တစ်ပွင့်ချင်းစီရဲ့စွမ်းအားနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ 'ပန်းရဲ့လမ်း'အဖွဲ့

တစ်ပွင့်ချင်းစီရဲ့စွမ်းအားနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ 'ပန်းရဲ့လမ်း'အဖွဲ့

'ပန်းရဲ့လမ်း' ဂီတအဖွဲ့ငယ်လေးဟာ ပြည်တွင်းစစ်ဘေးသင့် ကချင်ဒေသခံတွေကို ကူညီဖို့အတွက် ရန်ကုန်မြို့ ပေါ်က လက်ဖက်ရည်ဆိုင်တွေမှာ လှည့်လည်ဖျော်ဖြေပြီး အလှူခံနေတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

'ပန်းရဲ့လမ်း' ဂီတအဖွဲ့ငယ်လေးဟာ ပြည်တွင်းစစ်ဘေးသင့် ကချင်ဒေသခံတွေကို ကူညီဖို့အတွက်
ရန်ကုန်မြို့ ပေါ်က လက်ဖက်ရည်ဆိုင်တွေမှာ လှည့်လည်ဖျော်ဖြေပြီး အလှူခံနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်
ပါတယ်။

၂၀၁၂ ခုနှစ်၊ မေလကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့လေးဟာ သူတို့ရဲ့ဖျော်ဖြေပွဲတွေမှာ ၁၉၆၂
ကနေ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တစ်လျှောက် ဆင်ဆာပိတ်ခံထား
ရတဲ့ 'ခွန်အားဖြည့် မိငယ်'၊ 'ပန်းရဲ့ လမ်း'၊ 'ပန်းခရမ်းပြာ' နဲ့ 'နဒီမင်္ဂလာ' သီချင်းတွေအပါအဝင်
ငြိမ်းချမ်းရေးတေးသီချင်းတွေကို တီးခတ်သီဆိုကြသလို ပရိသတ်တွေကလည်း စစ်ဘေးဒုက္ခသည်
တွေကိုကူညီဖို့နဲ့ စစ်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိဖို့ အလေးထားတဲ့ သူတို့ရဲ့ရည်ရွယ်ချက်
ကို လေးစားကြတာကြောင့် အလှူငွေတွေ ထည့်ဝင်ကြပါတယ်။

ဒီအဖွဲ့လေးကို မွေးဖွားခဲ့သူကတော့ မဇ္စျိမလှိုင်းတေးဂီတအဖွဲ့မှ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ တေးရေး၊
တေးဆို ကိုရဲလွင်ပဲ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် အတွင်းမှာ ရာသီဥတု ဆိုးရွားလွန်းတာကြောင့် ရေပြတ်နေတဲ့ သန်လျင်ဘက်မှာ
ရေသွားလှူရာကနေ 'ဂစ်တာလေးသယ်သွားရင် အကောင်းသား'ဆိုတဲ့ အတွေးဟာ အကူအညီ
လိုအပ်နေသူတွေအတွက် တီးဝိုင်းကလေးနဲ့ သီချင်းဆိုအလှူခံဖို့အတွက် သန္ဓေစတည်ရာဖြစ်ခဲ့တယ်
လို့ သူက ပြောပြပါတယ်။

"ရေလှူဖို့သွားရင်း သီချင်းလောကသားတွေလည်းပါတော့ ဂစ်တာလေး သယ်လာလိုက်ရင်
ကောင်းမယ်လို့ စိတ်ကူးဖြစ်တယ်။ ဒါပေမဲ့ အဲဒီမှာ သီချင်းမဆိုဖြစ်ခဲ့ပါဘူး"လို့ ကိုရဲလွင်က
မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

'ပန်းရဲ့လမ်း'ကို စတင်ချိန်မှာ သူနဲ့ ကိုတိုးလွင်(ဥတ္တရအလင်း)၊ ကိုသားထွေးနဲ့ ဒီချစ်မျိုးတို့ လေးဦး
သာ အဖွဲ့ဝင်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ဂီတကို စိတ်ဝင်စားပြီး လှုမှုရေးစိတ်ဓာတ်ရှိတဲ့ အဖွဲ့ဝင်တွေ
တော်တော်များများ ပါ၀င်လာကြတယ်လို့ ဆိုပါတယ်။

"အဲဒီအချိန်မှာ သီချင်းဆိုခွင့်ကို ပါမစ်တင်ရပါတယ်။ ပါမစ်မတင်ချင်ရင် ဘီယာဆိုင်သွားဆိုလို့
ပြောပါတယ်။ ကျွန်တော်တို့က ဘီယာဆိုင်မှာတော့ မဆိုချင်ဘူး၊ လက်ဖက်ရည်ဆိုင်မှာ ဂစ်တာတီး
ပြီး သီချင်းဆိုချင်ပါတယ်။ ကိုတိုးလွင်နဲ့ ကျွန်တော် နှစ်ယောက် ဘာမှလည်း ပြင်ဆင်မထားဘဲ
တနင်္ဂနွေနေ့မှာ လက်ဖက်ရည်ဆိုင်မှာ သွားဆိုကြမယ်ဆိုပြီး စိတ်ကူးပေါက်လိုက်တယ်"လို့ သူတို့ရဲ့
ပထမဆုံး အလှူခံဖျော်ဖြေမှုကို ပြောပြပါတယ်။

သူတို့ ပရဟိတဂီတရဲ့ အဖွဲ့အမည်ကိုတော့ ကဗျာဆရာ ကိုဒီချစ်မျိုး အကျဉ်းကျစဉ်က ရေးစပ်ထား
တဲ့ 'ပန်းရဲ့လမ်း' ကဗျာခေါင်းစဉ်ကို အစွဲပြုပေးထားပြီး အဲဒီကဗျာကိုပဲ ကိုရဲလွင် က သံစဉ်ထည့်ပြီး
သီချင်းအဖြစ် စပ်ဆိုခဲ့ပါတယ်။

'ပန်းရဲ့လမ်း'သီချင်းဟာ အယ်လ်ဘမ်အဖြစ် ထွက်ပေါ်မလာသေးပေမယ့် လက်ဖက်ရည်ဆိုင်တွေ
လှည့်လည်ဖျော်ဖြေနေတဲ့ သူတို့အဖွဲ့ ကြောင့်ပဲ ပရိသတ်နားထဲစွဲနေတဲ့ တေးတစ်ပုဒ် ဖြစ်လို့နေပါပြီ။

ဒါပေမဲ့ သူတို့အဖွဲ့ရဲ့ အစခရီးလမ်းဟာ ပန်းခင်းလမ်းလို ချောမွေ့နေတာတော့ မဟုတ်ပါဘူး။

"ရင်းနှီးဖူးတဲ့ မိတ်ဆွေတွေရဲ့ လက်ဖက်ရည်ဆိုင်တွေမှာ သီချင်းဆိုကြမယ်လို့ပြောတော့ မိတ်ဆွေ
တွေကလည်း လာခဲ့ပါဆိုတာနဲ့ စဆိုဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က မိုက်ခရိုဖုန်းလည်း မရှိ၊ ဟောလို
ဂစ်တာလေးနဲ့ လက်ဖက်ရည်ဆိုင်မှာ သီချင်းဆိုရတာဆိုတော့ အသံတွေက ရှုပ်ထွေးပြီး
ကောင်းကောင်းလည်း မကြားဘူး။ မနက်ခင်းလက်ဖက်ရည်လာသောက်တဲ့ သူတွေက ဘာကြောင့်
အခုလို လက်ဖက်ရည်ဆိုင်မှာ သီချင်းဆိုရတာလဲလို့ မေးကြတယ်"လို့ ကိုရဲလွင်က ပြောပြပါတယ်။

အသံပိုင်းဆိုင်ရာအပြင် သူတို့အတွက် နောက်ထပ်စိန်ခေါ်မှု တစ်ခုကတော့ သူတို့ရဲ့ရည်ရွယ်ချက်ကို
ပြည်သူတွေ သိအောင် လုပ်ရတာပဲဖြစ်ပါတယ်။

"အဲဒီလို သီချင်းဆိုရင်း ကျွန်တော်တို့က အလှူငွေ လိုက်ကောက်တယ်။ တစ်ဖက်ကလည်း သူတို့
တော်တော်အံ့ဩသွားတယ်။ အခုလို လူမြင်ကွင်းကြီး လက်ဖက်ရည်ဆိုင်ထဲက မြေပြင်ပေါ်မှာပဲ၊
လူတွေကြားထဲမှာ သီချင်းဆိုရင်း အလှူတွေလည်းခံသွားတော့ ဘာဆက်လုပ်ကြမလို့လဲလို့
တချို့က မေးကြတယ်"လို့ သူတို့အတွေ့အကြံုတွေကို ပြောပြပါတယ်။

"ဒီတော့ ကျွန်တော်တို့က ပြောပြတယ်။ 'ကချင်စစ်က ပြန်ဖြစ်နေပြီ။ တိုင်းပြည်ကလည်း မသိသေး
ဘူး။ စစ်ရပ်စဲထားတာ ကျိုးပေါက်သွားပြီ။ ပြန်တိုက်နေကြပြီဆိုတဲ့ မက်ဆေ့ချ်လေး လူတွေကြားထဲ
ရောက်အောင် လုပ်ပေးရင်း စစ်ဘေးဒုက္ခရောက်နေတဲ့သူတွေအတွက် အလှူခံတာပါ" လို့ ပြောပြ
တယ်။

ကျွန်တော်တို့ ရည်ရွယ်ချက်က စစ်ရပ်စဲပြီး ငြိမ်းချမ်းသွားဖို့ဆိုတဲ့အကြောင်းကိုလည်းပြောပြတယ်"
လို့လည်း ပြောပြပါတယ်။

သူတို့အဖွဲ့မှာ အစပိုင်းမှာပဲ အလှူငွေ ၁၀ သိန်းကျော်ရခဲ့တာကြောင့် ချက်ချင်းဆိုသလိုပဲ မန္တလေးမှာ
ရှိတဲ့ 'စိမ်းရောင်စို'အဖွဲ့ကနေ တစ်ဆင့် ကချင်စစ်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တယ်
လို့ဆိုပါတယ်။

"မမျှော်လင့်ဘဲ အလှူငွေတွေ အများကြီးရလိုက်တယ်။ ပျော်လည်းပျော်တယ်။ တစ်ခါမှ ပိုက်ဆံ
အဲဒီလောက်များများ မကိုင်ဖူးတော့ ရထားပေါ်မှာ ပိုက်ဆံအိတ်နဲ့ အသားနဲ့ ထိထားတယ်။ မန္တလေး
ကိုလာမယ်ဆိုတဲ့ သတင်းက ဖြစ်သွားတော့ ပရိသတ်က စောင့်နေတယ်။ ဟိုမှာ ပိုက်ဆံတွေကို
'စိမ်းရောင်စို'အဖွဲ့ကိုပဲ လွှဲပေးထားခဲ့ပြီး ရန်ကုန်ကို ပြန်တက်လာခဲ့တယ်" လို့ သူတို့အဖွဲ့ရဲ့ ပထမဆုံး
အလှူပွဲလေးအကြောင်းကို ကိုရဲလွင်က ပြောပြပါတယ်။

ရန်ကုန်ကို ပြန်ရောက်လာတဲ့အခါမှာ 'ပန်းရဲ့လမ်း'အဖွဲ့ဟာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရန်ကုန်
တိရစ္ဆာန်ရုံအနီးက ဂွတ်မောနင်း လက်ဖက်ရည်ဆိုင်အပြင် စိတ်တိုင်းကျ၊ လက်ကီးဆဲဗင်းနဲ့
တော်ဝင်နှင်းဆီ စတဲ့လက်ဖက်ရည်ဆိုင်တွေမှာလည်း လိုက်လံဖျော်ဖြေရင်း ဆက်လက်အလှူခံ
ခဲ့တယ်လို့ ဆိုပါတယ်။

"တချို့ဆိုင်တွေကိုတော့ ကြိုမပြောထားဘူး။ ဖြတ်သွားရင်းနဲ့ ၀င်ဆိုတယ်။ ဆိုတော့လည်း
ပရိသတ်က အားပေးတယ်။ ပရိသတ်ကလည်း ငြိမ်းချမ်းရေးသီချင်းတွေ ငတ်နေတဲ့အချိန်ဆိုတော့
သဘောကျကြတယ်"လို့ပြောပြပါတယ်။

တစ်ဖက်ကလည်း သက်ဆိုင်ရာကနေ သူတို့ဆိုတဲ့သီချင်းတွေကို ဆင်ဆာတင်ခိုင်းတာတွေနဲ့
သီချင်းဆိုခွင့်ရရှိဖို့ ပါမစ်လျှောက်ခိုင်းတာစတဲ့ ဖိအားပေးမှုတွေကို ကြံုခဲ့ရတယ်လို့ ကိုရဲလွင်က
ပြောပြပါတယ်။

"ပါမစ်မတင်ဘဲနဲ့ ဆိုရင်ကော မရဘူးလား၊ သူများကို ဆဲတာလည်း မဟုတ်ဘူး၊ အချင်းချင်း မေတ္တာ
ထားဖို့ ဆိုတာဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ဆက်ဆိုမယ်လို့ ဆုံးဖြတ်ပြီး 'ပန်းရဲ့လမ်း'အဖွဲ့ဟာ
ဆက် လျှောက်လှမ်းခဲ့တယ်"လို့ပြောပါတယ်။

ဒါပေမဲ့ သူတို့အဖွဲ့လာရင် လက်မခံပါနဲ့ဆိုတဲ့ အာဏာပိုင်တွေပြောသွားတာတွေကို နောက်အပတ်
တွေမှာ လက်ဖက်ရည်ဆိုင်ရှင်တွေဆီက ပြန်ကြားရတယ်လို့လည်း ပြောပြပါတယ်။

"ဆိုနေရင်းတန်းလန်းနဲ့ မဆိုပါနဲ့ဆိုပြီး လာတားတာမျိုး ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေမှာ
နှစ်ခါကြံုရတယ်။ ဆိုင်ရှင်ကလည်း အားနာတော့ 'ဒီတစ်ပုဒ်ပြီးရင် တော်ပါတော့' ဆိုပြီး အလှူငွေ
တွေ ပုံထည့်တယ်"လို့ သူတို့ ကြံုရပုံကို ဆက်ပြောပါတယ်။

'ပန်းရဲ့လမ်း'အဖွဲ့ဟာ ရန်ကုန်က လက်ဖက်ရည်ဆိုင်တချို့မှာ တားမြစ်ခံရတာတွေ ကြံုလာရတဲ့အခါ
နယ်တွေသွားပြီး သီဆိုဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အတားအဆီးကတော့ ဘယ်နေရာပဲသွားသွား မလွတ်ပါဘူး။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ မှာ မကွေးတိုင်းဒေသကြီးက ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ်
တွေမှာ သီချင်းဆိုနေရင်း အာဏာပိုင်တွေရဲ့ တားဆီးမှုကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဂရုမစိုက်ဘဲ ဆက်ပြီးတော့ ဖျော်ဖြေခဲ့တာကြောင့် သူတို့အဖွဲ့ သီဆိုဖျော်ဖြေ နိုင်အောင်
အကူအညီပေးခဲ့တဲ့ မကွေးမြို့ခံတစ်ဦးဟာ တရားစွဲဆိုခံခဲ့ရတယ်လို့ ပြောပြပါတယ်။

"အရင်ကဆို 'ပန်းရဲ့လမ်း' သွားလေရာမှာ တားမြစ်တာမျိုး ကြံုရတယ်။ လက်ခံတဲ့ဆိုင်ကိုလည်း
အရေးယူမယ်ဆိုတာမျိုး ကြံုရတယ်။ ကျွန်တော်တို့လည်း ပြဿနာမဖြစ်ချင်တော့ မတရား
ပိတ်ဆို့မှုတွေမရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာပဲ သွားဆိုတော့တယ်။ ဥပမာ- စိတ်တိုင်းကျ
လက်ဖက်ရည်ဆိုင်လိုပေါ့။ အားရပါးရလည်း ဆိုရတယ်။ အလှူငွေလည်း ကောင်းကောင်းထည့်ကြ
တယ်။ မတရား တားမြစ်တာတွေဘာတွေလည်း မရှိဘူး။ တစ်ပတ်တစ်ခါ အဲဒီလိုဆိုင်မျိုး သုံးဆိုင်
လောက်သွားတယ်"လို့ ပြောပါတယ်။

ခုနောက်ပိုင်းမှာတော့ သူတို့ရဲ့ ပရဟိတဂီတအဖွဲ့ကို သတိပေးတား မြစ်တာမျိုးဟာ မရှိတော့
သလောက် ဖြစ်သွားပေမယ့် ရန်ကုန်က တချို့နေရာ တွေမှာတော့ ကြံုနေရသေးပါတယ်လို့ အဖွဲ့ဝင်
တစ်ဦးဖြစ်တဲ့ ကိုသားထွေးက ပြောပြပါတယ်။

"လှိုင်မြို့နယ်နဲ့ တာမွေက လက်ဖက်ရည်ဆိုင်တချို့မှာဆို အခုထက်ထိ 'ပန်းရဲ့လမ်း' အဖွဲ့ဖျော်ဖြေဖို့
အခက်အခဲရှိပါတယ်။ လုံးဝမဆိုဖို့ တားမြစ်တာမဟုတ်ပေမယ့် သီချင်းဆိုဖို့ ပါမစ်တင်ခိုင်းတယ်။
ကျွန်တော်တို့အဖွဲ့ကလည်း ကိုယ်ကျိုးစီးပွားလုပ်တာမဟုတ်ဘဲ လူမှုရေးအဖွဲ့လည်း ဖြစ်တယ်၊
ဖျော်ဖြေရေးလုပ်တာကလည်း အကျဉ်းရုံးလေးဆိုတော့ ပါမစ်မတင်ချင်ဘူး"လို့ပြောပါတယ်။

"တချို့ဆိုင်တွေက ခေါ်ချင်ပေမယ့် ကြောက်ကြတယ်။ ကျွန်တော်တို့ကလည်း ဆိုင်ရှင် ထိခိုက်မှာ
စိုးလို့ ရှောင်တယ်"လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ရွှေဂုံတိုင်လမ်းပေါ်က 'တော်ဝင်နှင်းဆီ'ဆိုင်ကတော့ သူတို့ 'ပန်းရဲ့ လမ်း' စတင်ကတည်းက
အစဉ်တစိုက် ပံ့ပိုးအားပေးခဲ့တဲ့ ဆိုင်ဖြစ်တယ်လို့ဆိုပြီး အဲဒီမှာ တစ်ပတ်တစ်ခါ သွားဖျော်ဖြေပြီး
အလှူခံဖြစ်တယ်လို့ အသက် ၅၀ ရှိပြီဖြစ်တဲ့ ကိုသားထွေးက ပြောပါတယ်။

ပြီးတော့ သူက "ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရသေးသ၍ ကျွန်တော်တို့ သီချင်းဆိုပြီး
အလှူငွေကောက်ခံသွားမှာဖြစ်ပါတယ်"လို့လည်း သူတို့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး