စာပေလောကမှာလည်း 'ခိုး' ...'ခိုး' ကြလေတယ်

စာပေလောကမှာလည်း 'ခိုး' ...'ခိုး' ကြလေတယ်

စာရေးဆရာတွေအတွက် စာပေစိစစ်ရေးရဲ့ ပြင်းထန်လွန်းတဲ့ စနစ်အောက်မှာ သူတို့ရဲ့ စာပေလက်ရာတွေ ဖြတ်တောက်၊ ကြက်ခြေခတ်ခံရမှာကို စိုးရိမ်ကြောင့်ကြခဲ့ရတဲ့ နေ့ရက်တွေဟာ ခုဆိုရင် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

စာရေးဆရာတွေအတွက် စာပေစိစစ်ရေးရဲ့ ပြင်းထန်လွန်းတဲ့ စနစ်အောက်မှာ သူတို့ရဲ့ စာပေ
လက်ရာတွေ ဖြတ်တောက်၊ ကြက်ခြေခတ်ခံရမှာကို စိုးရိမ်ကြောင့်ကြခဲ့ရတဲ့ နေ့ရက်တွေဟာ
ခုဆိုရင် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးကမှ စာရေးဆရာ တစ်ဦး ကြံုတွေ့ခဲ့ရတဲ့ ပြဿနာကတော့ အရင်ကကြံုရတာ
တွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။

အဲဒီ စာရေးဆရာရဲ့ စာပေလက်ရာဟာ တစ်လုံးမှ ဖြတ်တောက်ခြင်းမရှိဘဲ ပုံနှိပ်ဖော်ပြခံရပေမယ့်
သူ့နာမည်နဲ့တော့ မဟုတ်ပါဘူး။

ကလေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာ နေမင်းအောင်ဟာ မနှစ်က နိုဝင်ဘာလထဲမှာ
စာပေနယ်ပယ်ထဲက အလွတ်တန်း သတင်းထောက် တစ်ဦးကို သူ့ရဲ့ ကဗျာနဲ့ ဆောင်းပါးတွေ
ဂျာနယ်ထဲမှာ ဖော်ပြပေးဖို့ အကူအညီတောင်းခံပြီး ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့လက်ရာတွေကို ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်နဲ့ မဂ္ဂဇင်းတစ်အုပ်မှာ တွေ့လိုက်ရတဲ့
အခါမှာတော့ သူ့နာမည်နဲ့မဟုတ်ဘဲ သူအကူအညီ တောင်းခံသူရဲ့ ကလောင်အမည်နဲ့ ဖြစ်နေတာ
ကို တွေ့လိုက်ရပါတယ်။

"အဲဒီသတင်းထောက်က Hello ဂျာနယ်နဲ့ ဂမ္ဘီရ မဂ္ဂဇင်းမှာ ထည့်ပေးဖို့ ကျွန်တော်ရဲ့ ကဗျာတွေနဲ့
ဆောင်းပါးတွေကို ယူသွားခဲ့တယ်"လို့ ကိုနေမင်းအောင်က ပြောပြပါတယ်။

"ဂျာနယ်နဲ့ မဂ္ဂဇင်းမှာ ပါလာတော့လည်း သူ ကျွန်တော်ကို လာပြပါတယ်။ ဒါပေမဲ့ သူ့နာမည်နဲ့ပဲ
ပါလာတာလေ။ ကျွန်တော်ကိုလည်း ထပ်ရေးဖို့ သူက တိုက်တွန်းသေးတယ်" လို့လည်း
ဆက်ပြောပြပါတယ်။

သူ အားထုတ်ရေးသားခဲ့တဲ့ စာမူတွေ ပုံနှိပ်ဖော်ပြခြင်းခံရတာကြောင့် ၀မ်းသာရပေမယ့် သူ့နာမည်နဲ့
မဟုတ်ဘဲ တခြားသူနာမည်နဲ့ ပါလာတာကြောင့် စာဆက်ရေးဖို့ အားလျော့မိတယ်လို့လည်း
ဆိုပါတယ်။

"စာမူပုံနှိပ်ခံရတယ်ဆိုတာ ကျွန်တော်တို့အတွက်တော့ အင်အားတစ်ခုပါပဲ။ ဒါပေမဲ့ အခုလိုအဖြစ်
အပျက်တွေကြောင့် စိတ်ဓာတ်ကျမိတယ်" လို့ ကိုနေမင်းအောင်က ရင်ဖွင့်ပါတယ်။

သူ့ကဗျာနဲ့ ဆောင်းပါးတွေ ၁၀ ပုဒ် လောက်ဟာ အလွတ်တန်းသတင်းထောက်ရဲ့ နာမည်နဲ့သာ
ဖော်ပြခံရသလို စာမူခဆိုတာလည်း မရခဲ့ပါဘူးလို့ ဆိုပါတယ်။

နေမင်းအောင်ဟာ ၂၀၀၆ ခုနှစ်လောက်ကစပြီး သူ့ရဲ့ ကလေးစာပေ ငါးအုပ်လောက် ပုံနှိပ် ထုတ်ဝေ
ခဲ့ပြီးတဲ့နောက်မှာ ၀ါသနာကို တစိုက်မတ်မတ်လုပ်ကိုင်ဖို့အတွက် ဇာတိဖြစ်တဲ့ တောင်ကြီးမြို့ကနေ
ရန်ကုန်မြို့ဆီကို ရောက်ရှိလာရာက အလွတ်တန်းသတင်းထောက်နဲ့ တွေ့ဆုံ သိကျွမ်းခဲ့တာ
ဖြစ်ပါတယ်။

"ကျွန်တော်လည်း တိုင်တာတွေ ဘာတွေ မလုပ်တော့ဘူး။ နောက်ပိုင်းတော့ တိုက်ကို ကိုယ်တိုင်
သွားပြီး စာမူအပ်တယ်။ တခြားလူကနေ တစ်ဆင့် မအပ်တော့ဘူး"လို့ ဆိုပါတယ်။

ကိုနေမင်းအောင်ဟာ သူ့စာပေ ဖန်တီးမှုဟာ ခိုးယူခံနေရတယ်ဆိုတာ သတိထားမိသလို ကိုယ်ရဲ့
လက်ရာ စာပေတွေကို ပုံနှိပ်ဖော်ပြခံရဖို့အတွက် အခွင့်အရေးရှာဖွေနေကြရတဲ့ စာရေးဆရာတွေ
အများကြီးရှိနေတယ်ဆိုတာကိုလည်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ကဗျာဆရာ၊ စာရေးဆရာ သစ္စာနီက သူလည်း ကဗျာဆရာပေါက်စ အချိန်တုန်းက သူ့ရဲ့စိတ်ကူး
စိတ်သန်းတွေကို တခြားသူက တနည်းအားဖြင့် အသုံးချတာကို ကြံုခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒါမျိုးပြဿနာက အထူးသဖြင့် နယ်က ကလေးတွေ ခံရတာများပါတယ်။ ရန်ကုန်က ဂျာနယ်တိုက်
တွေကို အထင်တကြီးနဲ့ ပို့လိုက်၊ အယ်ဒီတာတွေက ဦးနှောက်ဖောက်စားတာမျိုး၊ စာမူတွေ ယူသုံး
ပြီး သူတို့နာမည်ခံတာတို့ လုပ်တယ်။ ဒါတွေက အရင်ကလည်းဖြစ်ဖူးပေမယ့် ရာခိုင်နှုန်းအားဖြင့်
တော့ နည်းပါတယ်"လို့ ဆိုပါတယ်။

"တချို့ဆို ကဗျာကို ရှေ့နောက်ပြင်ပြီး သူတို့နာမည်ခံ သုံးတာရှိတယ်။ အချက်အလက်၊ အကြောင်း
အရာ (သို့) အိုင်ဒီယာကို ယူသုံးတာလည်း ရှိတယ်။ ကဗျာမှာ အိုင်ဒီယာက အရေးကြီးဆုံးပါ။
တို့ ကဗျာစရေးခါစ ၁၉၆၅ ခုနှစ် လောက်တုန်းက ကိုယ်ပို့လိုက်တဲ့ ကဗျာက အပယ်ခံရတယ်။
ကဗျာစာမူကို ပယ်လိုက်တဲ့အယ်ဒီတာက ကဗျာရဲ့ အိုင်ဒီယာကိုယူပြီး သူ့စာလုံးတွေနဲ့ သူရေးလိုက်
တယ်။ အိုင်ဒီယာကို ယူသုံးလိုက်တာဆိုတော့ အရေးယူဖို့ကလည်း တော်တော်ခက်သွားတယ်"လို့
ဆရာ သစ္စာနီက သူ့အတွေ့အကြံုကို ပြောပြပါတယ်။

အယ်ဒီတာရဲ့ တာဝန်ဟာ ၀ါသနာပါတဲ့ လူငယ်လေးတွေကို မြေတောင်မြှောက်ပေးဖို့ တာဝန်ရှိ
သလို တာဝန်မဲ့ လုပ်တတ်တဲ့ လူနည်းစုကြောင့် မဂ္ဂဇင်းလောကမှာ နာမည်ပျက်နေတာတွေလည်း
ရှိတယ်လို့လည်း ဆိုပါတယ်။

"ဒီလိုကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ဘက်ကပဲ ရပ်တည်ပါတယ်။ ဒီလိုအတွေ့အကြံုမျိုး
ခံရရင်လည်း ခံရတဲ့လူတွေက တိတိကျကျနဲ့ သတ္တိရှိရှိ ထုတ်ဖော်ပြောဖို့ လိုပါတယ်။ စာပေ
လောကကို သိက္ခာကျဆင်းစေတဲ့ အမည်းစက်ပါ။ ဒါမျိုးကို ထိထိရောက်ရောက် အရေးယူပေးမယ့်
စာပေအဖွဲ့အစည်းတစ်ခု လိုအပ်ပါတယ်"လို့လည်း ဆိုပါတယ်။

နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေသလို စာပေလောကမှာလည်း အယ်ဒီတာတွေအားလုံး
ဟာ စိတ်ဓာတ် နိမ့်ပါးတဲ့သူတွေတော့ မဟုတ်ပါဘူး။ ရွှေအမြုတေမဂ္ဂဇင်းရဲ့ အယ်ဒီတာ ဖြစ်သူ
ဦးမျိုးမြင့်ညိမ်းကတော့ လက်ခံရရှိတဲ့ စာမူတွေကို သုံးသင့်၊ မသုံးသင့် ချင့်ချိန်သုံးသပ်တဲ့ အခါတိုင်း
မှာ စာရေးသူတွေရဲ့ သူတို့စာပေလက်ရာအပေါ် အားထုတ်ထားရတာတွေကို အမြဲတမ်း ထည့်သွင်း
စဉ်းစားလေ့ရှိတယ်လို့ ဆိုပါတယ်။

"ကျွန်တော်ဆိုရင် စာမူတစ်ပုဒ်ကို ရွေးပြီးသုံးလိုက်ဖို့ရာ ၀န်မလေးပါဘူး။ စာမူတစ်ခုကို ပယ်လိုက်
ဖို့ရာ အင်မတန် ၀န်လေးပါတယ်။ သူ့ရဲ့ရိုးသားစွာ ကြိုးစားထားတဲ့ စာမူတစ်ပုဒ်ကို ဘယ်လိုနည်းနဲ့
သုံးလို့ရမလဲလို့ စဉ်းစားပေးတယ်။ လွယ်လွယ်ကူကူ ဖတ်ပြီး မသုံးပါဆိုတဲ့မှတ်ချက်ကို ဘယ်တော့
မှ မပေးဘူး။ ဘယ်လိုနည်းနဲ့ သုံးလို့ရမလဲ၊ တည်းဖြတ်ရင် ရနိုင်မလား၊ နိဂုံး ပိုင်းလေးကို မကြိုက်ရင်
ပြန်ပြင်လို့ ရနိုင်မလားလို့ အမြဲတမ်း စဉ်းစားပေးပါတယ်"လို့ ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့အယ်ဒီတာ လုပ်သက်တစ်လျှောက်မှာတော့ တစ်ကြိမ်တော့ အမှားကြီးတစ်ခု ရှိခဲ့ဖူး
တယ်လို့ ဆိုပါတယ်။

"နာမည်ပြောင်းပို့တဲ့ လွဲချော်မှုတွေ မကြံုဖူးပေမယ့် ပေဖူးလွှာမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်တုန်းက
ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာကို တခြားနာမည်ကြီး ကဗျာဆရာတစ်ယောက်က
ရှေ့နောက် စကားလုံးလေးတွေ ဖလှယ်ပြီး တခြားကလောင် နာမည်နဲ့ ပို့လိုက်တာကို သုံးဖူးပါ
တယ်။ အယ်ဒီတာဘဝ တစ်လျှောက်မှာ အဲဒီတစ်ကြိမ်တော့ အမှားကြီးတစ်ခု ရှိခဲ့ဖူးပါတယ်"လို့
ပြောပြပါတယ်။

စာပေရေးသားရာမှာ ကိုယ်နှစ်သက်တဲ့ စာအုပ်တွေ (သို့) စာရေးဆရာတွေရဲ့ ရေးဟန်တွေက
စာရေးဆရာတွေပေါ်မှာ လွှမ်းမိုးမှု ရှိတာတော့ လက်ခံနိုင်ပါတယ်လို့ ဦးမျိုးမြင့်ညိမ်း က ဆိုပါတယ်။

"ဒါပေမဲ့ သူများဖန်တီးထားတဲ့ စိတ်ကူးစိတ်သန်း၊ စကားလုံးတွေနဲ့ စာမူတွေကို ကူးချတာမျိုး၊
နောက် ကိုယ့်ဟာအဖြစ် မသိချင်ယောင်ဆောင်ပြီး လုပ်တာမျိုးကတော့ လုံးဝ လက်မခံနိုင်ပါဘူး"
လို့ ဆိုပါတယ်။

ရွှေအမြုတေမဂ္ဂဇင်းတိုက်ကို ရောက်လာတဲ့ စာမူတွေအတွက် စာမူရှင်ဟာ ကိုယ်တိုင်ရေးကြောင်း
၀န်ခံချက်ရေးရပြီး စာမူပို့လာတဲ့ ကလောင်ရှင်က အသစ်ဖြစ်ပြီး သူ့ရဲ့စာမူကလည်း ကောင်းလွန်းရင်
ချက်ချင်းမသုံးသေးဘဲ နောက်ထပ်ပေးပို့မယ့်စာမူတွေကို ထပ်စောင့်တယ်လို့လည်း ပြောပြပါတယ်။

"လူသစ်လည်းဖြစ်တယ်၊ စာမူကလည်း အရမ်းကောင်းနေရင် မသုံးရဲပါဘူး။ စောင့်ကြည့်ပါတယ်။
သူဘယ်လောက်ရေးနိုင်သလဲဆိုတာကို စောင့်ဖတ်တယ်။ အထူးသဖြင့် ပေးပို့လာတဲ့ကလောင်ရှင်
ကို ကိုယ်တိုင်မမြင်ဘူးရင် ပိုသတိထားရပါတယ်။ ပေဖူးလွှာမှာ အယ်ဒီတာလုပ်တုန်းက စာရေး
ဆရာမ နုနုရည်(အင်းဝ)ရဲ့ စာမူနှစ်ပုဒ် ရလာတယ်။ စာမူကလည်း ကောင်းလွန်းတယ်၊ ကလောင်ရှင်
ကိုလည်း သိတော့ တစ်ခါတည်း သုံးရဲတယ်။ ဒီလိုပဲ ဆရာမမြနှောင်းညို စလာကတည်းက
လုံးချင်းဝတ္ထုကြီးနဲ့ လာတယ်။ လူကိုယ်တိုင်ကိုလည်း သိရတယ်၊ သူ့ကိုလည်း ယုံကြည်ရလောက်
တဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် သူ့စာမူတွေကို သုံးခဲ့တယ်"လို့ ဆရာက ဆိုပါတယ်။

မူပိုင်ခွင့်က မြန်မာနိုင်ငံမှာ အားနည်းနေချိန်မှာ စာပေသမားတွေအနေနဲ့ သူများဖန်တီးထားတာတွေ
ကို ခိုးယူခြင်းမပြုဘဲ လူကျင့်ဝတ်တရားကို စောင့်ထိန်းသင့်တယ်လို့လည်း ဆိုပါတယ်။

"သူများတကာတွေရဲ့ စာပေတွေကို မူရင်းစာရေးဆရာ သဘောတူညီချက် မပါဘဲ ကူးချတာမျိုးက
စာပေလောကမှာ ဖြစ်ခဲပါတယ်"လို့လည်း ဆရာ မျိုးမြင့်ညိမ်းက ပြောပါတယ်။

ဒါပေမဲ့ ဒါမျိုးအဖြစ်အပျက်မျိုးဟာ ရုပ်ရှင် လောကမှာလည်း ကြံုဖူးပါတယ်လို့ ဆက်ပြောပါတယ်။
စာရေးဆရာတစ်ယောက်ရဲ့ ၀တ္ထုဇာတ်လမ်းကို ကျောရိုးယူကာ ဇာတ်ညွှန်းပြန်ပြင်ပြီး ရုပ်ရှင်ရိုက်တဲ့
ဒါရိုက်တာတစ်ဦးလည်း ကြံုဖူးတယ်လို့ ဆိုပါတယ်။

"သူများဝတ္ထုကို ကိုယ့်ဝတ္ထုနာမည်ခံ ရုပ်ရှင်ရိုက်ပြီး ရုပ်ရှင်ရုံပေါ်ရောက် နာမည်ကျော်ပြီးမှ မူရင်း
စာရေးဆရာက ဖော်ထုတ်လို့ အရှက်တကွဲအကျိုး နည်းဖြစ်တဲ့ နာမည်ကြီး ဒါရိုက်တာတွေလည်း
အများကြီးပါ"လို့ ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။

ဥပဒေဆိုင်ရာတားမြစ်နိုင်မှုတွေ မရှိတာကြောင့်လည်း အနုပညာရှင်တွေဟာ ကိုယ့်ရဲ့စာပေတွေကို
ကာကွယ် နိုင်ဖို့အတွက် အချင်းချင်း စည်းလုံးဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

မကြာခင်က ထွက်ရှိလာတဲ့ ၀တ္ထုတိုပေါင်းချုပ် တစ်အုပ်မှာ စာရေးဆရာမ ခင်နှင်းယုရဲ့ ၀တ္ထုတို
တစ်ပုဒ်ဟာ တခြားနာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ အမည်နဲ့ ထွက်ရှိလာတာကြောင့်
အဲဒီပြဿနာဟာ ယခုထိ ဖြေရှင်းလို့ မပြီးနိုင်သေးဘူးလို့လည်း ပြောပြပါတယ်။

စာရေးဆရာ ဦးတင်ဦး(ကျူရှင်) ကလည်း ၂၀၀၃ ခုနှစ်ဝန်းကျင်တုန်းက စာရေးဆရာ မင်းသန့်ရဲ့
ဆောင်းပါးတွေကို နာမည်ကြီးအယ်ဒီတာ၊ ဘာသာပြန်တစ်ဦးက သူ့အမည်ပြောင်းလဲတပ်ဆင်ပြီး
ပိတောက်မြေမဂ္ဂဇင်းကို ပေးပို့ ဖော်ပြဖူးတာကို သတိထားမိခဲ့တယ်လို့ ပြောပြပါတယ်။

"ကျွန်တော်က မင်းသန့်ရဲ့ ဆောင်းပါးတွေ ဖတ်ဖူးတော့ မင်းသန့်ရဲ့ စာအရေးအသားကို သိနေတယ်။
နောက်ပြီး ပိတောက်မြေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆောင်းပါးကလည်း ယခင်က တခြားဂျာနယ်မှာ
ပါဖူးတော့ ဖတ်ဖူးတယ်။ ဒါ အဲဒီကလောင်ရှင်ရဲ့ လက်ရာမဖြစ်နိုင်ဖူးလို့ သံသယဖြစ်မိတယ်။ ဒါနဲ့
နှစ်ခေါက်၊ သုံးခေါက်ဖတ်ကြည့်တော့ ဒီဆောင်းပါးဟာ မင်းသန့်ဆောင်းပါးဆိုတာ သေချာသွား
တယ်"လို့ သူက ပြောပါတယ်။

ဒါကြောင့် မင်းသန့်ဆောင်းပါးတခြားအယ်ဒီတာအမည်နဲ့ ပါလာတဲ့အကြောင်းကို ဆောင်းပါး
ရေးသားပြီး ပိတောက်မြေမဂ္ဂဇင်း အယ်ဒီတာထံ ပေးပို့ခဲ့တယ်လို့ ပြောပြပါတယ်။

"ပိတောက်မြေ မဂ္ဂဇင်းအယ်ဒီတာက ပထမတော့ ဒီကိစ္စကို ဘယ်သူမှမပြောဖို့ ဆရာ့ကို
တောင်းဆိုတယ်။ သူက စာမူပေးပို့လာတဲ့ အယ်ဒီတာနဲ့ ညှိနှိုင်းကြည့်မယ်ဆိုပြီးတော့ ပြောတယ်။
နောက်တော့ ဘယ်လိုဖြစ်သလဲတော့ မသိဘူး။ သူ့အမည်ခံပြီးပေးပို့ လာတဲ့ အယ်ဒီတာက
စာကူးယူဖော်ပြမိတဲ့အတွက် တောင်းပန်စာတွေကို နာမည်ကြီးဂျာနယ်နဲ့ မဂ္ဂဇင်းတိုက်ငါးခုမှာ
ထည့်သွင်းတောင်းပန်ခဲ့ရပါတယ်"လို့ ဦးတင်ဦး(ကျူရှင်)က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး