'တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ' ဇာတ်ကားကို အမေရိကားမှာ ပြသသွားမည်

'တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ' ဇာတ်ကားကို အမေရိကားမှာ ပြသသွားမည်

လတ်တလော ရန်ကုန်မှာ ပြသနေပြီး ပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ 'တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ' ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် မြန်မာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက် ကမ်းလှမ်းခြင်းခံရတယ်လို့ သိရပါတယ်။

လတ်တလော ရန်ကုန်မှာ ပြသနေပြီး ပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ 'တိမ်မင်းသမီးရဲ့
ဒဏ္ဍာရီ' ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် မြန်မာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက်
ကမ်းလှမ်းခြင်းခံရတယ်လို့ သိရပါတယ်။

လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့မှာ ပြုလုပ်မယ့် မြန်မာ
ရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင် ဇာတ်ကားများနဲ့အတူ 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' ရုပ်ရှင်ဇာတ်ကား
ကိုလည်း ပြသသွားမယ်လို့ ဇာတ်ကားရဲ့ ထုတ်လုပ်သူလည်းဖြစ်၊ အဓိက သရုပ်ဆောင်လည်း
ဖြစ်တဲ့ နဝရတ်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း သွားပြဖို့စဉ်းစားဖူးတယ်။ ကားရိုက်ပြီး ခါစမှာ သူတို့ဘက်က
တောင်းဆိုတာပေါ့။ ဒါပေမဲ့ ဒီမှာလည်း ရုံမတင်ရသေးဘူး။ ကိုယ့်မြန်မာပရိသတ်ကိုလည်း မပြရ
သေးဘူးဆိုတော့ စိတ်သိပ်မပါခဲ့ဘူး။ အခုဒီနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလည်း ပြနေတုန်း
သူတို့ ဘက်ကလည်း ထပ်ကမ်းလှမ်းလာတော့ ပြသဖြစ်သွားတာပါ"လို့ ပြောပါတယ်။

မြန်မာရုပ်ရှင်ပွဲတော်ကို အမေရိကန် ရောက်မြန်မာလူမျိုးများ ပါ၀င်တဲ့ The Network of
Myanmar American Association က ဦးစီးကျင်းပတာ ဖြစ်ပြီး ဒီနှစ်မှာ ခြောက်ကြိမ်မြောက်
ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

နဝရတ်က 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ'ဇာတ်ကားထဲမှာ ဇာတ်ရုပ်နှစ်မျိုးကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်
ထားတာဖြစ်ပြီး သူကိုယ်တိုင် အစအဆုံး အားသွန်ခွန်စိုက်ကြိုးပမ်းထားတဲ့ ရုပ်ရှင်ကားဟာ အခုလို
နိုင်ငံရပ်ခြားက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိတာကြောင့် အရမ်းဝမ်းသာရတယ်လို့
ပြောပါတယ်။

"အရမ်းဝမ်းသာတယ်။ နဝရတ်နဲ့ နဝရတ်ရဲ့ ပရိသတ်ကြီးပိုပြီး ရင်းနှီးလာတယ်၊ တစ်သားတည်းကျ
လာတယ်လို့ ခံစားရတယ်။ မြန်မာပြည်ပရိသတ်တွေ သာမက နိုင်ငံရပ်ခြားက ပရိသတ်တွေလည်း
စိတ်ဝင်စားလို့ ပိုပြီးယုံကြည်မိတယ်။ အမေရိကန်ရောက် မြန်မာတွေရဲ့ တုံ့ပြန်မှုကိုတော့ ဒီကလူ
တွေဆီကထက် ပိုပြီးတော့ မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တွေက ဟိုမှာ
တကူးတက သွားပြရတာလေ။ ပြီးတော့ အစ်မကိုယ်တိုင်က ဒီလိုမျိုး ပရိသတ် လူနည်းစုလေးနဲ့
စည်းစည်းလုံးလုံးနဲ့ သူတို့ သိချင်တာတွေမေး၊ ကိုယ်ကလည်း ဖြေပေးပြီး လှိုက်လှိုက်လှဲလှဲနဲ့
နွေးနွေးထွေးထွေး ဆက်ဆံပေးမယ်လို့ မျှော်လင့်တယ်။ ဖြစ်ချင်ပါတယ်" လို့လည်း ပြောပါတယ်။

ပွဲတော်မှာ ပြသမယ့်အပြင် အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ လူငယ်များအဖွဲ့ရဲ့ စီစဉ်မှုဖြင့်
home theater တစ်ခုမှာ နှစ်ပွဲထပ်ပြီး ပြသသွားမယ် လို့လည်း ပြောပြပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံကို မသွားရောက်ခင် ဩဂုတ်လထဲမှာလည်း မလေးရှားနိုင်ငံမှာ
'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' ပြသသွားဖို့ စီစဉ်ထားပြီး ဖိလစ်ပိုင်နိုင်ငံကလည်း အာရှရုပ်ရှင်ကားအနေနဲ့
ပြသဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်ထဲမှာ ပြသခဲ့တဲ့ ဇာတ်ကားစာရင်းဝင်တာကြောင့် အကယ်ဒမီအတွက်
ရင်ခုန်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပြန်ပါတယ်။

"အစ်မကတော့ နှစ်တိုင်း ရင်ခုန်နေတာပါပဲ။ ပရိသတ်ပေးတဲ့ အကယ်ဒမီကို ခဏခဏ ပိုင်ဆိုင်ပြီး
ပါပြီ။ တိမ်မင်းသမီးကတော့ နဝရတ် တစ်ယောက်တည်းအတွက် မဟုတ်ဘဲ ပါ၀င်တဲ့လူတွေ
အကုန်လုံး ကောင်းကြတာဖြစ်လို့ အကုန်လုံးကို နဝရတ်နဲ့ အတူရစေချင်တယ်"လို့ ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး