေပြီဖြစ်ပါတယ်။
















