မြန်မာနိုင်ငံမှ ရုပ်ရှင်ဖန်တီး ထုတ်လုပ်သူတွေနဲ့ အနုပညာရှင်တွေရဲ့ အနုပညာ အရည်အသွေးကို ဟောလိ၀ုဒ်မှ မြန်မာလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေဆီကို ဖလှယ်တဲ့အနေနဲ့ ကျင်းပပြုလုပ်တဲ့ မြန်မာရုပ်ရှင်ပွဲတော်ကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့ရှိ Downtown Independent Theater တွင် ...
မြန်မာနိုင်ငံမှ ရုပ်ရှင်ဖန်တီး ထုတ်လုပ်သူတွေနဲ့ အနုပညာရှင်တွေရဲ့ အနုပညာ အရည်အသွေးကို
ဟောလိ၀ုဒ်မှ မြန်မာလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေဆီကို ဖလှယ်တဲ့အနေနဲ့ ကျင်းပပြုလုပ်တဲ့
မြန်မာရုပ်ရှင်ပွဲတော်ကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့ရှိ Downtown
Independent Theater တွင် (၆)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။
ပွဲနေ့မှာ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် မှတ်တမ်းရုပ်ရှင် လေးကားနဲ့ အခုလက်ရှိ ရုံတင်ပြသနေတဲ့ မြန်မာ့
အဆင့်မြင့်ရုပ်ရှင် 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' ဇာတ်ကားတို့ကို ပြသသွားမယ်လို့ သိရပါတယ်။
"မြန်မာရုပ်ရှင်ပွဲတော်ကို လော့စ်အိန်ဂျလိစ်မှာရှိတဲ့ မြန်မာတွေကို ပြသဖို့အတွက်ပဲ ရည်ရွယ်တာ
မဟုတ်ပါဘူး။ မြန်မာမဟုတ်တဲ့ နိုင်ငံခြားသား တွေကိုလည်း ရည်ရွယ်ပါတယ်" လို့ ပွဲစီစဉ်သူဖြစ်တဲ့
ဦးအောင်နိုင်က ပြောပါတယ်။
ပွဲစီစဉ်ရခြင်းအဓိက ရည်ရွယ်ချက်ကတော့ "မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားမှု ပိုမြင့်မားလာစေရန်
နဲ့ မြောက်အမေရိကားမှာ မြန်မာ့အနုပညာ စွမ်းရည်တွေကို ဖော်ထုတ်ပြသလိုပြီး ရုပ်ရှင်တွေမှ
တစ်ဆင့် မြောက်အမေရိကားက ရုပ်ရှင်လုပ်ငန်းတွေမှာ စီးပွားရေးအနေနဲ့ပါ စွမ်းဆောင်ပါ၀င်လိုတဲ့
ရုပ်ရှင်ဖန်တီးသူတွေကိုလည်း မြေတောင်မြှောက်ပေးတဲ့ အနေနဲ့ကျင်းပရခြင်းဖြစ်ပါတယ်။ ပြီးတော့
အမေရိကန် ပရိသတ်တွေကိုလည်း တိုးတက်လာပြီဖြစ်တဲ့ မြန်မာရုပ်ရှင်ကို ပြသချင်ပါတယ်" လို့
သူကဆိုပါတယ်။
ရုပ်ရှင်ပွဲတော်အများစုက ပြိုင်ပွဲဝင် ဇာတ်ကားများ ဖိတ်ခေါ်ပြီဆိုရင် ခေါင်းစဉ်တွေ သတ်မှတ်ထား
တတ်ပေမယ့် မြန်မာရုပ်ရှင်ပွဲတော်မှာတော့ ကန့်သတ်ချက်ဖြစ်မှာ စိုးတဲ့အတွက် တိတိကျကျ
ခေါင်းစဉ်ရယ်လို့ မသတ်မှတ်ထားဘူးလို့ သိရပါတယ်။
"ကျွန်တော်တို့ ဖြစ်ချင်တာက ရသအမျိုးမျိုးသော ရုပ်ရှင်တွေကို ဒီမှာရှိတဲ့ ပရိသတ်တွေကို ပြသ
ချင်တာပါ။ အကယ်၍ ခေါင်းစဉ်တစ်ခု သတ်မှတ်လိုက်မယ်ဆို အရမ်းကို ကျဉ်းမြောင်းတဲ့ ကန့်သတ်
ချက်တစ်ခု ဖြစ်သွားပြီး ရုပ်ရှင်တွေကို ရွေးချယ်တဲ့အခါမှာလည်း အခက်အခဲတစ်ခု ဖြစ်သွားမှာပါ"
လို့ ဦးအောင်နိုင်က ဆိုပါတယ်။
ပြိုင်ပွဲဝင်အနေနဲ့ကတော့ မြန်မာလူမျိုးမှမဟုတ်ပဲ တခြားလူမျိုးများလည်း ပါ၀င်ယှဉ်ပြိုင်ခွင့်ရမှာ
ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် ဇာတ်ကားအားလုံးထဲက နောက်ဆုံး ဆန်ခါတင်အနေနဲ့ မှတ်တမ်းရုပ်ရှင် လေးကား
ရွေးချယ်ထားပြီး ပွဲနေ့မှာတော့ ဆုတွေကို ကြေညာပေးသွားမှာပါတဲ့။
နောက်ဆုံး ဆန်ခါတင် အရွေးခံရတဲ့ မှတ်တမ်းရုပ်ရှင်တွေက ဒါရိုက်တာ ရွှန်းလဲ့ဆွေရည်ရဲ့ မြန်မာ့
လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါ၀င်ခဲ့တဲ့ သခင်ထိန်ဝင်းရဲ့ အိမ်ကြီးအကြောင်းကို မှတ်တမ်းအဖြစ်
ရိုက်ကူးတင်ဆက်ထားတဲ့ "My Grandfather's House"၊ အသက် ၄၅ နှစ်အရွယ် ဆရာဝန်
တစ်ယောက်ရဲ့အကြောင်း (စာရေးဆရာမ ဂျူး ပါ၀င်ပုံဖော်ပေးထားတဲ့) ကို တင်ဆက်ထားတဲ့
ဒါရိုက်တာ သည်မော်နိုင်ရဲ့ "The Clinic" ၊ ဒါရိုက်တာ လေးသီတာရဲ့ "Bungkus" ကတော့
ချင်းမိန်းကလေးတွေကို မလေးရှားမှာရှိတဲ့ မြန်မာတွေနဲ့ လက်ထပ်ဖို့ ပါဆယ်အနေနဲ့ ထည့်ပေး
လိုက်တယ် ဆိုတဲ့အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ ဒါရိုက်တာ
၀ါ၀ါလှိုင်ရဲ့ ရန်ကုန်မှာရှိတဲ့ မြန်မာ၊ မွတ်စလင် အဖွဲ့အစည်းတွေအကြောင်းကို တင်ဆင်ထားတဲ့
"The Koran and Karate" တို့ဖြစ်ပါတယ်။
ဒါရိုက်တာ နေပိုင် ရိုက်ကူးပြီး ရဲအောင်၊ နေအောင်၊ ထွန်းထွန်းဝင်း၊ ဟိန်းဝေယံ၊ နဝရတ်နှစ်ကိုယ်ခွဲ၊
ထွန်းအိန္ဒြာဗို၊ မေသ ဉ္ဇာဦး၊ မို့မို့အေးနဲ့ ယွန်းယွန်းတို့ အဓိကပါ၀င် သရုပ်ဆောင်ထားတဲ့
'တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ'ကိုတော့ ပရိသတ်များကို ဖျော်ဖြေရေးအနေနဲ့ ပြသမှာဖြစ်တယ်လို့
သိရပါတယ်။
"ကျွန်တော်တို့ ရုပ်ရှင်ကိုတော့ ဟာသနဲ့ အက်ရှင်တွေကို မရွေးပါဘူး။ တိမ်မင်းသမီးဆိုရင် နဝရတ်
က နယ်မြို့ လေးက မိန်းကလေးအနေနဲ့ သရုပ်ဆောင်တဲ့အခါမှာဆို မြန်မာအမျိုးသမီး တစ်ယောက်
ရဲ့တန်ဖိုးကို မြင်တွေ့ နိုင်တယ်။ ပြီးတော့ ဇာတ်လမ်းထဲက ဇာတ်ကွက်တွေမှာဆိုရင် ပုဂံရဲ့ အလှအပ
တွေ မြင်ရတယ်။ ဒီဇာတ်ကားလေးက မြန်မာနိုင်ငံက လူတွေရဲ့ အနှစ်သာရအမျိုးမျိုးကို မြင်တွေ့နိုင်
တယ်"လို့လည်း ဦးအောင်နိုင် ကဆိုပါတယ်။
"လာမယ့် စက်တင်ဘာ ၁၀ ရက်နေ့ဆို မြန်မာနိုင်ငံက ထွက်ဖြစ်မှာပါ။ ပရိသတ်တွေဆီက
ကောင်းတဲ့ တုံ့ပြန်မှုတွေ ရဖို့လည်း မျှော်လင့်မိတယ်။ ဘာလို့လဲဆိုတော့ နဝရတ်တို့ အကုန်လုံး
ဒီကားလေးမှာ ကြိုးစားထားကြတယ်။ ပြီးတော့ မြန်မာနိုင်ငံကနေ သူတို့ဆီကို တကူးတကတောင်
သွားပြရတာဆိုတော့ ပိုမျှော်လင့်မိတယ်။ ပြသချိန်ပြီးသွားတာနဲ့ သူတို့ သိချင်တာလေးတွေကို
နဝရတ်ကို မေးပြီး နဝရတ်ကလည်း ပြန်ဖြေပေးချင်တယ်။ အကုန်လုံး ရင်းရင်းနှီးနှီးလေးနဲ့ ဖြစ်စေချင်
တယ်" လို့ နဝရတ်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
မြန်မာရုပ်ရှင်ပွဲတော်ကို ပညာရေးနဲ့ လူမှုရေးဆိုင်ရာကိစ္စတွေကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံရဲ့
အနုပညာ၊ ယဉ်ကျေးမှုတွေကိုလည်း အမေရိကန်မှာ လူသိလာစေရန် ရည်ရွယ်ပြီး လုပ်ဆောင်တဲ့
"The Network of Myanmar-American Association" အဖွဲ့အစည်းက ဦးဆောင်ကျင်းပတာ
ဖြစ်ပါတယ်။
















